DVB Logo
Home
မြန်မာသတင်း
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” တော်လှန်ရေးရုပ်ရှင် အွန်လိုင်းမှ အခမဲ့ကြည့်ရှုနိုင် (ရုပ်သံ)
DVB
·
July 19, 2023
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” တော်လှန်ရေးရုပ်ရှင် အွန်လိုင်းမှ အခမဲ့ကြည့်ရှုနိုင် (ရုပ်သံ)
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့ကြတဲ့ တော်လှန်အနုပညာရှင်တွေ ရိုက်ကူးထားတဲ့ တော်လှန်ရေး ရုပ်ရှင်ဇာတ်လမ်းတို “မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” ကို အွန်လိုင်းပေါ်ကနေ အခမဲ့ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

လွတ်မြောက်နယ်မြေထဲမှာ SONY ကင်မရာနဲ့ ရိုက်ကူးထားပြီး ပြသချိန် ၁၉ မိနစ်ကြာမြင့်တဲ့ ဒီကားကိုတော့ တော်လှန်အနုပညာရှင် ဒါရိုက်တာဏကြီးက ဖန်တီးရိုက်ကူးထားခဲ့တာဖြစ်ပြီး သရုပ်ဆောင် အောင်မြင့်မြတ်၊ ပိုင်ဖြိုးသုနဲ့ ကောင်းကောင်း (ကျီးကန်း) တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားကို ပြီးခဲ့တဲ့ မတ် ၂၆ ရက်​က​နေ ဇွန် ၁၇ ရက်​အထိ အချိန် ၂ လခွဲဝန်းကျင်အတွင်း ကမ္ဘာအနှံ့နိုင်ငံ​ပေါင်း ၁၄ နိုင်ငံက မြို့ကြီး ၃၇ မြို့မှာ လှည့်လည်ပြသနိုင်ခဲ့ပြီး ပြည်သူတွေရဲ့ တခဲနက် အား​ပေးမှု​ကြောင့် ရရှိလာတဲ့ ရန်ပုံ​ငွေ​တွေကိုလည်း ​မြေပြင်​တော်လှန်​ရေးအင်အားစုများဆီသို့ ခွဲ​ဝေ​ထောက်ပို့ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ “မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” ရုပ်ရှင်ဇာတ်လမ်းတိုကို ဇူလိုင် ၁၉ ရက် ည​နေပိုင်းက​နေစပြီး ဒီရုပ်ရှင် ဖြစ်​မြောက်​​ရေးအတွက် တဖက်တ လမ်းက ပံ့ပိုးကူညီ​ပေးခဲ့တဲ့ "Asia Justice and Rights - AJAR" ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ - https://www.facebook.com/asiajusticeandrights  မှာ အခမဲ့ (Free to Air) ဝင်​ရောက်ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

“ကျ​နော်တို့အားလုံး လက်ရှိ ရှင်သန်ရင်ဆိုင်နေရတဲ့ အခင်းအကျင်း၊ ဖြတ်သန်း​နေရတဲ့ လူမှုဝန်းကျင်ရဲ့ အမှန်တရား​တွေကို ထင်ဟပ်ပုံ​ဖော်ရိုက်ကူးထားတဲ့ “မပြီး​သေးဘူး ငါတို့အလှည့်ကျန်​သေးတယ်” ​​တော်လှန်ရုပ်ရှင်ကို ဘယ်​တော့ ကြည့်ရမလဲ... ဘယ်လို ကြည့်ခွင့်ရမလဲလို့ တ​မေးထဲ ​မေး​နေကြတဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံအသီးသီးက ​တော်လှန်​သွေး​နွေးဆဲ အမျိုးများအားလုံးအတွက် မနက်ဖြန်… ည​နေပိုင်းက​နေစပြီး အခမဲ့ဝင်​ရောက်ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အ​ကြောင်း ကြိုတင်သတင်း​ကောင်းပါး ​ကြေငြာလိုက်ရပါတယ်ခင်ဗျာ။”

ဒါရိုက်တာဏကြီးဟာ ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ်တုန်းကလည်း “နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်လမ်းတိုကို သရုပ်ဆောင်မင်းသား ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရိုက်ကူးပုံဖော်ခဲ့ပြီး တော်လှန်ရေးအတွက် တဖက်တလမ်းကနေ ရန်ပုံငွေရှာဖွေပေးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာမည် ကျော် အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ ဒါရိုက်တာဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ အပါအဝင် အနုပညာရှင်များစွာ ပါဝင်နေခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ မတရား ပုဒ်မတပ် ထောင်ဒဏ်တွေ ချမှတ်ထားတာတွေလည်း ရှိနေပြီး ခုချိန်ထိ မလွတ်မြောက်သေးတဲ့ အနုပညာရှင်တွေလည်း ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013