Home
ဆောင်းပါး
မင်းအောင်လှိုင်ယုံကြည်မှု ကျဆင်းနေတဲ့ သက်သေ
DVB
·
July 15, 2023

ရက်များမကြာမီ အာဏာလက်လွှတ်ရရုံတင်မက ထိုင်းနိုင်ငံရေးပလက်ဖောင်းပေါ် နောက်ထပ်တွေ့ ရဖို့ပင် မဖြစ်နိုင်တော့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဟာ မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ မမြင်ရတဲ့အကျိုးစီးပွားနဲ့ အပေးအယူ ဘာတွေရှိနေသလဲလို့ မေးခွန်းထုတ်ရလောက်အောင် စစ်အုပ်စုအရေး သွက်သွက်ပြေးလွန်းလှတယ်။

မကြာသေးတဲ့ ဇွန်လ ၁၈ နဲ့ ၁၉ ရက်က ထိုင်းနိုင်ငံ၊ ပတ္တရားမှာ မြန်မာအကြမ်းဖက်စစ်အုပ်စုအတွက် ထိုင်းအစိုးရ ကမကထ ကုသိုလ်ပြု အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ကျင်းပကာ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်။

အဲဒီဆွေးနွေးပွဲကို အာဆီယံရဲ့ အရေးပါတဲ့နိုင်ငံတွေ အသိအမှတ်ပြုတက်ရောက်ခြင်းမရှိ။ လာအို၊ ကမ္ဘောဒီးယား ၊ဗီယက်နမ်နဲ့ ဘရူနိုင်းတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြပြီး တရုတ်နဲ့ အိန္ဒိယတို့လည်း တက်ရောက်ခဲ့ကြကာ သွေးညှီနံ့နံနေတဲ့ စစ်အုပ်စုကိုယ်စားလှယ်ကို  လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။ ထုတ်ပြစရာ ဆွေးနွေးပွဲရလဒ် မရှိ။ ဘာပဲဖြစ်ဖြစ် စစ်အုပ်စုကို လူရာမသွင်းတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောထားကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အံတုပြလိုက်နိုင်တာ အသေအချာပါပဲ။ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံစားပွဲဝိုင်းမှာ နေရာပြန်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ့သဘောထားကို လက်သီးပုန်းထိုးပြခြင်းလည်း ဖြစ်ပါတယ်။

အခုလည်း ထိုင်းအစိုးရအဖွဲ့ အပြောင်းအလဲ အလှုပ်အယမ်းများနေတဲ့ အချိန်မှာတောင် သီးသန့်လေ ယာဉ်တစ်စီးနဲ့ နေပြည်တော်သို့ အရောက်နှင်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ရောက်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံခဲ့ကြောင်း ပြောချလိုက်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်က ၂ နှစ်တာ မြန်မာပြည်သူတွေ ခါးစည်းခံနေရတဲ့ ဆုံးရှုံးမှုတွေနဲ့ တိုင်းပြည် စီးပွားရေးအပေါ် စိုးရိမ်ကြောင်းနဲ့ မြန်မာ့အရေးဆွေးနွေးပြောဆိုမှုတွေကို ထောက်ခံတယ်လို့ဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒွန်ပရာမွတ်ဝီနိုင်းတို့ တနာရီနီးပါး သီးသန့်တွေ့ ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဘီဘီစီကို အတည်ပြုခဲ့ပါတယ်။ ဆွေးနွေးမှုအသေးစိတ်ကိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်မပြောပါဘူး။

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ အကြမ်းဖက်စစ်အုပ်စုကရော ဒေါ်အောင်ဆန်းစုကြည် ကပါ သဘောတူလို့ပြုလုပ်ခဲ့ကြောင်းလည်း သူကဆိုတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရဲ့ပြောဆိုချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ သူက နှစ်ဖက်စလုံးကို ကမ်းလှမ်းတဲ့ သဘောပါ။

မနေ့၊ တနေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာ့အရေးစာမျက်နှာတွေကို ကောက်လှန်လိုက်ရုံနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုဟာ စစ်အုပ်စုနဲ့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ လက်ဝါးချင်းရိုက် ပူးပေါင်း ကြံစည်ခြင်းဆိုတာ အာရုံစိုက်တွေးစရာမလိုဘဲ အလွယ်တကူသိနိုင်ပါတယ်။

မအောင်မြင်တဲ့အာဏာသိမ်းပွဲစတင်ခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကစလို့ တရားမဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ဆိုတာ စစ်အုပ်စုနဲ့ ထိတွေ့မှုရှိပြီး အပေါ်စီးကနေ ဆက်ဆံနိုင်တဲ့ တရုတ်အစိုးရတောင် မရခဲ့ဘဲ အခုကျမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသာ ပထမဆုံးအကြိမ် တွေ့ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။

ဘာ့ကြောင့် နိုင်ငံတကာရော အာဆီယံသံတမန်တွေပါ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရခဲ့တာ လဲဆိုတော့ အဲဒီသံတမန်တွေအားလုံးဟာ စစ်အုပ်စုအလိုကျ စစ်အုပ်စုပြောစေချင်တာတွေကို ပြောဆိုဆွေးနွေး‌ပေးမှာ မဟုတ်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကို လုံးဝရှင်းပစ်မယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သံန္နိဋ္ဌာန်ကြောင့်ပဲဖြစ်ပါတယ်။

ဆိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုကျတော့ ဘာ့ကြောင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြု တာပါလဲ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စုဘက်က ပြတ်ပြတ်ထင်ထင် ရပ်ခံနေသူဖြစ်ပြီး စစ်အုပ်စုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခြင်းကို လက်ဝါးချင်းရိုက် ပုံဖော်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

