DVB Logo
Home
မြန်မာသတင်း
“What happened to the Wolf?” ရုပ်ရှင် အမေရိကန်မြို့ကြီးများတွင်ပြသ
DVB
·
July 9, 2025
“What happened to the Wolf?” ရုပ်ရှင် အမေရိကန်မြို့ကြီးများတွင်ပြသ
1 / 2
Donate to DVB

ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုနဲ့ အောင့်မြင့်မြတ်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “What happened to the Wolf?” ရုပ်ရှင်ကို အမေရိကန်မြို့ကြီးတွေမှာ ရုံတင်ပြသနေပါတယ်။

ဒီရုပ်ရှင်ကို ဇွန် ၂၉ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ ပွဲဦးထွက်ပြသခဲ့ပြီး ဝါရှင်တန်ပြည်နယ်၊ နယူးယောက်ပြည်နယ်၊ ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ် စတဲ့ အမေရိကန် ပြည်နယ် ၆ ခုရှိ မြို့ကြီး ၉ မြို့လောက်မှာ ဆက်တိုက်ပြသသွားဖို့ရှိနေတယ်လို့ ရုပ်ရှင်ပြပွဲစီစဉ်သူတွေက ပြောပါတယ်။

ပွဲစီစဉ်သူတယောက်က "တော်လှန်ရေး ရန်ပုံငွေပွဲ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ကား ဖန်တီးသူအနုပညာရှင် နဲ့ သရုပ်ဆောင်တွေဟာ ပြည်သူ့ဘက်ကနေပြတ်ပြတ်သားသား ရပ်တည်နေတဲ့ အနုပညာရှင်တွေ ဖြစ်တယ်။ ပြည်သူဘက်က ရပ်တည်မိလို့ အနုပညာလုပ်ငန်းတွေရပ်လိုက်ရတာတို့၊ လူမှု​ရေးစီးပွါး​ရေး နိမ့်ပါးသွားတာတို့၊ မိသားစု​တွေ  ဒုက္ခရောက်သွားရတာတို့ ဆိုတာ မရှိစေရဘူး။ ဒီလိုအနုပညာရှင်​တွေကို အခမ်းအနားဆုံး ဖြစ်အောင် ဝိုင်းကြမယ်၊ ရံကြမယ်။ သူတို့ရဲ့ survival ဆိုတာထက်ပိုတဲ့ အကျိုးရလဒ်​တွေရ​အောင် ဆောင်ကြဉ်း​ပေးကြမယ်။ သူတို့ရဲ့ သမိုင်းမှတ်တမ်း​တွေကို ကျနော်တို့ ပြည်သူ​တွေက အုတ်တချပ် သဲတပွင့် ဝိုင်း​ကူပေးချင်တယ်" လို့  ပြောပါတယ်။

ဒီရုပ်ရှင်ကို အမေရိကန်မှာ ပြသနိုင်ဖို့ အတွက် ပွဲစီစဉ်သူတွေက  Regal Cinema chains နဲ့  Cinemark Cinema chains တွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် မြို့ ကြီးတွေရဲ့ ရုပ်ရှင်ရုံတွေမှာ  ဇွန်လကုန်ပိုင်းက စတင်ပြီး ဩဂုတ်လအကုန်ထိ ရုံတင်ပြသနိုင်တာဖြစ်ပါတယ်။

ဇွန် ၂၉ ရက်က ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာစတင်ပြသတဲ့ပွဲမှာ ရုံပြည့်လာရောက်အားပေးခဲ့ကြပြီး ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ဇူလိုင် ၂၇ ရက်မှာလည်း  ဆန်ဖရန်စစ္စကိုမှာ နောက်တပွဲ ထပ်မံပြသသွားဦးမှာဖြစ်ပါတယ်။ 

ဇူလိုင် ၁၆ ရက် နယူးယောက်မှာပြသမယ့်ပွဲဆိုလည်း  လက်မှတ်တွေ ရောင်းကုန်သွား ဖြစ်သွားပြီဖြစ်လို့  ဇူလိုင် ၃၀ ရက်မှာထပ်တိုးပွဲ စီစဉ်ထားပါတယ်။ 

ဇူလိုင် ၁၂ ရက်မှာတော့ မယ်ရီလန်း၊ ဆီယက်တဲလ် နဲ့ ဆာခရာမန်တို မြို့တွေမှာ ပြသသွားမှာဖြစ်ပြီး၊ ဇူလိုင် ၁၉ ရက်မှာတော့ လော့စ်အိန်ဂျလိစ်ရဲ့ အယ်လ်ဟမ်ဘရာမြို့နဲ့ ဖလော်ရီဒါရဲ့ အော်လန်ဒိုမြို့ တွေမှာ ပြသဖို့ရှိပါတယ်။

ဩဂုတ် ၂ ရက်မှာတော့ တက္ကဆက်ရဲ့ ဟူစတန်မြို့နဲ့  ဩဂုတ် ၂၃ ရက်မှာ မက်ဆာချူးဆက်ရဲ့ ဘော့စတွန်မြို့တွေမှာ ပြသမှာဖြစ်လို့ လက်မှတ်တွေကို What happened to the wolf?  နဲ့ Sammy Bear Entertainment  ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေမှာ စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်။

What Happened to the Wolf?” ရုပ်ရှင်ဟာ “မီ”ရုပ်ရှင် အပြီး ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ရဲ့ ဒုတိယမြောက် ရုပ်ရှင် ဖြစ်ပါတယ်။ 

အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ မှာရိုက်ကူးပြီးစီးခဲ့ပြီး ရုပ်ရှင်ရဲ့ World Premiere ကို ဂျာမဏီနိုင်ငံ၊ Oldenburg မြို့မှာကျင်းပခဲ့တဲ့ Internationales Filmfest Oldenburg (2021) မှာ ပြသခဲ့ပါတယ်။ “What Happened to the Wolf?” ရုပ်ရှင်ဟာ Seymour Cassel Award (Internationales Filmfest Oldenburg, 2021, Best Narrative Feature Award (Dili International Film Festival, 2021) နဲ့ Best Film Award (Hobnobben Film Festival, 2022) ဆုတွေကို ရရှိထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013