DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကို အရေးယူပိတ်ဆို့ပြီး NUG ကို တရားဝင်အသိအမှတ်ပြုရန် ဒီမိုကရေစီနိုင်ငံများကို တောင်းဆို
DVB
·
July 14, 2023
စစ်အုပ်စုကို အရေးယူပိတ်ဆို့ပြီး NUG ကို တရားဝင်အသိအမှတ်ပြုရန် ဒီမိုကရေစီနိုင်ငံများကို တောင်းဆို
Donate to DVB

လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက ဆိုးရွားလာတဲ့ ပဋိပက္ခအခြေအနေတွေ အတွက် အကြမ်းဖက်စစ်အုပ်စုကို ထိရောက်ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့ NUG အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တောင်းဆိုလိုက်ပါတယ်။

အရေးယူမှုတွေကို ချက်ချင်းမလုပ်ဆောင်ပါက မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ အနာဂတ် ပျက်သုဉ်းတော့မှာဖြစ်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုဟာ အာဏာသိမ်းပြီးချိန်ကတည်းက အပြစ်မဲ့ ကလေးသူငယ် ၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာ၊ ကလေးပေါင်း ၃၈၀ ကျော်ကို နိုင်ငံရေးအကျဉ်းသားတွေအဖြစ် မတရားဖမ်းဆီးချုပ်နှောင်ထားတာ၊ မိဘတွေကို ဖိအားပေးဖို့အတွက် ကလေး ၅၁ ယောက်ကို ဓားစာခံတွေအဖြစ် ဖမ်းဆီးထားတာ၊ ကလေးပေါင်း ၆၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတာ၊ ၅ ဒသမ ၈ သန်းကျော်သော ကလေးတွေ အသက်ကယ်အကူအညီတွေ လိုအပ်နေတာတွေ အပါအဝင် ကလေးသန်းပေါင်းများစွာ ပညာသင်ယူဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါကြောင့်မို့ အပြည်ပြည်ဆိုင်ရာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားဝင်မှုရယူဖို့ ကြိုးပမ်းနေတာတွေကို လျစ်လျူရှုပေးဖို့နဲ့ စစ်ခေါင်းဆောင်တွေနဲ့ သံတမန်ရေးရာ ချိတ်ဆက် ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ပေးဖို့ တောင်းဆိုလိုက်တာပါ။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုအပေါ် ပြင်းထန်တဲ့ ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို နိုင်ငံတကာက ညှိနှိုင်းပြုလုပ်ပေးဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာငွေ စီးဆင်းမှုတွေကို ဖြတ်တောက်ပေးဖို့၊ လက်နက်စီးဆင်းမှုကို ဖြတ်တောက်ပေးဖို့၊ လူမျိုးတုံး သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်စနစ်ကို ရဲရင့်စွာ တော်လှန်တိုက်ခိုက်နေကြတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့ စတာတွေကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဒေသတွင်းတခုလုံးအတွက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ဆီ ဦးတည်တဲ့ တခုတည်းသောလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲမှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးကြဖို့  ဒီမိုကရေစီနိုင်ငံတွေကို ဒေါက်တာဆာဆာက တိုက်တွန်းထားပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြန်အာရုံစိုက်ကြဖို့နဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က  မကြာသေးခင်က တိုက်တွန်းတောင်းဆိုထားပါတယ်။

ဇွန်လ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ အစည်းဝေးမှာ   မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ ပက်သက်ပြီး အစီရင်ခံစာ တင်သွင်း ဆွေးနွေးရာမှာ တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဥပဒေတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို လုံခြုံရေးကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ)က အရေးယူဖို့ လွှဲပြောင်းပေးဖို့ကိုလည်း ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗောလ်ကာတာ့ခ်က တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လက်ချက်နဲ့ လူပေါင်း ၃,၇၄၇ ဦးအထိ သေဆုံးခဲ့ရတဲ့အပြင် နောက်ထပ် ၂၃,၇၄၇ ဦးပါ ဖမ်းဆီးခံထားရတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအရ သိရပြီး တကယ့်လက်တွေ့မှာတော့ သေဆုံး၊ ဒဏ်ရာရမှု အရေအတွက်ဟာ ဒီ့ထက်ပိုမိုများပြားနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း အိမ်ခြေပေါင်း ၇၀၀၀၀ ထက်မနည်းကို အာဏာသိမ်းစစ်တပ်က မီးတင်ရှို့ခဲ့တဲ့အတွက် လူဦးရေ တသန်းခွဲကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီရရှိမှုကလည်း အလွန်နည်းပါးတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၇ လအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်တဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို မြန်မာနိုင်ငံသားတွေက ခါးစီးခံစားခဲ့ကြရပြီး ဒါတွေကို မြေမြုပ်ပြီး ငြိမ်းချမ်းစွာ၊ သိက္ခာရှိစွာနဲ့ လွတ်လပ်စွာ နေထိုင်နိုင်မယ့် အနာဂတ်အတွက် အတူတကွ ခိုင်မာစွာရပ်တည်ကြဖို့နဲ့ အားလုံးအတူတကွ ပေါင်းစည်းလုပ်ဆောင်ခြင်းနဲ့ တရားမျှတပြီး ပိုမိုတောက်ပတဲ့ အနာဂတ်နဲ့ ထိုက်တန်တဲ့ မြန်မာပြည်သူ ၅၄ သန်းအတွက် မျှော်လင့်ခြင်းနဲ့ ပြောင်းလဲခြင်းတွေ ယူဆောင်ပေးကြဖို့လည်း ဒေါက်တာ ဆာဆာက ပြောထားပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013