
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာလာဇာရိုဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ခဲ့ပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရဘဲ ခရီးစဉ်ကို အဆုံးသတ်သွားခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီခရီးစဉ်ဟာ စစ်အာဏာရှင် စီစဉ်ပေးတဲ့ နေရာတွေကိုသာ သွားရောက်ခဲ့ရတဲ့အတွက် စစ်အုပ်စုရဲ့ သတင်းအမှောင်ချ ဟန်ပြလုပ်ရပ်အပေါ် အာဆီယံက လက်ခံ လိုက်ရာရောက်ပြီး စစ်အုပ်စုအတွက်သာ နိုင်ငံရေးအရ အမြတ်ထွက်စေခဲ့တယ်လို့ နိုင်ငံရေး အသိုက်အဝန်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်လိုက်ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် မာရီယာထရီဆာလာဇာရိုဟာ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ လူသားချင်းစာနာမှု အကူအညီ ပေးဝေရေးကိစ္စရပ်တွေကို သွားရောက်ကြည့်ရှုခဲ့သလို၊ နေပြည်တော်မှာလည်း စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့ ဖိလစ်ပိုင်အနေနဲ့ နေအိမ်မှာ ပြောင်းရွေ့ ချုပ်နှောင်ခံထားရတဲ့ ဧပြီလ နဲ့ ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ သြဂုတ်လတွေမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အုပ်စုက ငြင်းပယ် ခဲ့တာပါ။
ဒီလို အာဆီယံအထူးကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးဘဲ ကန့်သတ် ထားတာနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပုဂ္ဂိုလ်ရေးအရ အငြိုးတွေနဲ့ မနာလို မုန်းတီးမှုသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
"ဗိုလ်မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ အငြိုးတွေနဲ့ မနာလို မုန်းထားမှုကလည်း တော်တော်ကြီးပုံ ရပါတယ်။ သူတို့ အကျိုးစီးပွားအတွက်ပဲ ဒီလူတွေကို အလာခံတာ ဖြစ်ပြီးတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့တို့ ဘာတို့ဆိုတာက သူတို့ အဆင့်နှိမ့်ပြီး ဆက်ဆံထားတယ်လို့ ထင်တယ်။ အခုလိုမျိုး နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ပေးတွေ့ရလောက်တဲ့ အနေအထားမျိုး မဟုတ်ဘူးဆိုပြီးတော့ သူတို့ စိတ်ထဲမှာ အဲဒီလို နှိမ့်ချထားပုံလည်း ရတယ်ပေါ့နော်။"
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးဆိုတဲ့အချက် ရှင်းလင်းစွာ ပါဝင်ပေမဲ့ အခုခရီးစဉ်မှာတော့ NUG၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေကို လုံးဝ ချန်လှပ်ထားခဲ့တာ တွေ့ရ ပါတယ်။
ဒါဟာ ၂၀၂၅ အောက်တိုဘာ အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်ကို ဖောက်ဖျက်တာ ဖြစ်ပြီး ဒီခရီးစဉ်ကြောင့် အမှန်တကယ် အကျိုးရှိသွားတာက စစ်အုပ်စုသာဖြစ်တယ်လို့ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ထောက်ပြပါတယ်။
“အထူးကိုယ်စားလှယ်ဟာ စစ်အုပ်စုက စီစဉ်ပေးတဲ့ နေရာတွေကိုပဲ သွားခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်လည်း မရ၊ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံမှုလည်း မရှိဘူး။ လူသားစာနာအကူအညီတွေကိုနယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး ကတိကဝတ်လည်း မထွက်ခဲ့ပါဘူး။ အဲဒီအစား စစ်အုပ်စုက အာဆီယံမှာ မြန်မာရဲ့ အခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိရေးကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်လို့ ဒီခရီးစဉ်မှာ အမှန်တကယ် အကျိုးရှိသွားတာက တရားဝင်မှုရရှိရေး ကြိုးပမ်းနေတဲ့ စစ်အုပ်စုပဲ ဖြစ်ပါတယ်။"
တခြားတဖက်မှာတော့ အာဆီယံအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ ကြိုးပမ်း နေတာကို အသိအမှတ်ပြုဖို့ လိုအပ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့တာဟာ စစ်အုပ်စုဘက်က နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ဦးစားပေးအဆင့် မရှိဘူးဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ စမ်းချောင်းမြို့နယ် NLD ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် မြေပြင်က ပြည်သူတွေဆီ အကူအညီတွေ အမှန်တကယ်ရောက်ရှိဖို့ နယ်စပ်ဖြတ်ကျော် အကူအညီ ပေးရေးကိစ္စတွေကို အာဆီယံက အလေးအနက်ထား စဉ်းစားသင့်တယ်လို့လည်း သူက တိုက်တွန်းပါတယ်။
ဦးဘိုဘိုဦးက "ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ဘူးဆိုတာကိုက ဒါနိုင်ငံရေးကိစ္စတွေ အပေါ်မှာ ဦးစားပေးအဆင့် မရှိဘူးဆိုတာကို ပြသရာ ရောက်ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မြန်မာနိုင်ငံမှာ ပေးတဲ့အခါမှာ နယ်စပ်ဒေသကနေ ဖြတ်ကျော်ပြီး ပေးတယ်ဆိုတဲ့ အစဉ်အလာတွေလည်း အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ ဒီအချက်ကိုလည်း လေးလေးနက်နက် စဉ်းစားပြီးတော့ Cross-border ချဉ်းကပ်မှု တွေ လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်”လို့ ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့လတွေအတွင်း အာဆီယံအထူးကိုယ်စားလှယ် လိုအပ်ချက်ကို ပယ်ချခဲ့ဖူးပေမဲ့ အခုလို အာဆီယံအထူးကိုယ်စားလှယ်ကို လက်ခံတွေ့ဆုံတာဟာ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုတာကြောင့်မဟုတ်ဘဲ နိုင်ငံတကာ သံတမန်ရေးရာမှာ တရားဝင်မှု ပြန်လည် ရရှိဖို့နဲ့ ပြည်တွင်းမှာ အာဏာခိုင်မြဲရေးအတွက် အသုံးချဖို့သာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။
မြတ်သဇင်











