DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရဲသလား
လင်းဆက်ငြိမ်းချမ်း
·
November 3, 2026
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရဲသလား
Donate to DVB

 

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလုံပိတ်ထောင်ထဲထည့်ထားနိုင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖျောက်ဖျက်ပစ်လို့ မရမှန်း မင်းအောင်လှိုင် အံကြိတ်တောက်ခတ်ကာ လက်ခံလာရတယ်။

၅ နှစ်ကျော်ကြာ နေပြည်တော် အလုံပိတ်ထောင်ထဲ ထည့်ထားခဲ့တယ်။ ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ တရားမဲ့ရုံးမှာ အမှုရင်ဆိုင်နေရစဉ်ကတကြိမ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ထုတ်ပြခဲ့ဖူးတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် လုံးဝ အစအနပျောက် သတင်းအမှောင်ချ။ မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝဖယ်ရှားပစ်ရေးဆိုတဲ့ မင်းအောင်လှိုင်ရဲ့ မဟာရည်မှန်းချက်ကြီးကို အတိအကျ အကောင်အထည်ဖော်ခဲ့ပုံ ရတယ်။

ဒါပေမဲ့၊ ရွေးကောက်ခံသမ္မတကြီးအဖြစ် ကိုယ့်ဘာသာ အသိအမှတ်ပြု ခေါင်းပေါင်းစွပ်ပြီးနောက် လူသားချင်းစာနာမှုရှိသူကြီးအဖြစ် ရင်ဘတ်ကြီးကော့ပြဖို့ရာ ဒေါ်အောင်ဆန်းစုကြည်ကို  သတ်မှတ်လျှို့ဝှက် နေအိမ်တလုံးဆီ ပြောင်းရွှေ့ထိန်းသိမ်းထားကြောင်း ၂၀၂၆၊ ဧပြီ ၃၀ ရက်မှာ မင်းအောင်လှိုင် ထုတ်ပြန်လာတယ်။

ပြဿနာက ဘယ်နေရာကို ပြောင်းရွှေ့ထားသလဲမပါ။ ပြီးတော့ မင်းအောင်လှိုင်ထုတ်ပြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံက ဘယ်အချိန် ရိုက်ထားခဲ့တဲ့ပုံလဲမသိ။ လတ်လတ်ဆတ်ဆတ် ရိုက်ကူးထားတဲ့ ဓာတ်ပုံ မဟုတ်ဘူးလို့ ပြည်သူတွေက ယုံကြည်ကြလေတော့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိသေးရဲ့လား ဆိုတဲ့မေးခွန်းက မြန်မာပြည်သူတွေ ကြားရော နိုင်ငံတကာအသိုက်အဝန်းကပါ အကျယ်လောင်ဆုံး ထွက်ပေါ် လာခဲ့တယ်။

မင်းအောင်လှိုင်ကို လုံးဝအယုံအကြည်မရှိတဲ့ သဘော။ ၅ နှစ်ကျော်ကြာ အလုံပိတ်ထားခဲ့ပေမဲ့ မြန်မာပြည်သူတွေရဲ့ သွေးသားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိ မခံဘူးဆိုတဲ့သဘော။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းဦးဆောင်တဲ့ Proof of Life ကမ်ပိန်း၊ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့သက်သေ တောင်းဆိုမှု ကမ္ဘာနဲ့တဝန်း အရှိန်ပြင်းပြင်းနဲ့ ထွက်ပေါ်လာသလို အဲဒီကမ်ပိန်းရဲ့ နောက်ဆက်တွဲ နိုင်ငံတကာအသိုက်အဝန်းရဲ့ တောင်းဆိုသံပါ ဟိန်းထခဲ့တယ်။

ဆက်တင်းခံရင် မဟန်တော့မှန်းသိတဲ့ မင်းအောင်လှိုင် မတတ်သာလို့ တဆစ်လျှော့၊ ဩဂုတ် ၃ ရက် မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ် အာနိုး ဒီဘက်ခ်တို့ သီးခြားတွေ့ဆုံမှု ဖြစ်လာတယ်။

