
နှုတ်ဆိတ်နေရုံနဲ့ အာဏာရှင်စနစ်ကို အနိုင်ယူလို့ မရဘဲ သတ္တိနဲ့ စည်းလုံးညီညွတ်မှု ရှိဖို့လိုတယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။
အီတလီနိုင်ငံ ရောမမြို့ရှိ သမိုင်းဝင် Luigi Sturzo Institute မှာ နိုဝင်ဘာ ၄ ရက်ကနေ ၅ ရက်ထိ ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ဝင်များအသင်း (ANPC) ရဲ့ ၁၈ ကြိမ်မြောက် ညီလာခံမှာ မိန့်ခွန်း ပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။
ကင်မ်အဲရစ်က “အရင်တုန်းက အီတလီနိုင်ငံရဲ့ ခရစ်ယာန်တော်လှန်ရေးသမားတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီနေ့ ဥရောပရဲ့ လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့လည်း သူတို့ ပါဝင်ခဲ့ကြတယ်။ သူတို့ရဲ့ သမိုင်းက ကျနော်တို့ကို သတိပေးနေပါတယ်။ နှုတ်ဆိတ်နေရုံနဲ့ အာဏာရှင်စနစ်ကို အနိုင်ယူလို့ မရဘူး။ သတ္တိနဲ့ စည်းလုံးညီညွတ်မှု ရှိဖို့လိုတယ်။ ဒီနေ့ထိ ကျနော့်မေမေ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်တွေက ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးထားတယ်။ အပြစ်မဲ့ပြည်သူတွေလည်း ဒုက္ခခံစားနေရပြီး အသက်တွေ ဆုံးရှုံးနေကြရတယ်”လို့ ပြောပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့လည်း ကင်မ်အဲရစ်က တိုက်တွန်းလိုက်ပါတယ်။
“အတိတ်က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေကို လေးစားဂုဏ်ပြုကြတယ်ဆိုရင် ဒီနေ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကို ဘာလို့ မျက်နှာလွှဲနေနိုင်ကြလဲ။ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးကြပါ။ မေမေ့ကို လွှတ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့နဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ အတူတူ တောင်းဆိုပေးကြပါ။”
ကင်မ်အဲရစ်ဟာ အီတလီနိုင်ငံ ဘိုလော့ညာမြို့မှာ တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း အီဗာနို ဒီယိုနီးဂျီ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲအားပေးကူညီနေကြတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်မှာ ဘိုလော့ညာတက္ကသိုလ်ကနေ ဒဿနိကဗေဒ ပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ရရှိခဲ့တာဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ကင်မ်အဲရစ်က “အဲဒီမှာမေမေဟာ နိုင်ငံရေးမှာ ကိုယ်ကျင့်တရားနဲ့ အခြေခံမူတွေကို အမြဲအလေးထားဖို့ ပြောခဲ့ပါတယ်။ မေမေ့စကားတွေက ဒီနေ့မှာ ပိုပြီးတောင် အဓိပ္ပာယ်ရှိနေပါတယ်။ အဲဒီအချိန်က တက္ကသိုလ်ပါမောက္ခချုပ်ဖြစ်ခဲ့တဲ့ ပါမောက္ခ အီဗာနို ဒီယိုနီးဂျီနဲ့ ပြန်တွေ့ပြီး မေမေ့အကြောင်း အမှတ်တရတွေ ပြန်ပြောဖြစ်တာလည်း ကျနော့်အတွက် အဓိပ္ပာယ်ရှိလှပါတယ်။ နွေးနွေးထွေးထွေး ကြိုဆိုပေးကြတာ၊ ခင်မင်မှုနဲ့ အမြဲအားပေးနေကြတာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မေမေ မတရား ချုပ်နှောင်ခံရခြင်းမှ အမြန်ဆုံး လွတ်မြောက်ပြီး မိသားစုနဲ့ ပြန်ဆုံနိုင်ပါစေ။ တနေ့မှာ ဘိုလော့ညာကို ပြန်လာပြီး အားလုံးကို ကိုယ်တိုင် ကျေးဇူးတင်စကားပြောနိုင်ပါစေလို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းကတည်းက ဖမ်းဆီးထားပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ကာ ၂၀၂၂ နှစ်ကုန်ပိုင်းကစပြီး မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မပေးဘဲ အကျဉ်းချထားခဲ့တာ ဖြစ်ပါတယ်။
၅ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ သားငယ် ကင်မ်အဲရစ်နဲ့ လန်ဒန်ရှိ မြန်မာသံရုံးကနေတဆင့် တယ်လီဖုန်းနဲ့ မိနစ် ၂၀ ကြာ အပြန်အလှန် ဆက်သွယ် စကားပြောခွင့် ပေးခဲ့ပါတယ်။
အခုလို တကြိမ်ဖုန်းဆက်စကားပြောခွင့်ရပြီးကတည်းက လက်ရှိအချိန်အထိ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ ထပ်မရတော့ဘူးလို့ ကင်မ်အဲရစ်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောပါတယ်။
“မေမေ့အသံကို ကြားခဲ့ရတာနဲ့ပဲ မေမေ ဘေးကင်းတယ်၊ လွတ်လပ်နေတယ်၊ ဆေးကုသမှု မလိုတော့ဘူးလို့ မဆိုနိုင်ပါဘူး။ အဲဒီဖုန်းတကြိမ် ပြောပြီးကတည်းက မေမေ့အကြောင်း ဘာသတင်းမှ ထပ်မရသေးသလို မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရဖို့လည်း အာမခံချက် မရှိသေးပါဘူး။ မင်းအောင်လှိုင်ကို ကြိုဆိုနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို မေးချင်ပါတယ်။ သူ့ကို အသိအမှတ်ပြုပေးထိုက်အောင် သူက ဘာတွေ လက်တွေ့လုပ်ဆောင်ပြခဲ့လို့ပါလဲ။ ဖုန်းတကြိမ် ပြောခွင့်ရတာ တိုးတက်မှု မဟုတ်ပါဘူး။ အသိအမှတ်မပြုခင် တာဝန်ခံမှု ရှိရပါမယ်။”
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် FREE HER လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့လည်း ကင်မ်အဲရစ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။











