DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဇာတ်သဘင် စစ်အာဏာရှင် အသုံးချခံ ဖြစ်နေပြီလား
ဝေဝေ
·
June 15, 2026
Photo: DVB
Photo: DVB
Donate to DVB

အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်စည်ကားလာတဲ့ ဇာတ်သဘင်ပွဲတွေကို မြန်မာ့ရိုးရာအနုပညာ ဖော်ထုတ်မှုလို့ ရှုမြင်သူရှိသလို စစ်အာဏာရှင်ရဲ့ နိုင်ငံရေးပုံရိပ် တည်ဆောက်ဖို့အတွက် အသုံးချခံနေရတယ်လို့ ဝေဖန်သုံးသပ်သူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဇာတ်သဘင်ပွဲကြီးတွေ၊ ဖျော်ဖြေရေးပွဲတွေက တဟုန်ထိုး ပြန်လည်ဆန်းသစ်လာခဲ့ပြီး ဇာတ်ပွဲကြိုက်တဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပြန်ရလာတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဒါပေမဲ့ CDM သဘင်အနုပညာသည်တွေကတော့ စစ်အာဏာရှင်ရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ရှုမြင်ကြပါတယ်။

CDM မင်းသမီး စန်းနီလာဝင်းက “အာဏာသိမ်းပြီး နောက်ပိုင်းမှာ  ဇာတ်သဘင်က တခေတ် ပြန်ပြီး ဆန်းထလာတာပေါ့နော်။ အင်အားကြီးကြီးနဲ့ပေါ့နော်။ ထိုးပြီးထွက်လာတယ် ဆိုတော့လည်း တော်တော်ကြီးကို ကြီးကျယ်ခမ်းနားမှုတွေနဲ့ မြင်ရတာပေါ့နော် အစ်မတို့လည်း။ အစ်မတို့ သဘင်ဘက်က အနုပညာရှင်တွေက ကျတော့လေ အသုံးချခံတဲ့အထဲမှာလည်း ပါတယ်။ ပြီးတော့ သဘင်ပညာရှင်တွေဆိုတာ အရမ်းကြောက်တတ်တယ်၊ သူတို့ တခုခုနဲ့ ခြိမ်းခြောက်လိုက်ရင် သူတို့ အရမ်းကြောက်တတ်တယ်။ တနည်းအားဖြင့် အဆင်မပြေတဲ့သူတွေ ပိုက်ဆံမရှိတဲ့သူတွေ ပိုများတယ် သဘင်လောကဘက်က။ သူတို့ရဲ့ အားနည်းချက်တွေကို ဟိုဘက်က ကောင်းကောင်းသိတယ် စစ်ကောင်စီက။ ဒီလိုမျိုး စုတ်ပြတ်သတ်နေတဲ့ အချိန်မှာမှ အနုပညာကို ဖော်ထုတ်ရမဲ့ အချိန်အခါလည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူက ဖော်ထုတ်နေကြတယ်။ ဒါတွေက ပုံရိပ်တွေကိုချပြတာ၊ နိုင်ငံတကာမှာ မြန်မာနိုင်ငံကြီးက ပွဲလမ်းသဘင်တွေနဲ့ ဘယ်လို စည်ကားသာယာနေတယ်၊ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးကို လုပ်နေပါတယ်ဆိုတဲ့ ပုံရိပ်တွေကို ကောင်းကောင်း အသုံးချခံရတာလို့ပဲ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

သဘင်အနုပညာရှင်တွေဟာ ခေတ်အဆက်ဆက် အသုံးချခံ အနုပညာသည်တွေ ဖြစ်ခဲ့ရပြီး အခုခေတ်ကာလမှာလည်း  စစ်အာဏာရှင်ရဲ့ အားထုတ်ကြိုးစားထားရတဲ့ ရလဒ်အနေနဲ့ သဘင်အနုပညာရှင်တွေဟာ နိုင်ငံရေးပုံရိပ်အတွက် ဆက်လက်အသုံးချခံ ဖြစ်နေရကြောင်းလည်း သုံးသပ်နေကြပါတယ်။

ဟားငါးကောင်လူရွှင်တော်အဖွဲ့မှ တိုင်းကျော်က “ရှေ့မှာလည်း ဒီလိုပဲ အသုံးချခံ ဖြစ်ခဲ့တာပဲပေါ့နော်။ စစ်ကောင်စီက ဒါကို ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတာ။ ရှေ့မှာတုန်းကတော့ မြဝတီငြိမ်းချမ်းရေးပွဲတို့၊ တခြား ဝါဒဖြန့်တဲ့ စစ်ကားတွေ ရိုက်ခဲ့တာတော့ ရှိမှာပေါ့။ တကြောပေါ့နော်၊ အစ်ကိုတို့ မမွေးခင် အစ်ကိုတို့ ငယ်ငယ်တုန်းကတော့ သူတို့ အောင်အောင်မြင်မြင်ကို အသုံးချခဲ့တာပါ။ ဒီနွေဦးတော်လှန်ရေးမှာ သူတို့ ကျားကုတ်ကျားခဲ ကြိုးစားရတာ။ အစပိုင်းမှာ အခက်အခဲတွေ ကြားထဲကနေ တော်တော်ကို လုပ်ဆောင်နိုင်ခဲ့တာပေါ့နော်။ ရုပ်ရှင်တွေကော၊ ရန်ပုံငွေ ငြိမ်းချမ်းရေး ဖျော်ဖြေပွဲတွေ၊ အငြိမ့်တွေ၊ တေးသီချင်းတွေ အများကြီး လုပ်နိုင်တဲ့အချိန်မှာ သူတို့ ဒီဝါဒဖြန့်ဖို့ အရမ်းခက်ခဲတယ်။ အစ်ကိုတို့ တော်လှန်ရေးမှာပါကြတဲ့ ညီအစ်ကိုတွေက တယောက်တနေရာစီ ဖြစ်နေကြတဲ့အခါမှာ အစ်ကိုတို့ဘက်က တင်ဆက်ပုံတွေ နည်းနည်း ကျဲသွားတာပေါ့နော်။ ကျဲသွားတဲ့အခါမှာ သူတို့ဘက်က နည်းနည်းအားသာတယ်လို့ပဲ မြင်တယ်။ သူတို့ အောင်မြင်နေတာ မဟုတ်ဘူး။ အခုမှ သူတို့ ကျားကုတ်ကျားခဲကြိုးစားတဲ့ဟာ လည်ပတ်ရုံလေးပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဇာတ်သဘင်နဲ့ ဖျော်ဖြေရေးကဏ္ဍတွေ ပြန်လည်အသက်ဝင်လာတာဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်တဲ့ လုပ်ဆောင်ချက်လား၊ ဒါမှမဟုတ် နိုင်ငံရေးပုံရိပ် တည်ဆောက်ရေးအတွက် အသုံးချခံ နေရတာလား ဆိုတဲ့ မေးခွန်းတွေအပေါ် လူထုကြားမှာလည်း အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013