အဲဒီတွေ့ဆုံမှုက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြတယ်ဆိုရုံ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကိုပင် ဘာမှမသိရ။ ICRC ရဲ့ ထုတ်ပြန်ချက်က ဘာဆိုဘာမှ ပြောပြစရာမရှိဘူးလို့ အပြတ်။ ဓာတ်ပုံမှတ်တမ်းအရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းနေတယ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံစံအတိုင်း သက်သောင့်သက်သာ အခိုင်အမာရပ်တည်နေကြောင်း မှန်းဆနိုင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ဘာဆိုဘာမှ မမြင်ရ မသိရတာထက်စာရင် မြင်ရတွေ့ရတဲ့အတွက် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု လျော့ကျသွားတယ်။ ဒါပေမဲ့၊ ICRCနဲ့ တွေ့ခွင့်ပြုလို့ဆိုပြီး ဘယ်ပြည်သူကမှ မင်းအောင်လှိုင်ကို ကျေးဇူးမတင်ကြသလို သွေးဆာနေတဲ့ ရာဇဝတ်ကောင်ရဲ့ သဘောထားပျော့ပျောင်းလာမှုလို့လည်း ဘယ်သူကမှ နည်းနည်းလေးတောင် မမြင်ကြဘူး။ မင်းအောင်လှိုင် အငမ်းမရ လိုက်ရှာနေတဲ့ တရားဝင်မှုရရှိ ရေးအတွက် မျက်နှာပြောင်ကြီးနဲ့ မျှားနေတယ်ဆိုတာ မျက်မှောင်ကြုတ် တွေးစရာမလိုဘဲ အားလုံးက သိတယ်။

နောက်ထပ် ၂ လကျော်ကြာ အောက်တိုဘာ ၁၉ ရက်ရောက်တော့ ချားစ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ စာအုပ် ၂ အုပ်၊ အိတ်ပိတ်စာအိတ်တအိတ်နဲ့ သံတမန်အိတ်ပိတ်စာတို့ကို ပေးအပ်ခဲ့ကြောင်း အစိုးရတုက သတင်းထုတ်ပြန်တယ်။

အဲဒီသတင်းထုတ်ပြန်ချက်ရဲ့ ဟာသက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုသုံးနှုန်းမလဲဆိုတာ အစိုးရတု ကောင်းကောင်းယောက်ယက်ခတ်ခဲ့ခြင်းပါ။ ပထမထုတ်ပြန်စာက ‘အထူးအကျဉ်းသူ ဒေါ်စုကြည်’ ။ ပြီးတော့ အက်ဒစ်ပြန်လုပ်၊ ‘အထူးအကျဉ်းသူဒေါ်အောင်ဆန်းစုကြည်’။ ဒါလည်း မဟုတ်သေးဘူးဆိုပြီး နောက်ထပ် အက်ဒစ်၊ ‘အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်’တဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရတုရဲ့ ကြောက်ရွံ့မှုက အဲဒီလို သိသိသာသာ။

ဆက်တိုက်ဆိုသလိုပဲ အောက်တိုဘာ ၂၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းဆက်စကားပြောခွင့် မိနစ် ၂၀ ရရှိခဲ့တယ်။ မတရားဖမ်းဆီးကာလ ၅ နှစ်ကျော်အတွင်း မိနစ် ၂၀ ကြီးများတောင်ကြာတဲ့ ပထမဆုံးအကြိမ် မိသားစုစကားပြောခွင့်။

