DVB Logo
Home
မေးမြန်းခန်း
“Until We Meet Again' ရုပ်ရှင်ဖန်တီးသူ၏ ဘဝဇာတ်ကြောင်းနှင့် အနုပညာခရီး (ရုပ်သံ)
DVB
·
July 22, 2026
“Until We Meet Again' ရုပ်ရှင်ဖန်တီးသူ၏ ဘဝဇာတ်ကြောင်းနှင့် အနုပညာခရီး (ရုပ်သံ)
Donate to DVB

နွေဦးတော်လှန်ရေးရဲ့ ဆုံးရှုံးမှုတွေကြားကနေ တသက်စာ ဒဏ်ရာတွေနဲ့ ကျန်ရစ်ခဲ့ရပေမဲ့ ချစ်သူကို မပြောဖြစ်လိုက်တဲ့ စကားလုံးတွေကို ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ဒဏ်ရာများစွာနဲ့ ထုဆစ်ပုံဖော်ခဲ့သူ ဖြစ်သလို သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေပါ နှစ်သိမ့်ဆွေးနွေး Counselling ဝင်ခဲ့ရတဲ့အထိ ရုပ်ရှင်နောက်ကွယ်က ပြင်းထန်လွန်းတဲ့ စိတ်ဒဏ်ရာ အရှိတရားတွေနဲ့ 'Until We Meet Again' ရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Scarlett Khai ရဲ့ ဘဝဇာတ်ကြောင်းနဲ့ အနုပညာ ခရီးလမ်းအကြောင်းကို DVB Women's Voice မှ ဒီဂျူလိုင်က ဆက်သွယ်မေးမြန်းထားတဲ့ ရင်ဖွင့်သံတွေကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

အနုပညာအိပ်မက်များနှင့် အမှောင်ထု ဖုံးလွှမ်းသွားခဲ့ရတဲ့ အာဏာသိမ်းကာလ

တော်လှန်ရေးကာလမတိုင်ခင်ကတော့ အလုပ်လုပ်ခဲ့တဲ့ နယ်ပယ်တွေကတော့ စုံမယ် ထင်တယ်။ ဆယ်တန်းအောင်စာရင်းထွက်ပြီး နောက်ရက်ကတည်းက ဂိုက်စသင်တယ်။ ဂိုက်စသင်ရင်းနဲ့ပဲ ကိုယ့်ကျောင်းစရိတ်နဲ့ကိုယ် ဂျပန်စာတက်တယ်ပေါ့။ ပြီးတော့ အဲဒီကနေ ပုဂ္ဂလိက ကျောင်းတခုမှာ သင်္ချာဆရာမ လုပ်တယ်။ သင်ကြားရေးနယ်ပယ်မှာ ၇ နှစ်လောက် ရှိသွားမယ် ထင်တယ်။ အဲဒီကနေမှ စာသင်ရတာ ပျင်းလာတယ်။ ပျင်းလာတော့ business management သင်တန်းတွေ တက်ပြီးတော့ ကုမ္ပဏီတွေမှာ ဝင်လုပ်တယ်။  အဲဒီလိုလုပ်ရင်းနဲ့မှ ၂၀၁၉ လောက်မှာ Script writing သင်တန်းလေး ဖွင့်တယ်။ တက်မယ်ပေါ့။ အစကတော့ ညီမက ဝတ္ထုရေးချင်တာ ဘယ်ကစရမှန်းမ သိဘူးပေါ့။ အဲဒါနဲ့ တက်ကြည့်လိုက်မယ်။ ဇာတ်ညွှန်းနဲ့ ဝတ္ထုရေးတာလည်း မတူဘူး ဆိုတာ မသိဘူးပေါ့။ တက်ကြည့်လိုက်မယ်ဆိုပြီး တက်လိုက်တာ  အမေပြောတဲ့ ခွေးဖြစ်တဲ့ လမ်းက အဲဒီမှာ စတာ။   ဇာတ်ညွှန်းတက်ရင်းနဲ့မှ သင်တန်းပေါ့၊ အဲဒီလို သင်နေရင်းနဲ့မှ ကိုယ့်ကိုယ်ကိုယ် ရှာတွေ့သွားတယ်လို့ ပြောရမယ်။ တဘဝလုံးက လုပ်ချင်ခဲ့တာ ဒီအလုပ်ပေါ့နော် ငါ ရေးချင်တာလည်း ဝတ္ထု မဟုတ်ဘူး ငါက ဇာတ်ညွှန်းနဲ့ ပိုကိုက်တာပေါ့။ ညီမက တခုခုဆိုရင် သေသေချာချာလေး ရှင်းရှင်းလင်းလင်း ရေးပြရတာကို ပိုကြိုက်တယ်။ ဒီဇာတ်ညွှန်းက ညီမနဲ့ အရမ်းကိုက်တယ်ဆိုပြီး သိလာခဲ့တာ။ သိလာခဲ့ပြီးတော့မှ ဇာတ်ညွန်းသင်တန်းမှာရှိတဲ့ သူငယ်ချင်းတွေ စုပေါင်းလိုက်ပြီးတော့ Dreamcatchers ဆိုတဲ့ production team လေး လုပ်လိုက်တယ်။ အဲဒီလို အဖွဲ့လေးဖွဲ့ပြီးတော့ ကော်မာရှယ်တွေ ရိုက်တယ်။ PSB တွေ ရိုက်တယ်။  Short film လေးတွေ ရိုက်တယ်။ အမှတ်ရဆုံးကတော့ ညီမတို့သူငယ်ချင်းတွေ ရိုက်ထားတဲ့ နှစ်ခုပေါ့။ ဒီ Short film နှစ်ခုက ဝဿန် film festival မှာ short flim နှစ်ခုလုံးက အရွေးခံရတယ်။ တခုကတော့ အသံဆုရတယ်။ အဲဒီလိုလုပ်ရင်းနဲ့ ကိုဗစ်တွေ ဖြစ်သွားတယ်။ ဖြစ်သွားတော့မှ ကိုဗစ် ပြီးရင်တော့ ငါတို့ ဘယ်လိုတွေ ကျုံးမယ်ပေါ့။ နောက်နှစ် ဝဿန်မှာ ဘယ်နှပုဒ် ပြိုင်ကြမယ်။ အကုန်လုံး ပြင်ဆင်ထားတာပေါ့။ အဲဒီလိုပြင်ဆင်ထားရင်းနဲ့မှ အာဏာလည်းသိမ်းသွားရော အကုန်ရပ်သွားရော။

မတရားမှုကို မခံရပ်နိုင်ခြင်းမှ စတင်ခဲ့သော တော်လှန်ရေးခရီး

အာဏာသိမ်းတဲ့အချိန် စတဲ့အချိန်မှာ ဆန္ဒပြတာတွေ လုပ်တယ်ပေါ့။ အဲဒီချိန်တုန်းကတော့ ညီမမှာ တခုပဲရှိတာ။ ဒီ ဆန္ဒပြတာတွေ ဘာလို့ လုပ်ရလဲပေါ့။ အဓိကကတော့ ကြယ်စင်တို့၊ မြသွဲ့သွဲ့ခိုင် တို့၊ ညီညီတို့ ဆေးကျောင်းသားကောင်လေးတွေ၊ ပြီးတော့ မြောက်ဒဂုံက သူ့အမျိုးသမီးက ဗိုက်ကြီးနဲ့ ကျန်ခဲ့တယ်ဆိုတဲ့ ကောင်လေးတွေ သူတို့တွေ သေဆုံးသွားခြင်းက ညီမအတွက်ကို တော်တော်ကို ထိခိုက်စေတယ်။ ဘယ်လိုမျိုးလဲဆိုတော့ သူတို့တွေ အကုန်လုံးက အာဏာသိမ်းတာကို မကြိုက်ဘူး မကြိုက်တာကို မကြိုက်ကြောင်း ပြောတယ်။ အဲဒီလိုပြောလို့ သေရတာပေါ့။ အဲဒီလို မကြိုက်တာ မကြိုက်ကြောင်း ပြောတဲ့ဟာက သေစေတဲ့ပြစ်မှု မဟုတ်ဘူး။ ဒါပေမဲ့ သေခဲ့ရတယ်။ လူနည်းနည်းလေးလည်း မဟုတ်ဘူး အများကြီး သေခဲ့ရတယ်။ သူတို့နဲ့ ဘယ်လိုမှ အဆင်မပြေတော့လို့ နောက်ဆုံး တောခိုခဲ့တယ်။ မရွေ့လို့လည်း မရတော့ဘူး။ အိမ်ကို လာရှာခံရတာတွေ ကား ၂ စီးနဲ့ လာရှာခံရတာတွေ ရှိတော့ မဖြစ်မနေ လေးကေ့ကော်ဘက် ရောက်တယ်၊ စစ်သင်တန်းတက်တယ်။ အဲဒါကတော့ ညီမရဲ့ တော်လှန်ရေးခရီးအစပေါ့။

