
သရုပ်ဆောင် အလှမယ် ထားထက်ထက်ရဲ့ ဘဝဇာတ်ကြောင်းကို ရေးထားတဲ့ မယိုင်လဲတမ်းဆိုတဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Ray ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ အောက်တိုဘာ ၄ ရက်က ပြသခဲ့ပါတယ်။
စာရေးဆရာ ခက်ဇော် ရေးသားထားတဲ့ ဖြစ်ရပ်မှန်ဝတ္ထုဖြစ်တဲ့ မယိုင်လဲတမ်းဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးထားပြီး သရုပ်ဆောင် ထားထက်ထက်၊ ဒေါင်း၊ မင်းမော်ကွန်း တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ချင်းမိုင်မှာပြသတဲ့ Ray ရုပ်ရှင်ပွဲကိုတော့ သရုပ်ဆောင် ဒေါင်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဒါရိုက်တာ သည်ခေတ်နေနဲ့ ထားထက်ထက်ကတော့ အွန်လိုင်းကနေ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ကြပါတယ်။
ဒါရိုက်တာ သည်ခေတ်နေက အွန်လိုင်းကနေတဆင့် “ဒီကားလေးက ထားထက်ထက်ရဲ့ ဘဝတခုကိုပဲ ကျနော်တို့ ရည်ညွှန်းတာ မဟုတ်ပါဘူး။ အားလုံးအတွက် အားလုံးရဲ့ ဖြတ်သန်းနေရတဲ့ တော်လှန်ရေး ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ ဒီပွဲကို လာရောက်ကြည့်ရှုပေးကြတဲ့ ကျနော်တို့ ညီအစ်ကိုမောင်နှမ တယောက်ချင်းစီကို၊ တော်လှန်ရေးညီအစ်ကိုမောင်နှမ တယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ ဆိုပါတယ်။
စာရေးဆရာ ခက်ဇော်လည်း ဒီပွဲကို တက်ရောက်ခဲ့ပြီး Ray ရုပ်ရှင်အပေါ် သူ့ခံစားချက်တွေကို ဝေမျှခဲ့ပါတယ်။
စာရေးဆရာ ခက်ဇော်က “ထားထက်ထက်ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံထားတယ် ဆိုပေမဲ့လည်း ဒီတော်လှန်ရေးမှာ ပါဝင်နေခဲ့တဲ့ လူငယ်တွေအကုန်လုံး၊ နောက်ပြီးတော့ ဒီ ၂၀၂၁ အာဏာသိမ်းမှုရဲ့ နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မိဘတွေ၊ သားသမီးတွေ ကြားထဲက သံယောဇဉ်တွေ အားလုံးကို ကိုယ်စားပြုထားတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ Propaganda လုပ်တယ်ဆိုတာထက် တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုအပေါ်မှာ လူတွေ ဘယ်လောက်အထိ ပေးဆပ်ခဲ့ရတယ်၊ လူတွေ ဘယ်လောက်အထိ နာကျင်ကြေကွဲခဲ့ရတယ် ဆိုတာကို မှတ်တမ်းတင်ထားတဲ့ ရုပ်ရှင်တခုပါပဲဗျာ” လို့ ဆိုပါတယ်။
ဒီရုပ်ရှင်ရဲ့ ပထမဆုံး ပွဲစဉ်ကိုတော့ ဇွန် ၂၇ ရက်က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Palace Cinemas Moore Park မှာ ပြသခဲ့တာပါ။
အဲဒီနောက် ဩစတြေးလျနိုင်ငံက တခြားမြို့တွေနဲ့ အမေရိကန်နဲ့ ကနေဒါတို့မှာ ဆက်လက်ပြသခဲ့ပြီး စက်တင်ဘာလကစလို့ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်နိုင်ငံ၊ စင်ကာပူနဲ့ ကိုရီးယားတို့မှာ စတင်ပြသခဲ့ပါတယ်။
“Ray” ရုပ်ရှင်ကို အောက်တိုဘာ၊ နိုဝင်ဘာနဲ့ လာမဲ့နှစ် ဇန်နဝါရီလတွေအထိ ဆက်တိုက်ပြသွားဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။
ချင်းမိုင်ပရိသတ်တွေနဲ့အတူ Ray ရုပ်ရှင်ကိုကြည့်ခဲ့တဲ့ သရုပ်ဆောင် ဒေါင်းက “နောက်ထပ် ဒီဇာတ်ကားကို ပြသမဲ့အချိန်တွေများ ရှိခဲ့ရင် မလွတ်တမ်း ကြည့်စေချင်ပါတယ်။ ကိုယ့်ရဲ့ တော်လှန်ရေးစမှတ်ကို ပြန်လည်ရောက်ရှိသွားစေချင်တယ်။ အဲဒီစမှတ်လေးက ကိုယ်ဘယ်လောက်ထိ ဖြတ်သန်းခဲ့လဲ၊ ဒီ ၅ နှစ်တာမှာ ငါဘာတွေဖြတ်သန်းခဲ့မိလဲ၊ ဒီတော်လှန်ရေးကာလ တလျှောက်လုံး ငါဘာတွေ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ ပြန်စဉ်းစားမိစေတယ်ဆိုရင် ပြရကျိုးနပ်မှာပါ” လို့ DVB ကို ပြောပါတယ်။
Ray ရုပ်ရှင်က ရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ ပြည်တွင်းက စစ်ရှောင်ပြည်သူတွေဆီ ခွဲဝေလှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။
ချင်းမိုင်မှာ Ray ရုပ်ရှင်ပြသဖို့ စီစဉ်သူတွေထဲက တယောက်ဖြစ်တဲ့ ကိုထူးအောင်လူကတော့ “မထားထက်ထက်ရဲ့ ဖြစ်ရပ်မှန်အပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့အတွက်လည်း သူက ဒီခေတ်ထဲမှာ ပါနေတဲ့ ဒီ Timeline တခုတည်းက ဇာတ်ကြောင်းတခုကို ကြည့်ခွင့်ရလိုက်တယ် ဆိုတာက သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက်လည်း ဒါ ဂုဏ်ယူစရာဖြစ်မယ်လို့ ယုံကြည်တယ်။ တော်လှန်ရေးမှာ ဘာကြောင့် ပါသင့်သေးတယ်ဆိုတဲ့ ခံစားချက်လေးတခုတော့ ရလိုက်လိမ့်မယ်လို့ ထင်ပါတယ်” လို့ သူ့အမြင်ကို ဝေမျှခဲ့ပါတယ်။
ချင်းမိုင် Ray ရုပ်ရှင်ပြသပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်ပေါင်း ၂၅၀ ကျော်ရှိပြီး မြန်မာပရိသတ်တွေအပြင် နိုင်ငံတကာ ပရိသတ်တွေပါ လာရောက်အားပေးခဲ့သလို သရုပ်ဆောင် ဒေါင်းကို အားပေးတဲ့ ထိုင်းပရိသတ်တွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။
Photo: DVB