ဩဂုတ် ၃ ရက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ တွေ့ဆုံခွင့်ရမှုဟာ ကိုထိန်လင်းဦးဆောင်တဲ့ Proof of Life ကမ်ပိန်းနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကျယ်လောင်တဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပြီး ချားစ်ဘုရင်စာအုပ်နဲ့ စာပေးပို့မှုနဲ့ မိသားစု ဖုန်းဆက်ခွင့်က ဝါရှင်တန်နဲ့ နေပြည်တော်  ဆွေးနွေးမှုအပြီး ထွက်ပေါ်လာတဲ့ ရလဒ်များလားလို့ နိုင်ငံရေးအကဲခတ်တချို့က ဆဝါးကြတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ် စက်တင်ဘာထဲမှာ နေပြည်တော်ကိုလာပြီး ဆွေးနွေးမှု စတင်တယ်။ အဲဒီနောက် အောက်တိုဘာလအစောပိုင်းက တိုကျိုမှာ ဝါရှင်တန်နဲ့ နေပြည်တော် ဒုတိယအကြိမ်ထပ်မံ တွေ့တယ်။ ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ရလဒ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ နေပြည်တော်မှာ တွေ့ပြီး သိပ်မကြာ တိုကျိုမှာ ထပ်တွေ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်အရေး နောက်တဆစ် ထပ်လျှော့ ချလိုက်တာက ဝါရှင်တန်နဲ့ နေပြည်တော်ကြား ဆွေးနွေးမှု အဆင်ပြေပုံရကြောင်း မှန်းဆချင်စရာ ကောင်းလှတယ်။

ထပ်စိတ်ဝင်စားစရာကောင်းတာက ဝါရှင်တန်နဲ့ နေပြည်တော် တိုကျိုမှာ တွေ့ဆုံပြီး သိပ်မကြာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက တိုင်းရင်းသား လူနည်းစုတွေအတွက် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေ ရှာဖွေဖို့နဲ့ ဆွေးနွေးပွဲတွေက တဆင့် သင့်တော်တဲ့ အဖြေတွေ ရှာဖွေဖို့ အစိုးရတုကို တိုက်တွန်းလိုက်သလို အဲဒါရဲ့နောက်ဆက်တွဲ တရုတ်လော်ဘီ မစ္စကျောက်ကျင်း နဲ့ စစ်အုပ်စုလက်ပါးစေတို့ကြား အပြန်အလှန် ထိုးနှက်မှုတွေတွေ့လာရခြင်းပါပဲ။ မစ္စကျောက်ကျင်းဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကိုယ့်သဘောကိုယ်ဆောင် ကိုယ့်ဘာသာရေးချင်တာရေးခွင့်မရှိဘဲ တရုတ်အစိုးရရဲ့ ဂိုက်လိုင်းတခု အောက်ကနေ ရေးသားနေသူဆိုတာ အထူး ပြောစရာမလိုပါဘူး။

အဲဒီလို မြင်ရခဲတဲ့ တရုတ်လော်ဘီနဲ့ မင်းအောင်လှိုင်လက်ပါးစေတို့ရဲ့ တိုက်ပွဲကို မြင်ရတော့ နောက် ထပ်ဆက်စပ်တွေးသင့်တဲ့ မြန်မာ့အရေး တရုတ်အစိုးရရဲ့ အရင့်အရင် စိတ်ကူးယဉ်မှုကို အမှတ်ရမိတယ်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေလည်း ရွေးကောက်ပွဲလုပ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး NLD ပါတီကိုလည်း ရွေးကောက်ပွဲဝင်ခွင့်ပြုဆိုတာပါ။ အဲဒီလိုနည်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး အခင်းအကျင်းဆီ ပြန်ဦးလှည့်ကာ တည်ငြိမ်မှု တစုံတရာ ရနိုင်မလားဆိုပြီး တရုတ်က စိတ်ကူးယဉ်ခဲ့တာပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူ့ရဲ့အခြေအနေကို အမြဲမပြတ် အလေးထားစောင့် ကြည့်နေတယ်လို့ တရုတ်အစိုးရရဲ့ ပြောကြားခဲ့ဖူးတယ်။