ကြိုတင်ကြံစည်ချက် ဇာတ်ညွှန်းက ဘယ်လောက်ထိတောင် ဗြောင်ကျခဲ့သလဲဆို မြန်မာ့အရေးကို အဓိကထားဆွေးနွေးကြမယ့် ဇူလိုင် ၁၁ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ကပ်လျက် ဇူလိုင် ၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခြင်းပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို အာဆီယံအစည်းအဝေးမှာချပြ၊ စစ်အုပ်စုကလည်း ဒီလို တော့ပျော့ပျောင်းလာပါပြီဆိုတာမျိုး သာသာထိုးထိုးလေး ဖေးမပြကာ အရှိန်တက်လာမယ့် မြန်မာ့အရေးဆွေးနွေးချက်တွေကို မီးပေါင်လျှော့ချနိုင်မလားဆိုတာ စစ်အုပ်စုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့  မျှော်လင့်ချက် တစ်စဖြစ်ဟန်တူပါတယ်။

ပြဿနာက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဘာကိုကိုယ်စားပြုပြီး သွားတွေ့သလဲဆိုတာပါပဲ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံကို ကိုယ်စားပြုသူမဟုတ်တဲ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၃ ခုနှစ်အတွင်း မြန်မာ့အရေးကို အာဆီယံအဖွဲ့ကိုယ်စား ဦးဆောင်ကိုင်တွယ်နေတဲ့အာဆီယံ အလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှားနိုင်ငံကိုတောင် အသိမပေးဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခြင်းဟာ ကျင့်ဝတ်ကင်းမဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးတစ်ဦးသာဖြစ်တော့တာကြောင့် ထိုင်းပြည်သူတွေကို ကိုယ်စားပြုသူလို့တောင် ပြောရခက်ပါတယ်။

ပြီးတော့ သူ့ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုဟာ ခိုးကြောင်ခိုးဝှက်သွားတွေ့ဆုံခြင်းမျိုးဖြစ်ပြီး စစ်အုပ်စုဘက်ကရပ်ခံနေသူတစ်ယောက်ပြောတဲ့စကား (ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တယ် ဆိုတဲ့စကား)အပေါ် ရာခိုင်နှုန်းဘယ်လောက် မှန်မှာလဲလို့ မေးခွန်းထုတ်ရမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားကို လိုသလို ဖြတ်ညှပ်ကပ် ပုံဖော်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ဖမ်းဆီးတဲ့ အချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကို လုံးဝအပြတ်ရှင်းပစ်မယ်လို့ သံန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ချ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေကို လုံးဝဖျောက်နိုင်အောင် ဘယ်သူနဲ့မှ အတွေ့မခံ။ ပြည်သူမပေးတဲ့ အာဏာပလ္လင်ပေါ် မိမိရရ တက်နိုင်ခဲ့ပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲ သို့မဟုတ် အကျယ်ချုပ်ဘဝနဲ့ ဆက်ထားကာ မင်းအောင်လှိုင်တစ်ခေတ်ကို အကြမ်းဖက်နည်းနဲ့ ထူထောင်ဖို့ အခိုင်အမာ စိတ်ကူး ယဉ်ခဲ့တာပါ။

အခုတော့ စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ စိတ်ကူးယဉ်ခန်းကို တထစ်လျှော့ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပွဲထုတ်လာရပြီဖြစ်ပါတယ်။ ဘာ့ကြောင့် သေနတ်ကြီးတကားကားနဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ဖမ်းဆီးချုပ်နှောင်ထားတဲ့ အသက် ၇၈ နှစ်ကျော်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးလာရတာပါလဲ။

တစ်ခွန်းတည်းပြတ်ပြတ်ပြောရရင် သူတို့ကိုယ်သူတို့ အခြေအနေမဟန်တော့မှန်း စစ်ဗိုလ်ချုပ်တွေ သိလာလို့ဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေရဲ့ နောက်ထပ်စိတ်ကူးယဉ်ခန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်နက်ကိုင်တော်လှန်နေကြတဲ့ ပြည်သူတွေအကြား သွေးထိုး သွေးခွဲ ရန်တိုက်ပေးပြီး  အရှိန်မြင့်လာနေတဲ့ နွေဦးတော်လှန်ရေးဒီရေကို လျှော့ချပစ်နိုင်မလားနဲ့ နိုင်ငံတကာဖိအား လျော့ပါးလာမလား ဆိုတာပါပဲ။

စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ စားပွဲဝိုင်းပေါ် ဆွေးနွေးချင်ယောင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးအင်အားစုတွေကို ခွဲထုတ်ပစ်နိုင်မလားလို့ မိုက်မိုက်မဲမဲ စိတ်ကူးယဉ်ပစ် လိုက်သလို အဲဒီလိုနည်းနဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေလျော့ပါးကာ ပြည်ပမှာ ပိတ်မိနေတဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပြန်ရမလားလို့လည်း နိုင်ငံရေးဉာဏ်ရည်တစ်ထွာတစ်မိုက်နဲ့  လှမ်းသွားရည်ကျနေဟန် တူပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခြင်းဟာ စစ်ဗိုလ်ချုပ်တွေ သူတို့ကိုယ်သူတို့ ယုံကြည်မှုကျဆင်းနေပြီဆိုတာကို ဖော်ပြနေတာကြောင့် နွေဦးတော်လှန်ရေးအတွက် အားတစ်ရပ်တောင် ဖြစ်ထွန်းစေပါတယ်။ သိပ်မကြာခင်မှာလည်း သူတို့ရဲ့ စိတ်ကူးယဉ်ခန်းကို ပြန်ရုပ်သိမ်းသွားပါလိမ့်မယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024