လူငယ်လေးတွေရဲ့ ခံယူချက်နှင့် တသက်လုံးစာ ကျန်ရစ်ခဲ့သော ဘဝရဲ့ တဆစ်ချိုး အပြောင်းအလဲ

တော်လှန်ရေးဘက် ဒီဘက်ရောက်လာတော့ သင်တန်းတွေ တက်တယ်။ အဲဒီလို တက်ရင်းနဲ့ ခြေထောက်ကျိုးသွားသေးတယ် သင်တန်းမှာပေါ့နော်။ ချိုင်းထောက်တွေနဲ့ နေလိုက်ရသေးတယ်။ ခြေထောက်ကျိုးသွားတာ တော်တော်လေးကို အခက်အခဲရှိတယ်။ အဓိက အိမ်သာသွားဖို့၊ ရေချိုးဖို့ ဘယ်လိုမှ ထိုင်လို့ အဆင်မပြေ။ သူများ မကူညီရင်မဖြစ်။ ရေကလည်း နှစ်ရက် တခါ၊ သုံးရက် တခါလောက်မှ သွားချိုးဖြစ်တယ်။ တောင်ကုန်းအောက် ဆင်းလိုက် တက်လိုက်နဲ့ဆိုတော့ ချိုင်းထောက်နဲ့ဆိုတော့ အဲဒီချိန်ကာလတွေမှာ စိတ်ထဲမှာ အိမ်ပြန်ချင်တာတို့၊ ပင်ပန်းတယ် ဆင်းရဲတယ်လို့ အဲဒီလိုမျိုး ထင်ခဲ့တယ်။ ပြီးတော့ ခြေထောက်နည်းနည်းသက်သာသွားတယ် သက်သာသွားပြီးမှ ကိစ္စတခုနဲ့ တခြားစခန်းတခုကို ရောက်ခဲ့တယ်။ 

အဲဒါကပဲ ညီမရဲ့ အပြောင်းအလဲ တခုရဲ့ အစလို့ပဲ ပြောရမယ်။ အဲဒီဘက်ကို ရောက်တော့မှ  လူတစု တွေ့တယ်။ ညီမ ကောင်လေးလည်း ပါတဲ့။ သူနဲ့ အတူတူပါတဲ့ အခုလက်ရှိ ရိုက်ထားတဲ့ ဇာတ်ကားရဲ့ DP တို့၊ သူတို့တွေ အကုန်ပါတဲ့ လူတစုပေါ့။ သူတို့လူငယ်တစုနဲ့ စခန်းမှာ တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ အတွေးအခေါ်တွေ ပိုပြောင်းလာတယ်လို့ ထင်တယ်။ အဲအချိန်မှာ အိမ်ပြန်ချင်တယ်ဆိုတဲ့ စိတ်ရှိတယ်။ နည်းနည်းလည်း ပင်ပန်းနေတယ်ပေါ့ သင်တန်းပြီးရင်တော့ အိမ်ကို ပြန်တော့မယ်ပေါ့။ အဲဒီလိုမျိုး စိတ်မျိုးတွေ ရှိတယ်။ သူတို့နဲ့ တွေ့တဲ့အချိန်ကျတော့ ညီမဆို အဲဒီအချိန်တုန်းက အသက် ၃၀ ဝန်းကျင်ဆိုတော့ ဘဝမှာ အများကြီး ဖြတ်သန်းပြီးသွားပြီ မြန်မာပြည်မှာလည်း မရောက်ဖူးတဲ့နေရာတွေ မရှိအောင် ခရီးတွေ သွားပြီးသွားပြီ။ သူတို့ လေးတွေဆို ၁၈ က စလိုက်တာ ၂၀ ဝန်းကျင်ပေါ့။ သူတို့မှာ တချို့တွေဆို ပုဂံမရောက်ဖူးသေးဘူး။ တချို့တွေဆို ငွေဆောင် မရောက်ဖူးသေးဘူး။ တောင်ကြီး၊ အင်းလေးက အစ မြန်မာပြည်ရဲ့ လှတဲ့နေရာတွေ သူတို့မှာ ခရီးမရောက်ဖူးသေးတဲ့အရွယ်ပေါ့။ ဒါပေမဲ့ သူတို့မှာ အိမ်ပြန်ချင်စိတ် မရှိဘူး။ ညီမတို့လို တွေဝေနေတာမျိုးလည်း မရှိဘူး။ ဟိုဟာ လိုချင် ဒီဟာ လိုချင်တာလည်း မရှိဘူး။ သူတို့အိပ်မက်တွေနောက် လိုက်လို့ရမဲ့ချိန်မှာ ဒါကြီးကို ဘာမှမတွေးဘူး။ ဒီကိစ္စပဲ ဒီတော်လှန်ရေးအတွက်ပဲ သူတို့မှာ အရမ်းကို ခံယူချက်တွေက ပြတ်သားတယ်။ အဲဒါကြီးကို တွေ့လိုက်တဲ့အချိန်မှာ ညီမ အရမ်းရှက်သွားတယ်။ သူတို့ကိုလည်း ပြောတယ်၊ ဝန်ခံတယ်။ မဟုတ်ရင် ညီမက ဒီ flim school တခုကို လန်ဒန်ဘက်မှာ သွားတက်ဖို့ ပြင်တော့မှာ ဒီသင်တန်းပြီးရင်တော့ အဲဒါကို မရ ရအောင် ပြင်တော့မယ်။  ဒီနိုင်ငံမှာတော့ ဒင်းတို့အောက်တော့ မနေဘူးပေါ့။ အဲဒီလိုမျိုးအတွေးတွေရှိနေတာကနေပြီးတော့ သူတို့နဲ့တွေ့ပြီးတဲ့အချိန်မှာ လုံးဝ  အတွေးပြောင်းသွားတယ်။ မပြန်တော့ဘူး။ ဒီမှာပဲ ဆက်နေတော့မယ်။ အဲဒီအချိန်မှာ အိမ်က ပြန်ခေါ်တာတွေ သူငယ်ချင်းတွေက အတင်းပြန်ခေါ်တာတွေရှိတယ်။ ဒါပေမဲ့ ရတယ်၊ ငါ ကျန်တာ အကုန်မေ့လိုက်ပြီပေါ့ ဆိုပြီးတော့ အဲဒီဘက်မှာပဲ ဆက်ပြီးတော့ ရှိဖြစ်သွားတယ်။ ဘဝရဲ့ တဆစ်ချိုး အပြောင်းအလဲတခုကို ကြုံလိုက်ရတယ်။ 

