ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေး သူ့အပေါ်မှာပဲမူတည်ဟု စစ်အာဏာရှင် ပြောခွင့်ရသူ ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးဟာ သူ့အပေါ်မှာသာ မူတည်တယ်လို့ စစ်အာဏာရှင်ခန့် သမ္မတရုံးဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးက နိုဝင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မနေ့နေ့လယ်ပိုင်းက စစ်အာဏာရှင် သမ္မတရုံးမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းဌာနတခုက "ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တော့ ပြန်လွှတ်ပေးမလဲ" ဆိုတဲ့ မေးခွန်းကို ဒေါ်ခိုင်ခိုင်စိုးက ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ မူတည်ပြီး လျှော့ပေါ့စဉ်းစားလို့ရမဲ့အချက်အလက်တွေရှိရင် လျှော့ပေါ့စဉ်းစားမယ်။ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ အဲ့ဒီအပေါ် မူတည်ပြီး အခွင့်အရေးတွေ ရလာမှာ။”
ပြီးခဲ့တဲ့လတွေက ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ဖုန်းပြောခွင့်ပေးသလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ တွေ့ခွင့်ပေးထားကာ အကျဉ်းချမထားဘဲ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခိုင်းတာလို့လည်း ဆိုပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ဖုန်းပြောခွင့်ပေးတယ်။ အကျဉ်းထောင်မှာ မထားပါဘူး။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ မဲမသမာမှု၊ အဂတိလိုက်စားမှု၊ စီမံခန့်ခွဲမှု စတဲ့ တရားဥပဒေအရ ပြစ်မှုထင်ရှားတဲ့အတွက် အရေးယူခံထားရတာပါ"လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်ချခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး တရားပုဒ်မတွေနဲ့ အမှုဖွင့်ကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်မှာ နေအိမ်အကျယ်ချုပ် ထားခဲ့တာ ဖြစ်ပါတယ်။











