DVB Logo
Home
မြန်မာသတင်း
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” နှင့် “ရှိခဲ့သည်” တော်လှန်ရေးဇာတ်လမ်း ၂ ကား အမေရိကန်တွင် ပြသမည်
DVB
·
March 23, 2023
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” နှင့် “ရှိခဲ့သည်” တော်လှန်ရေးဇာတ်လမ်း ၂ ကား အမေရိကန်တွင် ပြသမည်
Donate to DVB

ဒါရိုက်တာဏကြီး ရိုက်ကူးထားတဲ့ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်ဇာတ်လမ်းတိုနဲ့ Cobra Column က ဒါရိုက်တာ ဂီဒေါင်တို့ ရိုက်ကူးထားတဲ့ “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်လမ်းတို နှစ်ကားကို လာမယ့် မတ် ၂၆ ရက်ကစပြီး ပြသသွားမယ်လို့ ဒီကနေ့ မတ်လ ၂၃ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

ဒါရိုက်တာ ဏကြီး ရိုက်ကူးပြီး အောင်မြင့်မြတ်၊ ပိုင်ဖြိုးသုတို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ "မပြီးသေး ဘူးငါတို့အလှည့်ကျန်သေးတယ်" နဲ့ Cobra Column က ဒါရိုက်တာ ဂီဒေါင် ရိုက်ကူးထားပြီး တော်လှန်ရေး ရဲဘော်တွေဖြစ်တဲ့ ရဲနောင်၊ ခိုင်မင်း တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ "ရှိခဲ့သည်" ရုပ်ရှင်ဇာတ်လမ်းတို ၂ ကားကို အမေရိကန်နိုင်ငံ Fort Wayne မှာ လာမယ့် မတ်လ ၂၆ ရက်ကနေစပြီး ပူးတွဲပြသသွားမယ်လို့ ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်၊

“ကျနော်တို့ ဒီကားနှစ်ကားစလုံး ပူးတွဲပြသသွားမှာပါ ၊ လာမယ့် ၂၆ ရက်ကနေစပြီးတော့ အမေရိကန်နိုင်ငံ Fort Wayne မှာ စပြမှာပါ၊ အရင်ဆုံး အမေရိကန်က ၃ မြို့နဲ့ တခြား ကိုရီးယား၊ ဂျပန်၊ မလေးရှားနဲ့ ထိုင်းမှာလည်း ပြမှာပါ၊ ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးကြည့်နိုင်အောင်စီစဉ်ထားပါတယ်၊လောလောဆယ် ကျနော်တို့ စီစဉ်ထားတာ ငါးနိုင်ငံနဲ့ အထက်ပြမှာပါ၊ ထပ်သိရတာရှိရင်လည်း ကျနော်တို့ ပေ့ချ်တွေမှာ ကြေညာပေးသွားမှာပါ” လို့ ပြောပါတယ်။

တော်လှန်ရေးကာလတွေထဲက ဖြစ်ရပ်မှန်တွေကို ကိုးကားရိုက်ကူးထားတာဖြစ်ပြီး ပြည်သူတွေရဲ့ ကြွေးကြော်သံထဲက တခုဖြစ်တဲ့ “မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်”ဆိုတဲ့ စကားကို အသုံးပြုပြီး ပုံဖော်ရိုက်ခဲ့ကြောင်းကို ဒါရိုက်တာ ဏကြီးက အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ ဒီကားလေးက ဖြစ်ရပ်မှန်ကို inspire ယူထားတာပါ၊ ဇာတ်ကားနာမည်ကလည်း ကိုနေသန်မောင် ရေးတဲ့ဆောင်းပါးရှည်ကိုတွေ့ပြီး သူ့ကိုလည်း ခွင့်တောင်းတော့ သူလည်းမပိုင်ဘူး ပရိသတ်ကသာပိုင်တယ်ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ကျနော်လည်း အဲဒီလိုပဲ ယူဆပါတယ်။ ဒီ မပြီးသေး ငါတို့အလှည့်ကျန်သေးတယ် ဆိုတဲ့ စကားက ကျနော်တို့ ပြည်သူတွေကြွေးကြော်ခဲ့တဲ့ ကြွေးကြော်သံတွေပါ၊ အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် ကျနော်တို့ဘေးမှာ လူတော်တွေ၊ လူကောင်းတွေနဲ့ အတူလုပ်ခွင့်ရခဲ့လို့ အခုလို ဇာတ်လမ်းကောင်းတွေကို ပုံဖော်ရိုက်ကူးနိုင်ခဲ့တာပါ”လို့ ဒါရိုက်တာဏကြီးက ပြောပါတယ်။

“မပြီးသေး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်ဇာတ်လမ်းတိုက လွတ်မြောက်နယ်မြေထဲမှာ SONY ကင်မရာနဲ့ ရိုက်ကူးထားပြီး ပြသချိန် ၁၉ မိနစ်ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်၊ ဒါ့အပြင် Cobra Column နဲ့ Voice of PDF က တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်တဲ့ လူငယ်ဒါရိုက်တာ ဂီဒေါင်ကလည်း “ရှိခဲ့သည် “ ဇာတ်လမ်းတိုနဲ့ ပတ်သက်လို့ အမှတ်တရတွေကို ပြောပြပါတယ်၊

“ကျနော်တို့က ဒီကားထဲမှာ တကယ့် ကော်ဘရာက ရဲဘော်တွေသရုပ်ဆောင်ထားတာဆိုတော့ ပါဝင်တဲ့သူတွေ ရှေ့တန်းကပြန်လာတဲ့အချိန်ကိုစောင့်ပြီးရိုက်ရတာ၊ တိုက်ပွဲ ခဏနားနေတဲ့အချိန်လေးကို ရိုက်ကူးထားတာပါ၊ နောက်ပြီးတော့ ဇာတ်လမ်းထဲမှာဆို ကတုတ်ကျင်းအကြီးကြီးလိုတော့ ကတုတ်ကျင်းတွေရှာရတယ်၊ နောက် ဝတ်စုံတွေပေါ့ အဝတ်အစားတွေကိုလည်း စစ်ရှောင်တွေကိုလှူထားတဲ့ အထုတ်တွေထဲက ရှာပြီး လိုချင်တဲ့ ဇာတ်လမ်းနဲ့ လိုက်တဲ့ အဝတ်အစားတွေ အကုန်ရခဲ့တာလည်း အမှတ်တရပါပဲ” လို့ ပြောပါတယ်၊

“ရှိခဲ့သည်” ဇာတ်လမ်းတို ကိုတော့ တိုက်ပွဲကအတွေ့အကြုံနဲ့ ဖြစ်ရပ်တွေကို Sony Xperia 5 Mark ii ဖုန်းနဲ့ရိုက်ကူးထားပြီး ပြသချိန် ၂၄ မိနစ်ရှိတယ် လို့သိရပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတို နှစ်ကားစလုံးကို မြန်မာစကားပြော အင်္ဂလိပ်စာတန်းထိုးနဲ့ ပြသသွားမှာဖြစ် ပါတယ်၊ ဇာတ်ကားနှစ်ကားစလုံးက ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ အညာဒေသနဲ့ ကရင်ပြည်နယ်ထဲက ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပို့လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013