ညီမက သူတို့တွေနဲ့ တွေ့ပြီးတော့ ကိုယ့်စခန်းကိုယ် ပြန်လာတယ်။ အဲဒီချိန်မှာတော့ ညီမ ကောင်လေးဖြစ်သွားပြီးပေါ့နော်။ လုပ်နေရတဲ့ အလုပ်တွေကလည်း အန္တရာယ်များတဲ့ အလုပ်တွေမှန်း သိတော့ အတူတူပဲ ရှိချင်တယ်။ သေရင်တောင် အတူတူပဲ သေချင်တယ်ပေါ့။ အဲဒီလိုအတွေးမျိုးတွေရှိတယ်။ အဲဒီတော့ အဲဒီဘက်ကို ပြောင်းဖို့ ပြင်တယ်။ ဒီဘက်ကနေ ဒီဘက်ကိုပြော၊ ဟိုဘက်ကိုလည်း ပြော၊ ပြောင်းမယ်ဆိုတဲ့ဟာတွေ ညီမတို့ ပြင်ဆင်တယ်ပေါ့။ တရားဝင်ပြောင်းရမှာဆိုတော့ ပြင်ထားတာ ဆိုရင် ၂၀၂၂ ဧပြီ ၁၁ ရက်နေ့မှာ ညီမ အဲဒီဘက်ကိုပြောင်းမှာ။ ဒါပေမဲ့ ဧပြီ ၆ ရက်နေ့မှာ သူတို့တွေ  accident ဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားတော့ ညီမကောင်လေး ပါတယ်။ ပြီးတော့ ညီမ သူငယ်ချင်းပေါ့။ တွေ့ခဲ့တဲ့ သူငယ်ချင်းရဲဘော်ရဲဘက်တွေ။ သူတို့တွေ အကုန်လုံး စုစုပေါင်း ၆ ယောက် ပါတယ်။ ဒီရုပ်ရှင်က DOP ပေါ့။ ကိုကောင်းကောင်း ဆိုရင် သူက အဲဒီမှာ ခြေထောက်ပြတ်သွားတယ်။ အဲဒီလိုညမှာ accident ဖြစ်တယ်။ ၆ ယောက် တခါတည်း ကျတယ်။ နောက်ထပ် ၆ ယောက်က ဒဏ်ရာရတယ်။ နှစ်ယောက်က ဒူးခေါင်းက ဖြတ်ရတာက တယောက်၊ ပေါင်က ဖြတ်ရတာက တယောက်။ အဲ့လိုမျိုးပေါ့ အဲ့အဖြစ်အပျက်ကြီး ဖြစ်ခဲ့တယ်ပေါ့။ ဒါကတော့ ဒီကာလမှ မဟုတ်ဘူး၊ တဘဝလုံးစာမှာ ညီမအတွက်က တဆစ်ချိုး ပြောင်းလဲသွားစေတဲ့ အရာပေါ့။ 

 အဆင်ပြေရဲ့လားဟင် ဆိုတဲ့ နောက်ဆုံး message နဲ့ ရူးမတတ် နာကျင်ခဲ့ရတဲ့ ညတည

အဲဒီညကြီးကတော့ တကယ်ကို အမှတ်တရပါပဲ အဲဒီနေ့က သူတို့မှာ မစ်ရှင်ရှိတယ်ပေါ့။ မစ်ရှင် ရှိတယ်ဆိုတာ သတင်းကြားတယ်။ သိခဲ့ရတယ်။ အဲဒီနေ့ နေ့ခင်းဘက်တော့ စကားပြောခဲ့သေးတယ်။ ဘယ်တော့ ပြန်ဆက်မှာလည်း၊ ဘာညာပေါ့။ အဲဒီလိုပြောပြီးတော့ ဒီတိုင်းပဲ ဖုန်းမဆက်ဖြစ်ဘူး။ ဒီတိုင်းပဲ နေတယ်။ ဘယ်တုန်းက ပို့ထားမှန်းတော့ မသိဘူး။ ဒါပေမဲ့ ညီမဖုန်းကို message ဝင်လာတာတော့ ည ၈ နာရီကျော်လောက်ပေါ့။ သူ ညီမကို လှမ်းမေးထားတာ အဆင်ပြေရဲ့လားဟင်ဆိုပြီး လှမ်းမေးထားတဲ့ဟာလေး။ အဲဒီလိုဝင်လာ‌တော့ အဲဒါဆို သူ လိုင်းရပြီ ထင်တယ်ဆိုပြီးတော့ စာတွေပါတွေပြန်၊ ဖုန်းတချက် ခေါ်လိုက်သေးတယ်။ မရတော့ သူတို့သွားပြီ ထင်ပါတယ်။ ဒီတိုင်းပဲ နေဖြစ်လိုက်တယ်။ ည ၁၀ နာရီလောက်မှာ သူငယ်ချင်းတယောက်က ဖုန်းဆက်တယ်။ အဲဒီသူငယ်ချင်းကတော့ သူတို့ စခန်းမှာမဟုတ်ဘူးပေါ့။ ညီမတို့နှစ်ယောက်လုံးကို သိတဲ့ သူငယ်ချင်းပေါ့။ သူတို့နဲ့အဆက်အသွယ်ရသေးလားပေါ့ မရဘူးလို့ ငါလည်း ဖုန်းစောင့်နေတာလို့ ဟုတ်လားတဲ့၊ သူလည်း အဆက်အသွယ်ရချင်လို့ ဆိုပြီး  ဖုန်းချသွားတယ်။ သူ ဖုန်းချသွားတဲ့အထိ ညီမက မသိသေးဘူး။ ဖုန်းချသွားပြီး‌မှ တွေးမိတာ သူက ငါ့ကို ဒီအချိန်ကြီးမှာ ဒီလို ဆက်စရာအကြောင်းမရှိဘူး။ သူနဲ့ငါနဲ့ကြားမှာ ညဘက် ၁၀ နာရီလောက်ကြီး ဖုန်းဆက်ပြီး သူတို့နဲ့ အဆက်အသွယ်ရလား၊ မေးစရာအကြောင်းတော့ မရှိဘူးပေါ့။ အဲဒီမှာ စိတ်က နည်းနည်းတော့ ထင့်သွားတယ်။ အဲဒီမှာ သူ့ဆီ ဖုန်းပြန်ဆက်တယ်။ ဘာဖြစ်လို့လဲပေါ့။ အဲဒီတော့မှ သူက သူတို့ဘက်မှာတဲ့ accident တခုဖြစ်တယ် ကြားလို့တဲ့။ အဆင်တော့ပြေမှာပါတဲ့။ အဲဒီလိုပဲ သူက ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်တယ်။ အမှန်တော့ သူက အဲဒီချိန်မှာ သိပြီးသွားပြီ။ ညီမကလည်း အဲဒီလိုမျိုး ဖြစ်တယ်လို ကြားတဲ့အထိ အရမ်းစိတ်မပူသေးဘူး။ သူ ပြောတဲ့ပုံစံကလည်း ပေါ့ပေါ့ပါးပါးပဲဆိုတော့ တခုခုဖြစ်တာ သေးသေးမွှားမွှားပဲလို့ ထင်တာပေါ့။ အဲဒါနဲ့ ဖုန်းပြန်ချလိုက်တယ်။ စိတ်ကတော့ မရတော့ဘူး တခုခု‌တော့ မှားနေပြီပေါ့။ အဲဒါနဲ့ သူ့ကို ဖုန်းပြန်ခေါ်တော့ ဖုန်းမကိုင်တော့ဘူး။ အဲဒီအချိန်ကျမှ စိတ်ပူသွားတယ်။ အဲဒီလိုနဲ့ စခန်းမှာ ကျန်ခဲ့တဲ့သူတွေဆီကို လိုက်ပြီးတော့ ဖုန်းပတ်ဆက်တာ တယောက်မှ ဆက်မရတော့ဘူး၊ ဖုန်းလိုင်းမရတာရော ဘယ်သူ့မှ ဖုန်းမကိုင်နိုင်တော့ဘူး။ ဘယ်သူ့မှ မရှိတော့ဘူး။ အဲဒီအချိန်ကျမှ တကယ်ကို စိတ်ပူသွားတာ။ နောက်ဆုံး Facebook တွေကနေ သူ့ရဲ့ သူငယ်ချင်းတွေ အကုန်လုံးကို လိုက်အပ်၊ လိုက်မေးနဲ့၊ ည ၁၂ လောက်မှ သူ့သူငယ်ချင်းတယောက်ကို မေးလိုက်တာ ဘာဖြစ်တာလဲပေါ့။ သူ့သူငယ်ချင်းက တခွန်းပဲ ညီမကို ပြောခဲ့တယ်။ KIA လို့ပဲ အဲ့တကြောင်းပဲ ပြောခဲ့တာ ညီမ ဘာမေးမေး မဖြေတော့ဘူး။ ဒါပေမဲ့ KIA ရဲ့ အရှည်ကောက်ကို စိတ်ထဲမှာ သိတယ်။ အဲဒီချိန်မှာ တော်တော်လေးကို ပြာသွားပြီ။ သူငယ်ချင်းတွေကို ဖုန်းဆက် မေးခိုင်းတယ်။ တခုခုတော့ မေးပေးပေါ့။ တခုခုတော့ သိမှ ရတော့မယ်။ သူငယ်ချင်းက မေးပြီးတော့ လှမ်းပြောတယ်။ အဲဒီလိုပဲ ကျသွားပြီတဲ့ တော်တော်ကြီးကို ဘယ်တော့မှ ပြန်ပြီးတော့ မတွေးချင်တဲ့နေ့ရက်မျိုးပေါ့။ 

