
ဂျပန်အောက်လွှတ်တော်အမတ် ၂ ယောက်ရဲ့ နေပြည်တော်ခရီးစဉ်နဲ့ ပတ်သက်လို့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက စက်တင်ဘာ ၂၄ ရက် ဒီကနေ့ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက် ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။
အဆိုပါ ကန့်ကွက်စာကို ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနဲ့ နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိ တိုရှိမိဆွတို့ထံ လိပ်မူထားပြီး “ဂျပန်ရောက် မြန်မာအသိုက်အဝန်း” အမည်နဲ့ ပေးပို့ခဲ့တာပါ။
ဂျပန်အာဏာရ LDP ပါတီဝင်၊ အောက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဒုဝန်ကြီးဟောင်း မစ္စတာ တာခဲအိ ရွှန်းဆုခဲက စက်တင်ဘာ ၁၄ ရက်မှာ နေပြည်တော်သွားခဲ့သလို ဂျပန်ရဲ့ မူဝါ ပြန်လည်ထူထောင်ရေးဝန်ကြီးဟောင်း အောက်လွှတ်တော်အမတ် မစ္စတာဝါတာနာဘဲကလည်း စက်တင်ဘာ ၂၂ ရက်က နေပြည်တော်ကို အသီးသီး သွားရောက်ခဲ့ကြတာပါ။
ဒီခရီးစဉ်မှာ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီနဲ့ တွေ့ဆုံခဲ့ပြီး မစ္စတာဝါတာနာဘဲက ဦးခင်ရီကို ဂျပန်နိုင်ငံလာရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ စစ်အာဏာရှင် အာဘော် သတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။
တောင်းဆိုစာပေးခဲ့တဲ့ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဦးမျိုးမင်းဆွေက “ဒီလို သွားရောက်တာ၊ တွေ့ဆုံ ပြောဆိုတာတွေဟာ လက်ရှိ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရေးမူဝါဒနဲ့ ဘယ်လို ဆက်စပ်နေသလဲ ဆိုတဲ့အပေါ် ကျနော်တို့ အလွန်စိုးရိမ်မိတယ်။ တာဝန်ရှိသူတွေအနေနဲ့ အချက်အလက်အမှန်ကို စိစစ်အတည်ပြုပေးဖို့ တောင်းဆိုစာမှာ ထည့်ရေးထားသလို တောင်းဆိုစာ လက်ခံတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ခံ အရာရှိတွေနဲ့ ဆွေးနွေးတင်ပြခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
လွှတ်တော်အမတ် မစ္စတာ တာခဲအိက မြန်မာနိုင်ငံမှာ ပြင်ပသတင်းဌာနတွေက ဖော်ပြနေသလို မဟုတ်ဘဲ တည်ငြိမ်အေးချမ်းနေတာကို တွေ့မြင်ရတယ်လို့ ပြောဆိုခဲ့ကြောင်း စစ်အာဏာရှင် အာဘော်သတင်းဌာနတွေက ဖော်ပြပါတယ်။
တောင်းဆိုစာပေးပို့ခဲ့တဲ့ အဖွဲ့ဝင် ဦးမြင့်ဆွေက “အခုအချိန်မှာ ဂျပန်အောက်လွှတ်တော်အမတ် ၂ ယောက် ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်သွားတာရယ်၊ အခုလို မြန်မာပြည်မှာ အေးချမ်းနေပြီ ပြောတာဟာ လက်ရှိ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်အောက်မှာ နေ့စဉ် အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ခံနေရတဲ့ ဘဝတွေ လူ့အခွင့်အရေးကင်းမဲ့နေတာကို မျက်စိမှိတ် ပြောဆိုနေတာလို့ ခံစားရတယ်” လို့ ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်က အပြောင်းအလဲမရှိ ဆက်လက်အားပေးမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ရှင်းပြခဲ့ကြောင်းလည်း ဦးမြင့်ဆွေက ပြောပါတယ်။
ဇော်ဇော်လှိုင်











