DVB Logo
Home
မြန်မာသတင်း
ဒါရိုက်တာဏကြီး ရိုက်ကူးသည့် What happened to the wolf? ရုပ်ရှင် မယ်ရီလန်းတွင် ပြသ
DVB
·
July 13, 2025
ဒါရိုက်တာဏကြီး ရိုက်ကူးသည့် What happened to the wolf? ရုပ်ရှင် မယ်ရီလန်းတွင် ပြသ
1 / 4
Donate to DVB

ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုနဲ့ အောင်မြင့်မြတ်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “What happened to the Wolf?” ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာ ဇူလိုင် ၁၂ ရက်က ပြသခဲ့ပါတယ်။

ရုပ်ရှင်ပြပွဲကို မယ်ရီလန်း၊ ကယ်လီဖိုးနီးယား၊ လန်ဒန်၊ ဆန်ဖရန်စ္စကို၊ နယူးယောက်၊ နယူးဂျာစီ၊ ဗာဂျီးနီးယားတို့က မြန်မာပြည်သားတွေ လာရောက်အားပေးခဲ့တာကိုတွေ့ရပါတယ်။

တော်လှန်အနုပညာရှင်တွေနဲ့ CDM တွေရဲ့ အနုပညာကို ထောက်ခံအားပေးခြင်းအားဖြင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ အကူအညီဖြစ်မယ်လို့ယူဆတဲ့အတွက် ရုပ်ရှင်ပြပွဲဖြစ်မြောက်အောင်စီစဉ်ခဲ့တာလို့ ပွဲစီစဉ်သူ ကိုဇော်ဝင်းက ပြောပါတယ်။

“ဇွဲမလျှော့ဖို့ပေါ့နော် အရာရာကို၊ အခက်အခဲကိုကြုံရင် ဇွဲမလျှော့ဖို့ဆိုတဲ့ အားမာန်ပေးတယ်ပေါ့နော်။ ကြိုးစားချင်စိတ်ကို အများကြီး အားပေးထားတယ်ဆိုတာ ကြားရပါတယ်။ အထူးသဖြင့် ကျနော်တို့က အခက်အခဲကြုံနေရတဲ့ အချိန်ကိုး၊ အခုအချိန်မှာ စားဝတ်နေရေးတွေ ပြည်သူတွေကြုံနေရတယ်။ အနုပညာရှင်တွေ မိသားစုတွေ တကွဲတပြားတွေ ဖြစ်တယ်။ နိုင်ငံပျောက်သွားတယ်၊ လူပျောက်သွားတယ်၊ မိသားစုဝင်တွေ ပျောက်သွားတယ်၊ အခုဆို မိသားစုဝင်တွေ ကွဲကွာနေရတယ်၊ ကျနော်တို့တိုင်းပြည်မှာ၊ အဲဒီလိုအခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေကို ဒီကားက အများကြီးထင်ဟပ်မယ်လို့ ယူဆပါတယ်။”

What Happened to the Wolf?” ရုပ်ရှင်ဟာ “မီ”ရုပ်ရှင် အပြီး ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဖြစ်ပါတယ်။ အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ မှာ ရိုက်ကူးပြီးစီးခဲ့ပြီး ပြည်တွင်းမှာ ရုံတင်ပြသဖို့ အဆင်မပြေတော့တဲ့အတွက် နိုင်ငံတကာမှာ ပြသနိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

ရုပ်ရှင်ပြပွဲလာရောက်အားပေးသူ  ဦးကိုကိုနိုင်က “အကြောင်းကြောင်းကြောင့် သူတို့တွေလည်းဒီ တော်လှန်ရေးမှာဝင်ပါလာတော့ ဒီရုပ်ရှင်ကို မြန်မာပြည်မှာ ပြခွင့်မရဘူးပေါ့ဗျာ။ ကျနော်တို့ လည်းကြည့်ချင်တာပေ့ါ၊ အဲဒီတော့ အခုလိုမျိုး ဒီရုပ်ရှင် ဒီပွဲဖြစ်အောင် ဦးဆောင်လုပ်ကြတဲ့သူတွေ၊ ကျနော်တို့ ဘယ်လောက်ဝေးဝေး ဘယ်နေရာပဲရောက်ရောက် အခွင့်အရေးရတိုင်း ကျနော်တို့ဆက်ပြီးထောက်ပံ့မယ်၊ လှူဒါန်းမယ်၊ ဒီနေ့ကြွလာတဲ့သူတွေ အားလုံးကိုလည်း ကျနော်ဝမ်းသာတယ်ပေါ့ဗျာ။ စည်းရုံးရေးက အဓိကပါပဲ”လို့ ပြောပါတယ်။

What happened to the wolf? ရုပ်ရှင်ကို ဇွန် ၂၉ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပွဲဦးထွက်ပြသခဲ့ပြီး အခုမယ်ရီလန်းပွဲပြီးရင် ဝါရှင်တန်ပြည်နယ်၊ နယူးယောက်ပြည်နယ်၊ ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ်တွေမှာလည်း ဆက်တိုက်ပြသသွားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ပြပွဲလာရောက်အားပေးသူ မယ်အိက “တော်လှန်ရေးကြောင့် သူတို့ ပြည်ပရောက်နေပေမဲ့လည်း  သူတို့အနုပညာတွေကို ဆက်ပြီးတော့ ပြသခွင့်ရတယ်၊ ကျမတို့ ပြည်သူတွေကလည်း ဆက်ပြီးတော့ သူတို့ရဲ့အနုပညာကိုအားပေးတယ်။ သူတို့အနုပညာက ဆက်ပြီးတော့ ရှင်သန်နေတယ်ပေ့ါနော်။ ဒါက အရေးကြီးပါတယ်။ ကျမတို့ တော်လှန်အနုပညာရှင်တွေရဲ့ အနုပညာက ပြည်တွင်းမှာ လုပ်ခွင့်မရပေမဲ့လည်း ပြည်ပမှာ လုပ်ခွင့်ရတယ်၊ ပြည်ပမှာ ပြသနိုင်တယ်ဆိုတာ အရမ်းဝမ်းသာစရာကောင်းပါတယ်။ တော်လှန်အနုပညာရှင်များကို ဆက်လက်ပြီးတော့ အားပေးနေမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

What happened to the wolf? ရုပ်ရှင်ကို ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာလည်း အပြိုင်ပြသနေပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးတာတွေ ရရှိနေတာပါ။

တော်လှန်ရေးအနုပညာရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲ ဆိုထောင်ချတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမဲ့ သူတို့ရဲ့အနုပညာဆက်လက်ရှင်သန်နိုင်ဖို့ ပြည်သူတွေက တတ်နိုင်တဲ့ဘက်က ထောက်ခံအားပေးနေကြတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013