DVB Logo
Home
မြန်မာသတင်း

ဒေါက်တာဆာဆာ ဂျပန်ရောက်မြန်မာများနှင့်တွေ့ဆုံ၊ ဂျပန်လွှတ်တော်အမတ်များနှင့် မြန်မာ့အရေး ဆွေးနွေး

ဇော်ဇော်လှိုင်
·
November 23, 2026
Photo : ဇော်ဇော်လှိုင်
Photo : ဇော်ဇော်လှိုင်
Donate to DVB

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်စတီကျု (IPFD)  ဦးဆောင်သူ ဒေါက်တာဆာဆာဟာ “လမ်းဆုံလမ်းခွမှာ ရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံ၊ ဒီကနေ ဘယ်ကို ဆက်သွားမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုကျို၊ အိုဆာကာ၊ နာဂိုယာမြို့တွေမှာ ဂျပန်ရောက် မြန်မာပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံပါတီပေါင်းစုံက ဂျပန်လွှတ်တော်အမတ်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဂျပန်က ဘယ်လိုပါဝင်ကူညီနိုင်မလဲဆိုတာ တင်ပြဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း နာကာတာနီဂန် ဦးဆောင်တဲ့ ဂျပန်ပါတီစုံ လူ့အခွင့်အရေး သံတမန်ရေးရာ လွှတ်တော်အမတ်များ မဟာမိတ်အဖွဲ့နဲ့ နိုဝင်ဘာ ၂၀ ရက်က တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ ဒေါက်တာဆာဆာက မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ မြေပြင်ရှိ ဒေသခံအဖွဲ့အစည်းတွေကြား တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်နိုင်မဲ့ "လူသားချင်းစာနာမှု အကူအညီပေးရေးဗျူရို (Humanitarian Assistance Bureau)" တခု ထူထောင်ဖို့ အဆိုပြု တင်ပြခဲ့ပါတယ်။ 

ဒါ့အပြင် ဂျပန်လူမျိုး တရားသူကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အတည်ပြု ဆုံးဖြတ်ခဲ့တဲ့အပေါ် ဒေါက်တာဆာဆာက ကြိုဆိုအသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအတွက် ဂျပန်လွှတ်တော်အမတ်တွေရဲ့ ဆက်လက်ပံ့ပိုးကူညီမှုတွေ ရရှိရေး တောင်းဆိုဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ နာကာတာနီဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တို့လို နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေ အားကောင်းလာစေဖို့ အကူအညီထောက်ပံ့မှုတွေ ပြုလုပ်နေသူ ထင်ရှားတဲ့ ဂျပန်လွှတ်တော်အမတ် တယောက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် ဂျပန်နိုင်ငံဘက်က အခိုင်အမာ ရပ်တည်ပေးနေသူလည်း ဖြစ်ပါတယ်။

ဂျပန်ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာလည်း ဟောပြောခဲ့ပြီး တိုကျိုမြို့ရှိ ဆိုဖီယာတက္ကသိုလ် ဟောပြောပွဲမှာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေကို ဂျပန်ပရိသတ် နားလည်လွယ်စေဖို့ ဂျပန်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကို ဥပမာပေးခဲ့ပါတယ်။

“မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေဟာ ဂျပန်မှာသာဆိုရင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ကိုယ့်ဂျပန်နိုင်ငံသားတွေကို သတ်ဖြတ်နေသလို ဖြစ်မယ်” လို့ သူက နှိုင်းယှဉ်ဟောပြော ရှင်းပြခဲ့ပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဆာဆာဟာ ဂျပန်နိုင်ငံမှာ ရှိစဉ် ဂျပန်လွှတ်တော်အမတ်တွေ အပါအဝင် ဂျပန်အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေက ဆွေးနွေးပွဲတွေနဲ့ ဟောပြောပွဲတွေမှာ မြန်မာနိုင်ငံမှာ စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက် ထားရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ဖို့ ဂျပန်က ကူညီပေးသင့်ကြောင်းနဲ့ ဒေသခံလူထုနဲ့ အဖွဲ့အစည်းတွေက ဦးဆောင်ပါဝင်နိုင်အောင် အခြေခံကနေ ပံ့ပိုးပေးတဲ့ နည်းလမ်းနဲ့ ကူညီဖို့ကို အဓိက တိုက်တွန်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013