ဖြစ်ချင်တော့ အဲဒီအချိန်မှာ ညီမတို့တဲမှာ ဘယ်သူ့မှမရှိဘူး။ ညီမတယောက်တည်း။ အဲဒီနေ့မှ ညီမနဲ့ အတူတူနေတဲ့ သူငယ်ချင်းတွေကလည်း ကိစ္စနဲ့ခရီးထွက်ရတော့ အဲဒီတညလုံးမှာ ညီမတယောက်တည်းပေါ့။ မီးလည်း မရှိဘူး။ မီးဆိုတာ ဖုန်းမီးပဲ ရှိတယ်။ ချက်ချင်း ထလိုက်သွားဖို့ကလည်း ဘယ်လိုမှ မဖြစ်ဘူးပေါ့။ မနက်ကျရင်တော့ ကျိန်းသေတယ် လိုက်သွားမယ်ပေါ့။ ည ၁၂ နာရီလောက်ကနေ မနက် ၅ နာရီ ၆ နာရီလောက် ရောက်ဖို့အထိ စခန်းက တာဝန်ခံတွေ နှိုးနိုင်ဖို့ သွားဖို့အထိကို အဲဒီတညလုံးမှာ ဘယ်လိုတောင် ဖြတ်သန်းခဲ့လဲ မသိဘူး။ လက်သည်းတွေနဲ့ ခြစ်ရာတွေ ကိုယ့်ကိုယ်ကိုယ်တောင် မှတ်တောင်မမှတ်မိဘူး။ အဲဒီချိန်မှာ အိပ်ပျော်သွားတာလား သတိလစ်သွားတာလား ဘာမှန်းမသိဘူး။ အိပ်ပျော်သွားသေးတယ် ထင်တယ်။ အိပ်ပျော်သွားပြီးတော့ ၃ နာရီလောက်မှာ နိုးလာတယ်။ အဲ့ချိန်မှာ အရမ်းပျော်သွားတယ်။ ဘာလို့လဲဆိုတော့ အိပ်မက်ကြီး ထင်နေတာ။ တော်သေးတာပေါ့ ငါ အိပ်မက်မက်နေတာပေါ့။ အဲဒီလိုထင်သွားတာ။ ဖုန်းတွေကောက်ကြည့်လိုက်တော့ ဖုန်းခေါ်ထားတဲ့ list တွေက ရှိနေတာ။ အဲဒီတော့မှ ၁၀ စက္ကန့်လောက်အတွင်းမှာ အိပ်မက်မဟုတ်ဘူးလို့ ဆိုတာကြီးကို ပြန်ပြီး သိလာတာ။ အဲ့ချိန်မှာ လွတ်သွားတယ် ထင်တယ်။ လူတယောက် ရူးသွားတယ်၊ လွတ်သွားတယ်ဆိုတဲ့ ခံစားချက်ကြီးကို သိလိုက်တယ်ထင်တယ်။

မနက်ကျတော့ မရ ရတာနဲ့ လိုက်သွားတယ်။ ဒီဘက်ကလည်း လုံခြုံရေးအရ လမ်းတဝက်ပဲ ပို့ပေးနိုင်မှာ။ ကျန်တဲ့လမ်းတဝက်က ကိုယ့်ဘာသာကိုယ်စီစဉ် ဘယ်လိုစီစဉ်ရမလဲတော့ မသိဘူး။ အဲဒီလိုမျိုးနဲ့ပဲ လမ်းတဝက်ရောက်တဲ့အထိသွားတယ်။ အဲဒီချိန်မှာ သူတို့ စခန်းဘက်က တာဝန်ခံတွေက ညီမဆီ ဖုန်းဆက်တယ်။ လာမလို့လားပေါ့။ ဘော်ဒီတောင် မရဘူးပေါ့။ ညကတည်းက သင်္ဂြိုဟ်ပြီးသွားပြီပေါ့။ ဘော်ဒီတောင်မရဘူးတဲ့ ဆိုတော့ အဲဒီမှာတင် နောက်တကြိမ်ပေါ့ ကိုယ်ကတော့ အစက ဆုံးသွားပြီဆိုတော့  နည်းနည်းတော့ မြင်ရဦးမယ် ထင်တာပေါ့။ ပြီးတော့မှ သူတို့က လမ်းတဝက်ချခဲ့ပေးပြီးတော့မှ နောက်ထပ် လမ်းတဝက်က လုံးဝ အင်တာနက်မရတော့ဘူး ဒါပေမဲ့ ကြုံသလိုပဲဆိုပြီးတော့ ကြုံသလိုပဲ လူတွေကို အကူအညီတောင်းပြီးမှ ဆိုင်ကယ်တွေ ဘာတွေ အကူအညီလျှောက်တောင်းပြီး ရအောင်သွားခဲ့တယ်။ ဒါပေမဲ့ လမ်းမှာတင် လည်နေတာ လမ်းနဲ့စခန်းနဲ့ကလည်း ဝေးတော့ ဘယ်နားသွားရမှန်းလဲ မသိတော့ဘူး။ ဒါပေမဲ့ အဲဒီနားတင် တယောက်ယောက်တော့ တွေ့မှာပဲဆိုတော့ လမ်းမှာပဲ ထိုင်နေပြီးတော့ ကံကောင်းချင်တော့ စခန်းထဲက သူငယ်ချင်းတယောက်နဲ့ပဲ လမ်းမှာတွေ့ပြီးတော့ သူတို့ဆီ ရောက်သွားတယ်။

အကြောင်းပြချက်မဲ့သွားတဲ့ ဘဝ၊ မပျောက်ပျက်ရမယ့် သမိုင်းနဲ့ ပြန်လည်ရှင်သန်ခြင်း

အဲဒါပြီးတဲ့အချိန်မှာ ညီမ တော်တော်ကြီးကို ကိုယ့်ကိုယ်ကိုယ် ပြိုလဲသွားတယ်လို့ ထင်တယ်၊ ကိုယ့်ကိုယ်ကိုယ်တောင်မှ ဘာတွေဖြစ်ခဲ့မှန်းမသိဘူး။ memories ပြန်တက်ရင် ကိုယ် အရမ်းကြီးကို ပြိုလဲခဲ့မှန်းတော့ သိတယ်ပေါ့။ လုံးဝ တယောက်တည်း ဆုံးရှုံးလိုက်ရတာ မဟုတ်ဘူး အများကြီးကို ဆုံးရှုံးလိုက်ရတာ။ အဲဒီအချိန်တုန်းကတော့ ညီမရုပ်ရှင်ထဲမှာ dialoage တခု ပါတယ်၊ ဘဝမှာ အသက်ရှင်ဖို့ အကြောင်းပြချက် မဲ့နေတာမျိုး မဟုတ်လား၊ အဲဒီစကားလုံးပေါ့။ အဲဒါက တကယ်ပေါ့၊ တကယ်ကို အကြောင်းပြချက်မဲ့သွားတာ။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ဖို့တော့ မတွေးဖြစ်ဘူးပေါ့။ ပထမတချက်က သူက ကြိုက်မှာမဟုတ်ဘူးပေါ့၊ သူ ကြည်ဖြူမှာ မဟုတ်ဘူး၊ လုပ်စေချင်မှာ မဟုတ်ဘူးဆိုတာ ညီမ သိတယ်ပေါ့။ နောက်တချက်က  ညီမတို့ ဆုံးရှုံးသွားတဲ့ သူငယ်ချင်းတွေ အဲဒီမှာစုပြီး ပြောခဲ့တဲ့ စကားတွေရှိတယ်ပေါ့၊ ငါတို့က survive ဖြစ်ရမယ်ပေါ့။ ဒီခွေးတွေ လက်ထဲမှာတော့ မသေရဘူးပေါ့ အဲဒီလိုမျိုး ပြောထားခဲ့ကြတာတွေ ရှိတယ်ပေါ့။ နောက်ပြီးတော့ သူတို့အနေနဲ့လည်း ဒါတွေကို သူတို့ဆီက သင်ခဲ့တဲ့အရာတွေကို တခြားနေရာတွေ ဖြန့်ဝေပေးဖို့ ပြောခဲ့တာ အကူအညီတောင်းခဲ့တာရှိတယ်။ 