တရုတ်အစိုးရအနေနဲ့ သူတို့ရဲ့ မြန်မာ့အရေးစိတ်ကူးယဉ်မှုတွေ အကောင်ပေါက်လာဖို့ ကြိုးစားခဲ့ မှာလည်း သေချာပါတယ်။ ဒါပေမဲ့၊ မင်းအောင်လှိုင်ရဲ့ ပြိုင်ဘက်မရှိတဲ့ အာဏာရူးမှုက တရုတ်ရဲ့ စိတ်ကူးယဉ်မှုကို ပြတ်သားစွာ ပယ်ချခဲ့တယ်။ ဒါပေမဲ့၊ ဝါရှင်တန်နဲ့ ၂ ကြိမ်တွေ့ဆုံမှုအပြီး ဒေါ်အောင်ဆန်းစုကြည်အရေး တထစ်ထပ်လျှော့လိုက်ခြင်းသာ မှန်ခဲ့ရင် တရုတ်ဘက်က ဘယ်လောက်တောင် အမျက်ထွက်လေမလဲ။ တရုတ်ဆိုတာ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အရေးပေါ်ခန်းထဲ ရောက်သွားတဲ့ မင်းအောင်လှိုင်ကို ရအောင် ဆွဲထုတ်ပေးခဲ့သူ။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ အဖေကိုကျော်ကာ ပထွေးကို ရိုကျိုး ဦးခိုက် လက်ဝါးချင်းရိုက်ချင်သလိုလို။ ပြီးတော့ တရုတ်ရဲ့ မြန်မာ့အရေး ပေါ်လစီဟာ တရုတ်လိုချင်နေတဲ့ တည်ငြိမ်ရေးဆီသို့ ဘယ်လိုမှ လှမ်းနိုင်စွမ်းမရှိတာ မြင်သာနေပြီမို့   တရုတ်အစိုးရရဲ့ မင်းအောင်လှိုင်အပေါ် ပုံအောထားမှုတွေအပေါ် ပြန်လည်သုံးသပ်တာတွေ ဖြစ်လာနိုင်မလားလို့ ဆက်တွေးမယ်ဆို တွေးသင့်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကူးယဉ်ရတာ ဝါသနာပါသူတချို့အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတော့မလားဆိုတဲ့ မေးခွန်းက ထွက်ပေါ်လာနေပါတယ်။ ဒါပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည် မိသားစုနဲ့ ဖုန်းဆက်သွယ်ခွင့်ဆိုတာ တခြားထောင်ထဲရောက်နေသူတိုင်း ရတဲ့ မိသားစုနဲ့ တွေ့ဆုံခွင့် အဆင့်ပင် မရှိပါဘူး။

ပြောရရင် မင်းအောင်လှိုင်က သူအာသာငမ်းငမ်းမျှော်လင့်နေတဲ့ တရားဝင်မှုရရှိရေးအတွက် ဒီလောက်နဲ့ ရမလားဆိုပြီး အာဆီယံနဲ့ အမေရိကန်ကို မျှားကြည့်တာပါ။ မကြာသေးခင်ကပဲ အာဆီယံအထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စထရီဇာ လာဇရို အောက်တိုဘာလ ကုန်ပိုင်းမှာ  မြန်မာနိုင်ငံ ရောက်လာတယ်။ နေပြည်တော် လက်ညှိုးညွှန်ရာအတိုင်း ကျည်တတောင့် မပေါက်ဖူးသေးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးမှာ စာနာမှုအကူအညီပေးပြီး ပြန်သွားတယ်။ အထူးသံတောင်းဆိုခဲ့ဖူးတဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ နေပြည်တော် အတိတ်မေ့နေတဲ့ပုံ။ ဘာပဲဖြစ်ဖြစ် တိုက်ပွဲဧရိယာ မဟုတ်တဲ့ တောင်ကြီးမှာ စာနာမှုအကူအညီ နည်းနည်းပါးပါး ပေးခွင့်ရတာကိုပဲ နိုင်ငံရေးအရ တိုးတက်မှုတခုလို့ ကြံကြံဖန်ဖန် အာဆီယံ အကောင်းမြင်လွန်းရင်လည်း မြင်ပေါ့။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရဲသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ရင်တော့ မင်းအောင်လှိုင် ကိုယ်တိုင်က ဖြေရဲသေးဟန်မတူဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရဲသလားလို့ မေးရင် မင်းအောင်လှိုင် မတရားအာဏာစွန့်ရဲသလားလို့ ထပ်မေးရမယ် မဟုတ်လား။

လင်းဆက်ငြိမ်းချမ်း  

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013