နောက်တချက် တွေးမိတာက အဓိကအချက်ပေါ့။ အဲဒီကာလတုန်းက ညီမတို့က ရဲဘော် ဘယ်နှယောက်က ဘာကိစ္စနဲ့ ကျသွားပါပြီဆိုတဲ့ သတင်းတွေက အရမ်းတင်လို့မရဘူးပေါ့။ သူတို့ ကျဆုံးသွားတယ် ဆိုတဲ့ဟာလည်း သတင်းတွေ အရမ်းကြီး မထွက်လိုက်ဘူး။ သိတဲ့ အသိုက်အဝန်းလောက် သိတဲ့နယ်ပယ်လောက်ပဲ သိလိုက်တယ်ပေါ့။ အဲဒီတော့ ညီမ ဆက်ရှိနေမှ အခုလိုမျိုး သူတို့အကြောင်းတွေ ညီမက ပြန်ပြောနိုင်မှာပေါ့။ ဒီလူငယ်တွေဟာ ဘယ်လို ဆက်ရှိခဲ့တယ်။ သူတို့ ဘယ်လို ဒီနေရာမှာ တည်ရှိခဲ့တယ်။ သူတို့ ဘယ်လိုတွေ တာဝန်ကျေခဲ့တယ်။ သူတို့ ဘယ်လိုတွေ ပျောက်ကွယ်သွားခဲ့ရတယ် ဆိုတဲ့ သတင်းတွေ အကြောင်းအရာတွေ သူတို့ရဲ့ သမိုင်းတွေကို ပြန်ပြောဖို့ ညီမတို့မှာ ရှင်နေတဲ့သူတွေရဲ့ တာဝန်ပေါ့၊ ညီမရဲ့ တာဝန်လို့ ညီမကတော့ တွေးထားတယ်ပေါ့။ အဲဒီချိန်တုန်းကတော့ သူတို့တွေရဲ့ ကျဆုံးမှုကို ငါ့မှာ လွတ်လွတ်လပ်လပ်လည်း တင်ခွင့်မရှိဘူး။ လွတ်လွတ်လပ်လပ်လည်း ပြောခွင့်မရှိဘူး။ ဒါပေမဲ့ သူတို့ရဲ့ သမိုင်းကတော့ မပျောက်စေရဘူးပေါ့နော်။ အဲဒီလိုမျိုး အတွေးတွေနဲ့ပဲ နောက်ပြီးတော့ သူတို့ မပြီးသေးတဲ့ အလုပ်တွေရှိတယ်ပေါ့ အဲဒါတွေကို ဆက်လုပ်ရမယ်ဆိုတဲ့ ဟာမျိုးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးပြီးတော့ပဲ ရှေ့ဆက်တယ်ပေါ့။ အမှန်တော့ အဲဒီမှာတင် ညီမရဲ့ ပထမဘဝ သေသွားပြီးပေါ့နော်။ သူ အဲဒီလို accident ဖြစ်တယ်ဆိုတာ သိပြီးတော့ သူရှိတဲ့နေရာ ရောက်လာတယ်။ သူတို့အဖွဲ့မှာ ဘယ်သူ့မှ မရှိတော့ဘူး။ တယောက်ပဲ ကျန်ခဲ့တာ။ ကျန်ခဲ့တဲ့လူတွေနဲ့ပဲ အဲဒီအဖွဲ့လေး ဖြစ်အောင် ပြန်လုပ်ခဲ့တယ်။ အဲဒီမှာပဲ ဆက်လုပ်ခဲ့တယ်။ အဲဒီမောင်လေးနဲ့ ညီမနဲ့ ဒီအဖွဲ့လေး ပြန်ဖြစ်ဖို့ အလုပ်တွေ ပြန်လုပ်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ နောက်တလ အကြာမှာပဲ သူလည်း ဆုံးသွားတယ်။ 

မှတ်ဉာဏ်ထဲက ဇာတ်ညွှန်းနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားခဲ့ရချိန်

စပြီးတော့ ဇာတ်ညွှန်းရေးတဲ့အချိန်မှာက ရိုက်ဖို့တော့ မဟုတ်သေးဘူး။ ချက်ချင်းကြီး ရိုက်ဖို့ဆိုပြီး ရေးလိုက်တာမျိုး မဟုတ်ဘူး။ အဲဒီချိန်တုန်းက ချက်ချင်းရေးလိုက်ချင်တယ် ဆိုတာက ညီမမှာရှိတဲ့ မှတ်ဉာဏ်တွေ မပျောက်မပျက်ခင်မှာ နောက်ပြီးတော့ ညီမတို့ ဇာတ်ညွှန်းသမားတွေက တခုခုကို မီးလင်းသွားပြီ၊ တခုခုကို ရေးချင်ပြီဆိုရင် ချက်ချင်းကောက်ချရေးလိုက်မှ တကယ်ကို ဇာတ်ညွှန်းတခု ဖြစ်သွားမှာပေါ့။ အဲဒီလိုမျိုး အရမ်းရေးချင်စိတ်ရှိနေတာရယ်။ နောက်တခုက မမေ့ခင် သူတို့ပြောတဲ့ dialoage တွေ သူတို့ပြောခဲ့တဲ့ဟာတွေ သူတို့အကြောင်းအရာတွေ မမေ့ခင်မှာ အကုန်လုံးကို memorise ပုံစံ ရေးထားတာပေါ့။ အဲဒီလိုကြောင့်ပဲ ညီမ ချရေးဖြစ်သွားတယ်။ အဲဒီအချိန်ပြီးတော့ ရန်ကုန်ကို ခိုးပြန်လိုက်သေးတယ်။ သူ့အမေနဲ့ သွားတွေ့တယ်။ သူ့အမေ ပြောခဲ့တဲ့ စကားတွေကို ညီမကိုယ်တိုင် နားထောင်ခဲ့ရတယ်။ ရက်လည်တောင် အိမ်မှာ လုပ်လို့မရဘူး။ ရပ်ကွက်ထဲက သိမှာစိုးလို့ သားရဲ့ ရက်လည်မှာ အိမ်မှာ ဈေးဆိုင် ဒီတိုင်းပဲ ဟန်မပျက် ဖွင့်ထားရတယ်။ ဘုန်းကြီးကျောင်းမှာပဲ ရက်လည်ကို တိုးတိုးတိတ်တိတ်လုပ်၊ အဲဒီလိုမျိုးတွေ လုပ်ခဲ့ရတယ်။ သူ့အမေ ပြောသမျှ စကားတွေ ကြားခဲ့ရတယ်။ အဲဒီလို ဖြစ်နေတဲ့အတွက် ညီမက မှတ်ဉာဏ်တွေကို မပျောက်ခင်မှာ အကုန်လုံးကို ချရေးချင်တယ်။ အဲဒီလိုပုံစံနဲ့ ရေးထားတာပါ။ စပြီးတော့ ရေးဖြစ်ဖို့ တွေးတာကတော့ ညီမဇာတ်လမ်းထဲမှာ ဆိုရင်ပါရင် နောက်ဆုံးခန်းလေးပေါ့။ အဲဒီအခန်းလေးက အပြင်မှာလည်း တကယ် အဲဒီလိုပုံစံ ရှိခဲ့တယ်။ အဲဒီကနေစပြီး‌တော့ ဇာတ်ညွှန်းရေးဖို့ တွေးဖြစ်သွားတယ်ပေါ့။ ဇာတ်ညွှန်းက ရေးနေတဲ့အချိန်ရော ရိုက်နေတဲ့အချိန်ရော edit လုပ်နေတဲ့အချိန်ရော အဆင်ကမပြေဘူးပေါ့ မပြေပေမဲ့လည်း ညီမရေးရမယ်ဆိုတဲ့ အလုပ်တွေနဲ့ ရေးဖြစ်နေတာပဲပေါ့ အဲ့ကာလတွေကတော့ အလဲလဲအကွဲကွဲပါပဲ။ ပြီးတော့ ညီမဆိုရင်လည်း ရိုက်ပြီးတော့ ၆ လကျော်လောက် Edit သမားကိုရော Editor ကိုလည်း ဘာမှမပြောဘူး။ ဒီတိုင်းပဲ ရုပ်ရှင်ကြီးကို ဒီတိုင်းလွှတ်ထားလိုက်တာ။ စိတ်ကဘယ်လိုမှ ဆက်လုပ်ဖို့ အဆင်မပြေတော့တာ။ အဲ့လိုမှ မဟုတ်ဘူး ရိုက်ကူးရေးပြန်လာပြီးတဲ့အချိန်မှာလည်း ညီမရဲ့  cast တွေ crew တွေ တော်တော်များများလည်း counselling ဝင်ရတယ်။ သူတို့လည်း အဆင်မပြေကြဘူးပေါ့။ အဲ့ဒါကြောင့်လည်း ဒီ project ကကြာသွားတာ။ ဘာမှမလုပ်ပဲ ဇာတ်လမ်းကြီးကို ခဏမေ့ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ ကယ်ရတဲ့အချိန်တွေက နည်းနည်းကြာသွားတယ်။

 ရိုက်ကူးရေး နောက်ကွယ်က အခက်အခဲများနှင့် စိန်ခေါ်မှုများ 

ရိုက်ကူးရေးက ၂ ပိုင်းလုပ်တာပေါ့ အချိန်က ၁ လနီးပါးကြာတယ်။ ၁ ပိုင်းကတော့ တောထဲမှာ ရိုက်တယ်။ ၁ ပိုင်းကတော့ မဲဆောက်မှာရိုက်တယ်။ ၂ ပိုင်းလုံးမှာ စိန်ခေါ်မှုတွေကတော့ ရှိတယ်။ ရိုက်ကူးရေးနဲ့ပတ်သတ်ရင် ပထမဆုံးကြုံရတာကတော့ Location နေရာပေါ့။ filmmaker တယောက်အနေနဲ့ အဲ့ဒါကတော့ အရမ်းတော့ မသက်သာဘူးပေါ့။  Location စိတ်ကြိုက်မရတာမျိုး၊ မျက်လုံးထဲမြင်ထားတာတွေ မရတာမျိုး အဲ့ဒါတော့ အခက်အခဲတခုပေါ့။ နောက်တခုက cast ပေါ့ သရုပ်ဆောင် ရှာဖွေတာ တော်တော်ကြီးကို ခက်တယ်။ ဘာလို့လဲဆိုတော့ တောထဲမှာ ရက် ၂၀ နီးပါး သွားရိုက်ရမှာ အထဲကိုပြန်ဝင်ရမှာ ဖြစ်တဲ့အတွက် အထူးသဖြင့် အမျိုးသမီး ဇာတ်ကောင်တွေ ရှာတဲ့အချိန်မှာ အများစုက အဲ့အတွက် အဆင်မပြေကြဘူးပေါ့။ လုံခြုံရေးကို စိုးရိမ်ကြတယ်။ ညီမတို့ဘက်ကလည်း သူတို့ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အာမခံချက်ကို မပေးနိုင်ဘူးပေါ့။ ဟိုရောက်ရင်လည်း မင်းသမီးလို နေရမှာမဟုတ်ဘူး။ ဟိုရောက်သွားရင်တော့ ရဲဘော်တွေပဲ။ ရဲဘော်အတိုင်းပဲ နေတာ စားတာ အကုန်လုံး တူတူပဲ လုပ်ရမှာပေါ့။ အဲ့မှာ တိုက်ပွဲတွေက ဖြစ်ချင်လည်း ဖြစ်မယ် ပြေးရင်လည်း ပြေးရမှာပေါ့။ ညီမမှာတော့ ဘာမှ အာမခံချက်တော့ မပေးနိုင်ဘူးပေါ့။ နောက်ဆုံးတော့ ဒီညီမလေးကို ရှာတွေ့သွားတဲ့အချိန်မှာတော့ တော်တော်လေး အဆင်ပြေသွားတယ်ပေါ့။

နောက်တခုက ညီမက မိုးတွင်းကို ရိုက်ချင်တာပေါ့။ ဇာတ်လမ်းအရရော လုံခြုံရေးအရရော မိုးတွင်းမှာရိုက်ချင်တယ်။ ပွင့်လင်းရာသီဆိုရင် တိုက်ပွဲတွေက ဖြစ်တတ်တယ်။ မိုးတွင်းကျရင် နည်းနည်းသက်သာတယ်ဆိုပြီး မိုးတွင်းကိုလည်း တမင်ရွေးပြီး ရိုက်တာဖြစ်တဲ့အတွက် မိုးတွင်းဆိုတော့ သွားလာရတာ လမ်းခရီးခက်ခဲတာတွေ ရိုက်ကူးရေးမှာ မိုးကရွာလိုက် တိတ်သွားလိုက်နဲ့ ဒုက္ခများခဲ့တဲ့ စိန်ခေါ်မှုတွေကတော့ တောထဲမှာ ရှိတယ်ပေါ့။ နောက်ပြီး ကုန်ကျစရိတ်ပိုင်းမှာလည်း  အကန့်အသတ်ရှိနေတယ်။ မဲဆောက်မှာရိုက်ရတဲ့ဟာမျိုးပေါ့ မဲဆောက်ကို ညီမတို့က ရန်ကုန်ပုံစံရိုက်ရတာ မဲဆောက်က ရန်ကုန်နဲ့ ဘယ်နေရာမှ တူမနေဘူး။ မြို့ထဲက ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ တိုက်ကလေးတွေ အဲ့လိုမျိုးတွေကို မျက်လုံးထဲမှာ မြင်ထားတာပေါ့။ ဒါပေမဲ့ မဲဆောက်မှာ အဲ့လိုနေရာတွေ ဘယ်လိုမှ ရှိမနေဘူး။ ရှာလို့မရခဲ့ဘူး။ အဲဒီလိုမျိုးတွေတော့ ရှိခဲ့ပါတယ်။

မပြုံးနိုင်ခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့ စိတ်ဒဏ်ရာတွေကို အမြစ်ကနေ ပြန်တူးဖော်ခဲ့ရသည့် ရိုက်ကူးရေး

ရိုက်ကူးရေးကာလဆိုရင် မဲဆောက်ဘက်မှာ ရိုက်တာထက်စာရင် တောထဲမှာ သွားရိုက်တဲ့ကာလတွေက ညီမတို့အတွက် တကယ်အမှတ်တရ ဖြစ်စေတယ်။ ဘယ်လိုလဲဆိုတော့ ညီမတို့က ရဲဘော်တွေ အကုန်လုံးဖြစ်တယ် ရဲဘော်တွေ ဖြစ်ခဲ့ဖူးတဲ့သူတွေ ဖြစ်တဲ့အတွက် ညီမဇာတ်လမ်းမှာပါတဲ့အရာတွေက သူတို့အတွက်က သရုပ်ဆောင်နေရတာ မဟုတ်တော့ဘူး ဒါတွေကသူတို့ကြုံဖူးပြီးသားတွေပဲပေါ့ ညီမတို့ထဲမှာ ကိုယ့်သူငယ်ချင်းတယောက်လောက် မဆုံးဖူးတဲ့သူ ဘယ်သူ့မှ မရှိဘူး။ သူတို့က သရုပ်ဆောင်နေတာ မဟုတ်ဘူး သူတို့ကြုံခဲ့တဲ့ဟာတွေကို ပြန်ပြောပြနေတာပေါ့။ ကိုယ်စီမှာ ဒဏ်ရာတွေရှိတယ်။ ညီမတို့ တယောက်တနေရာစီခွဲနေရင်းနဲ့က အဲ့ဒဏ်ရာတွေကို မရှိတော့သယောင် မေ့ဟန်ဆောင်ပြီးတော့ ကိုယ့်ဟာနဲ့ကိုယ် လုပ်စရာရှိတာတွေ ဆက်လုပ်နိုင်တယ်ပေါ့။ အဲ့ဒါတွေကို အကုန်ပြန်ပြီးတော့ တနေရာထဲ စုလိုက်တဲ့အချိန်ကျတော့ ညီမတို့မှာ ပြောစရာ ဒီအကြောင်းတွေပဲ ရှိတယ်။ သရုပ်ဆောင်နေရတာလည်း ဒီအရာတွေပဲဆိုတော့ ရိုက်ကူးရေးလုပ်တဲ့ ညတိုင်းမှာ ငိုပွဲရှိတယ်။ အကုန်လုံးစုပြီးတော့ ဟိုဟာပြောလိုက် ဟိုလူ့ သတိရလိုက် ဒီလူ့သတိရလိုက် တော်တော်လေးကို ဒဏ်ရာတွေပြန်ပြီးတော့ တူးဖော်ခဲ့ကြတဲ့ အချိန်တွေလို့ ပြောလို့ရတယ်။ ညီမအတွက်ဆိုလည်း ၂ နှစ်နီးပါးလောက် ထွက်ပြေးနေခဲ့တယ်ပဲ ပြောရမယ်ပေါ့။ ဒီအဖြစ်အပျက်အမှန်ကြီးကနေ ကိုယ့်ဘာသာကိုယ် ရှောင်ပြေးနေခဲ့တယ်ပေါ့။ အဲ့ကနေမှ အဲ့နေရာတွေ ပြန်ရောက်သွားတယ်။ အဲ့ဒေသတွေ ပြန်ရောက်သွားတယ်။ ပြီးတော့ အဲ့လူတွေပေါ့ သူနဲ့သိခဲ့တဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရတယ်။ နောက်ဆုံးဒီလူတွေပေါ့ နောက်ဆုံး သူတို့ အရိုးပြာအိုးတွေကအစ သူတို့ ဗိမာန်တွေအစ နောက်ဆုံး သူတို့ရဲ့  ဗိမာန်လေးကို ညီမကိုယ်တိုင်လည်း ဆေးသုတ်ခဲ့တယ်ပေါ့။ အဲ့ဒါတွေပြန်လုပ်ရတဲ့အတွက် အကုန်လုံးကို မပျောက်တဲ့အနာတခုကို အမြစ်ကနေစပြီး ပြန်ဖော်ရသလိုဖြစ်တော့ တော်တော်ကို စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာတော့ ဖြစ်ခဲ့တယ်ပေါ့။

အကုန်လုံးက ဘယ်သူ့မှတော့ အဆင်ပြေမနေဘူး။ အဲ့ဒါကြောင့်လဲ ပြန်လာပြီးတဲ့အချိန်မှာ counselling ဝင်ရတာတို့ ခဏလေးနားလိုက်ရတာတို့ မင်းသားဆိုရင်လည်း သူအဆင်မပြေလို့ ညီမတို့ ရူတင်တရက် ဖျက်လိုက်ရတယ်ပေါ့။ အဲ့ဒါတော့ အမှတ်တရအဖြစ်ဆုံးပဲထင်တယ်။ အဲ့နေ့ရိုက်တဲ့ seen က ညီမဇာတ်လမ်းထဲမှာဆိုရင် ပျော်စရာအကောင်းဆုံးအခန်း ဒါပေမဲ့ မင်းသားက မပျော်နိုင်ဘူး အဲ့ချိန်မှာ ပါးစပ်က ပြုံးနေပေမဲ့ မျက်လုံးကမပျော်နိုင်ဘူး။ တောက်လျှောက်ကို တခြားဇာတ်ဝင်ခန်းတွေကို ရိုက်ခဲ့ရတော့ ဘယ်လိုမှ သူ့ mood ကို မပြောင်းနိုင်ဘူး။ ဒီနေ့တော့ မဖြစ်တော့ဘူး ရူတင်ဖျက်လိုက်ရမယ်ဆိုပြီးတော့ ဖျက်လိုက်ရတယ်။ ညီမတို့က ပျော်ရမဲ့ အရာတွေက နည်းနည်းပိုခက်နေတာ အဲ့ဒါကတော့ အမှတ်တရပါပဲ အခုချိန်ထဲလည်း‌ ပြောနေကြတုန်းပဲ။

မပြောလိုက်ရတဲ့ စကားလုံးများနဲ့ ကျန်ရစ်သူ အမျိုးသမီးတွေရဲ့ ပုန်းကွယ်နေသော ဒဏ်ရာများ

ညီမရုပ်ရှင်က ပြောမယ်ဆိုရင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေထက် သူရဲကောင်းတယောက်် ကျပြီးပြီ ဆိုရင် သူတို့ရဲ့နောက်ကွယ်မှာ အနည်းဆုံး အမျိုးသမီး ၂ ယောက်၊ ၃ ယောက်ကတော့ တသက်လုံး ဒဏ်ရာတွေနဲ့ နေရတာပဲ။ သူ့ရဲ့အမေ ရှိမယ်။ သူ့ကောင်မလေး ရှိမယ်။ သူ့ကို ချစ်တဲ့ ကောင်မလေး ရှိမယ်။ သူတို့တွေကတော့ ဒီဆုံးရှုံးမှုကို တသက်လုံးယူသွားရတာပဲ။ အပြင်လူအနေနဲ့ကတော့ ဒီရဲဘော်လေး ကျသွားတယ် စိတ်မကောင်းဖြစ်မယ်။ ဒါပေမဲ့ နောက်ထပ် နာရီဝက် တနာရီလောက်ကြာရင် သူတို့ ဟာသပို့စ် မြင်ရင် ရယ်ကောင်းရယ်နိုင်မှာပေါ့နော်။ နောက်တလ၊ နောက်ထပ် တနှစ်၊ နောက် ၁၀ နှစ်လောက်နေရင် ဒီသူရဲကောင်းအကြောင်း သူတို့ဆီမှာ ရှိချင်မှ ရှိလိမ့်မယ်။ တကယ် ဆုံးရှုံးလိုက်ရတဲ့သူတွေကတော့ လွယ်လွယ်ပျောက်သွားတဲ့အရာ မဟုတ်ဘူး၊ ဒီဆုံးရှုံးမှုက တောက်လျှောက်ကို သယ်သွားရတာပေါ့။  ညီမက ကိုယ် ချစ်တဲ့သူတယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကောင်းကောင်းသိတယ်။ ကိုယ်တိုင်လည်း သားသမီးတယောက်ကို ဆုံးရှုံးရမဲ့ မိခင်တစ်ယောက်ရဲ့ သောကကို သိတယ်။ ညီမသူငယ်ချင်းတွေကိုလည်း ဆုံးရှုံးဖူးတယ်ပေါ့။ ဒီဆုံးရှုံးလိုက်ရတဲ့ အရာကြီးကို ကောင်းကောင်းသိတယ်၊ သိတော့  ဘယ်သူ့ကိုမှ မကြုံစေချင်ဘူး၊ ဘယ်သူ့ကိုမှတော့ ဒီဆုံးရှုံးမှုကြီးကို မကြုံစေချင်ဘူး။ ဒါက ကိုယ်တိုင်ကြုံဖူးမှ သိမဲ့ ခံစားချက်မျိုးပါ ကိုယ်တိုင် ကြုံလိုက်ရတာနဲ့ ဘေးကနေ စိတ်မကောင်းဖြစ်ရတာက တော်တော်ကြီးကို ကွာခြားတယ်။ ညီမကတော့ အဲဒါကြီးကို ကံမကောင်းစွာပဲ ကြုံလိုက်ရတယ်။

ဒါကြောင့်မို့ အဲဒါတွေကို ဖော်ပြချင်တယ်ပေါ့။ ဒီလို အမေတွေ ရှိခဲ့တယ်ဆိုတဲ့အကြောင်း ဒီလို ကောင်မလေးတွေ ရှိခဲ့တယ်ဆိုတဲ့အကြောင်း သူငယ်ချင်းတွေ ရှိခဲ့တယ်ဆိုတဲ့အကြောင်း ဖော်ပြချင်တယ်ပေါ့။ လူတွေကို ပြောပြချင်တယ်ပေါ့။ ညီမကိုယ်တိုင်ကလည်း အမျိုးသမီး ဖြစ်နေတော့ အမျိုးသမီးတွေရဲ့  ခံစားချက်နဲ့ပတ်သက်ရင် ပိုပြီးတော့ နားလည်မယ် ထင်တယ်။ အဲဒါကြောင့်လည်း ညီမဇာတ်လမ်းက မိန်းကလေး ဇာတ်လမ်းဖြစ်သွားမယ် ထင်တယ်။ ညီမဇာတ်လမ်းမှာ ဆိုရင် မင်းသားက အဓိက main character မဟုတ်ဘူး။ နောက်တခုက ဒီဇာတ်လမ်းနဲ့ပတ်သက်ရင် ရေးဖြစ်ခဲ့တာက ညီမဆိုရင် မပြောဖြစ်လိုက်တဲ့ဟာတွေ ဆက်သွယ်ရေးအခြေအနေ ဖုန်းလိုင်း အဆင်မပြေတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မပြောဖြစ်လိုက်တဲ့ အခြေအနေ မပြောဖြစ်လိုက်တဲ့ စကားတွေ အများကြီးရှိတယ်။ နောက် အမြဲတမ်းတွေ့တော့မှာပဲ အချိန်ရပါသေးတယ် ဆိုပြီးတော့ တွေ့မှပဲ ဘယ်လိုပုံစံ ပြောမယ် ဆိုပြီးတော့ အဲဒီလို စိတ်ကူးယဉ်ထားတာတွေ အများကြီးရှိတယ်။ ညီမက မပြောလိုက်ရဘူး။ အဲဒီအချိန်ကျတော့မှ ဘယ်သူ့ကို လိုက်ပြောရမှန်း မသိတော့ဘူး။ ဟိုလူ့ကိုလည်း လိုက်ပြောချင်တယ်။ ဒီလူ့ကိုလည်း လိုက်ပြောချင်တယ်။ အကုန်လုံးကိုပေါ့နော် သူ့ကျတော့ ဆက်သွယ်လို့ မရတော့ဘူးလေ။ အဲဒီတော့ ဒီဇာတ်လမ်းက အဲ့လိုမျိုးပဲ၊ ကိုယ်ဘာတွေ ဖြစ်နေတယ်ပေါ့၊ ဘယ်လောက်တောင် ကိုယ်ချစ်ခဲ့ပါတယ်၊ ဘာတွေဖြစ်ခဲ့ပါတယ် ဆိုတဲ့ဟာကို လူတွေကို ရင်ဖွင့်ပြီး ပြောပြတဲ့ သဘောပဲပေါ့နော်။ သူ့ကို ပြောပြလို့ မရလို့ တခြားသူကို ပြောပြတဲ့သဘောပါပဲ။ ဒီဇာတ်လမ်းတခုလုံးမှာ ပါသမျှ scene တွေအကုန်လုံးက အပြင်မှာ တကယ်ကို ရှိတယ်၊ သူများပြောလို့ သိတာမဟုတ်ဘူး။ ညီမကိုယ်တိုင် အကုန်ကြုံခဲ့ဖူးတဲ့ အရာတွေချည်းပဲပေါ့။ ဘယ်နေရာလေး၊ ဘယ်သူ့အကြောင်း၊ ဘယ်နေရာလေး၊ ဘယ်သူ ပြောခဲ့တဲ့ စကားလုံး ဆိုတဲ့ ဒီဇာတ်လမ်းကြီး တခုလုံးမှာ ညီမ သူငယ်ချင်းတွေ၊ ညီမရဲဘော်တွေ၊ ညီမ မောင်လေးတွေ အကြောင်းပေါ့၊ အကုန်ပါတယ်။ အပြင်လူက သိချင်မှသိမယ်။ ဇာတ်လမ်းအနေနဲ့ပဲ သိမယ်။ ညီမအတွက်ကတော့ ဇာတ်ကွက်တိုင်းမှာ အမှတ်တရ ရှိတယ်။ ဒီ dialoage ဆိုရင် ဘယ်သူက ဘယ်အခြေအနေမှာ ဘာကြောင့်ပြောခဲ့တာ ဆိုတဲ့ ဟာမျိုးတွေပေါ့နော်။ အပြင်မှာ ဒီဇာတ်လမ်းကြည့်ပြီး ငိုကြတယ်၊ စိတ်မကောင်းဖြစ်ကြတယ်၊ အဲဒီလိုမျိုးတွေ ပြောကြတယ်ပေါ့။ တကယ်တော့ ဒီဇာတ်လမ်းက ညီမတို့ ချပြထားတဲ့ ဒဏ်ရာရဲ့ ၁၀ ပုံ တပုံတောင် မရှိသေးဘူး။ ရှိသမျှ ဒဏ်ရာတွေက ချပြလို့မရဘူး။ ကိုယ်တိုင်လည်း စိတ်ကျန်းမာရေးမကောင်းဘူး၊ ပြလည်း မပြချင်ဘူး။ ဒါက မဖြစ်မနေမို့လို့ ဇာတ်လမ်းထဲမှာ ထည့်ရေးလို့ရမယ်ဆိုတဲ့ အပေါ်ယံပဲ ရေးထားတဲ့ဟာမျိုးပါ။ 

ဒီဘဝ မဆုံနိုင်တော့ပေမဲ့ သေတဲ့အထိ ချစ်သွားမယ် “ Until We Meet Again” 

ဒီဘက်ကိုရောက်လာတဲ့သူတိုင်း ပြောဖြစ်တဲ့စကားရှိတယ်။ တယောက်နဲ့တယောက် နှုတ်ဆက်ရင်လေ ဂရုစိုက်နော် ပြန်ဆုံကြမယ်နော် ဒါက မပြောဖူးတဲ့သူဆိုတာ ဒီကာလမှာ ရှားလိမ့်မယ်။ ဘာလို့လဲဆိုရင် တယောက်နဲ့တယောက် တနေရာကနေ တနေရာ ခွဲပြီးပြီဆိုရင် ဘယ်အချိန်မှ ပြန်ဆုံရတော့မယ်၊ ဘယ်တော့မှ ပြန်ဆုံရတော့မယ်ဆိုတာ မသိရတော့ဘူးပေါ့နော်။ ကျိန်းသေတာတော့ ညီမက ညီမဆုံချင်တဲ့သူနဲ့တော့ မဆုံတော့ဘူးပေါ့။ ဒီဘဝမှာတော့ ဘယ်လိုမှ ပြန်မဆုံတော့ဘူး။ “Until We Meet Again” ဆိုတာတော့ “ ဒီဘဝမှာတော့ ပြန်မဆုံတော့ဘူး နောက်ဘယ်တော့ ဆုံမလဲတော့မသိဘူး ဒီဘဝမှတော့ ငါသေတဲ့အထိတော့ နင့်ကို ချစ်သွားမယ် “ လို့ ပြောချင်တာပေါ့နော်။ 

ရုပ်ရှင်မှ ရရှိမည့်  ရန်ပုံငွေများအား လှူဒါန်းမည်

ဒီဇာတ်ကားကို လာမဲ့ ဩဂုတ်လပိုင်းမှာ အများပြည်သူတွေကို ပြသသွားဖို့ရှိပါတယ်။ ထိုင်းမှာဆိုရင် ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက် ၃ မြို့။ လုံခြုံရေးအရတော့ နေရာတွေ မပြောသေးဘူးပေါ့နော်။ ဩစတြေးလျမှာ ၃ မြို့ရှိမယ်။ အမေရိကန်မှာ ၂  မြို့။ ပြင်သစ်မှာ တ မြို့ရှိမယ်။ အချိန်ကာလကတော့ ၈ လပိုင်းနဲ့ ၉ လပိုင်းကြားမှာ ရှိပါမယ်။ ရက်တွေကတော့ “ Until We Meet Again” facebook page ကနေ ပြန်ပြောပေးမှာပါ။ ဒီပွဲက ရတဲ့အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းကို ညီမရဲ့ crew တွေ cast တွေကို အကုန်လုံး အချိုးကျ ပြန်ခွဲပေးမှာပေါ့နော်။ ၇၀ ရာခိုင်နှုန်းကတော့ ထောက်ပို့ပါပဲ။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013