
၅ နှစ်အကြာမှာ တစစီ ကွဲကြေနေသော နိုင်ငံ
အာဏာသိမ်းပြီး ၅ နှစ်ကြာတဲ့အထိ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံးနဲ့ သတင်းဖော်ပြခံရမှု အနည်းဆုံး ပဋိပက္ခတခုထဲမှာ ပိတ်မိနေဆဲပါ။ စစ်တပ်ရဲ့ ထိန်းချုပ်နိုင်စွမ်းကလည်း သိသိသာသာကို အားနည်းလာနေပါပြီ။ ယုံကြည်ရတဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေရဲ့ အဆိုအရ ၂၀၂၆ ခုနှစ် အစောပိုင်းမှာ စစ်ကောင်စီဟာ မြို့နယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းအောက်ကိုပဲ ထိန်းချုပ်နိုင်တော့တယ်လို့ မှန်းထားပါတယ်။ ဒါဟာ အာဏာစသိမ်းချိန်က နိုင်ငံတခုလုံး နီးပါးကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အခြေအနေကနေ အကြီးအကျယ် ပြိုကျသွားတာပဲ ဖြစ်ပါတယ်။ တခြားတဖက်မှာတော့ တော်လှန်ရေး အင်အားစုတွေဟာ နယ်မြေအများအပြားကို အံ့မခန်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော် (AA) ဆိုရင် အခုဆို ရခိုင်ပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားနိုင်ပါပြီ။ ပြည်နယ်ထဲက မြို့နယ် ၁၇ ခုမှာ ၁၄ ခုကို သိမ်းထားပြီး ပြည်နယ်မြို့တော် စစ်တွကိုပါ သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပါတယ်။
ဒါပေမဲ့ မြေပုံပေါ်မှာ စစ်ရေးအရ အသာစီးရနေတာက ငြိမ်းချမ်းရေးတော့ ဖြစ်မလာသေးပါဘူး။ ခန့်မှန်းချက်တွေအရ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ လူပေါင်း ၁ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ စစ်ကောင်စီဟာ သူတို့ကိုယ်သူတို့ တရားဝင်အစိုးရဖြစ်ကြောင်း ပြသဖို့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အတွင်းမှာ တင်းကျပ်တဲ့ အစောင့်အကြပ်တွေနဲ့ အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပခဲ့တာပါ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲဟာ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီ နိုင်အောင် လုပ်ကြံဖန်တီးထားတဲ့ အတုအယောင် ရွေးကောက်ပွဲအဖြစ် အားလုံးက ပယ်ချခဲ့ကြပါတယ်။ သြစတြေးလျ အပါအဝင် နိုင်ငံခြားအစိုးရတွေကလည်း ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေကြားမှာ ကျင်းပခဲ့တာလို့ မှတ်ချက်ပေးပါတယ်။ အတိုက်အခံပါတီတွေလည်း သေချာ မပါဝင်နိုင်သလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုရဲ့ စံနှုန်းတွေနဲ့လည်း မကိုက်ညီဘူးလို့ ဆိုပါတယ်။ ၂၀၂၆ ဧပြီလမှာတော့ မင်းအောင်လှိုင်က သမ္မတရာထူးကို ရယူခဲ့ပါတယ်။ အဲဒီနောက်မှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ခေါင်းဆောင်တယောက်အသွင် ဟန်ဆောင်ပြဖို့ ကြိုးစားလာပြီး နိုင်ငံတကာက အသိအမှတ်ပြုလာအောင် အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို တရားဝင် အလည်အပတ် သွားရောက်ခဲ့ပါတယ်။
ရွေးကောက်ပွဲကာလဟာ ငြိမ်းချမ်းနေတာမျိုး မဟုတ်ဘဲ အလွန်ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အများပြည်သူ ကြည့်ရှုနိုင်တဲ့ မှတ်တမ်းတွေအရ ရွေးကောက်ပွဲကာလ အတွင်းမှာတင် စစ်တပ်က လေကြောင်းကနေ ၄၀၈ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇၀ အနည်းဆုံး သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ကဆိုရင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာရှိတဲ့ လူနေထူထပ်တဲ့ နေရာတခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတာ မရှိဘဲနဲ့ အရပ်သား ၅၀ လောက်အထိ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကို အကြောင်းပြပြီး နိုင်ငံရေးအရ ဖိနှိပ်မှုအသစ်တွေကိုလည်း လုပ်လာပါတယ်။ သူတို့ တဖက်သတ် ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ ဆိုတာနဲ့ အမျိုးသား ၃၂၄ ဦးနဲ့ အမျိုးသမီး ၈၀ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အွန်လိုင်းမှာ သာမန်ရေးသားမှုလေးတွေ လုပ်တာကိုတောင် ဖမ်းဆီးတာပါ။ လူတယောက်ဆိုရင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာတွေ တင်လို့ဆိုပြီး ထောင်ဒဏ် ၄၉ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။
စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ရာမှာ ရမ်းသန်းပစ်ခတ်တဲ့ နည်းလမ်းတွေကို ပိုပြီး ဆိုးဆိုးရွားရွား သုံးလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်ကောင်စီဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ စစ်ရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာပါတယ်။ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေ၊ ပါရာမော်တာတွေနဲ့ ဂျိုင်ရိုကော်ပတာ တွေကိုလည်း ပိုသုံးလာတဲ့အတွက် အရပ်သားတွေအတွက် အန္တရာယ်အသစ်တွေ ဖြစ်လာပါတယ်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့တုန်းက စစ်ကိုင်းတိုင်းထဲက ဘုရားပွဲတခုကို စစ်တပ်က ပါရာမော်တာနဲ့ တိုက်ခိုက်ခဲ့လို့ ကလေး ၃ ယောက် အပါအဝင် လူ ၂၄ ယောက် အနည်းဆုံး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ဒီဇင်ဘာကစလို့ ဒီလို ပါရာမော်တာနဲ့ တိုက်ခိုက်မှုပေါင်း ၁၃၅ ကြိမ်ကျော် ရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ဥပဒေက တားမြစ်ထားတဲ့ လက်နက်တွေကိုလည်း ဆက်ပြီး သုံးစွဲနေဆဲပါ။ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ ကလပ်စတာဗုံး တွေနဲ့ လူကိုသေစေနိုင်တဲ့ မြေမြှုပ်မိုင်းတွေကို အခုချိန်ထိ သုံးနေသေးတဲ့ ကမ္ဘာ့နိုင်ငံ ၄ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
စီးပွားရေး ပြိုလဲမှုကြီး
COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ ၅ နှစ်ကြာ ပဋိပက္ခတွေကြောင့် လုံးဝပျက်စီးသွားခဲ့ပါပြီ။ အာဏာသိမ်းပြီးကတည်းကဆိုရင် စီးပွားရေးဆုံးရှုံးမှု ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါး ရှိနေပါပြီ။ နိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ ကိုဗစ်မတိုင်ခင် အနေအထားကို ပြန်ရောက်ဖို့ဆိုတာ နှစ်ပေါင်းများစွာ ကြာဦးမှာပါ။ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ၂၀၂၁ ကစပြီး စီးပွားရေးဟာ ၉ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုစာ ရရှိခဲ့တဲ့ စီးပွားရေးတိုးတက်မှုတွေကို နောက်ပြန်ဆွဲသွားတာပါပဲ။
ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ နိုင်ငံဟာ နာလန်ထူလာတာမဟုတ်ဘဲ အနိုင်နိုင် ရုန်းကန်နေရတာကို ပြသနေပါတယ်။ ၂၀၂၆ ခုနှစ်အတွက် မြန်မာ့ GDP ကို ခန့်မှန်းခြေ ဒေါ်လာ ၆၅ ကနေ ၇၅ ဘီလီယံလောက်ပဲ ရှိမယ်လို့ မှန်းထားပြီး တိုးတက်မှုနှုန်းက ၂ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းကြားပဲ ရှိပါမယ်။ ဒီလို နည်းနည်းလေး ပြန်တက်လာတာဟာ တကယ့် အခြေခံအားနည်းချက်တွေကို ဖုံးကွယ်ထားတာပါ။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် တိုးတက်မှုကို ၂ ရာခိုင်နှုန်းပဲ မှန်းထားပြီး စီးပွားရေးအလားအလာကလည်း မှေးမှိန်နေဆဲပဲလို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ဒါဟာ အာဏာမသိမ်းခင် အခြေအနေနဲ့ဆိုရင် ကွာခြားချက် ကြီးမားလွန်းလှပါတယ်။ ၂၀၁၁ ကနေ ၂၀၁၉ အတွင်းမှာဆိုရင် ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံဟာ တနှစ်ကို စီးပွားရေးတိုးတက်မှု ၆ ရာခိုင်နှုန်းလောက်အထိ အရှိန်အဟုန်နဲ့ တိုးတက်ခဲ့ပြီး ဆင်းရဲမွဲတေမှုကိုလည်း သိသိသာသာ လျှော့ချနိုင်ခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းလည်း ကျဆင်းသွားပါတယ်။ လျှပ်စစ်မီးပြတ်တောက်တာ၊ အလုပ်သမား ရှားပါးတာ၊ ကုန်သွယ်ရေးနဲ့ ငွေလဲနှုန်း ကန့်သတ်ချက်တွေကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ငွေကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ၁၆ ရာခိုင်နှုန်းလောက် ရှိမယ်လို့ မှန်းထားပါတယ်။ မကြာသေးခင်က အနည်းငယ် ကျဆင်းလာတာတော့ ရှိပါတယ်။ စားသောက်ကုန် ငွေကြေးဖောင်းပွမှုက ၁၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အခြားကုန်ပစ္စည်းတွေက ၂၀ ဒသမ ၈ ရာခိုင်နှုန်းကို ကျလာပါတယ်။ ဒါဟာ ကျပ်ငွေတန်ဖိုး နည်းနည်း ပြန်တက်လာတာ၊ စားသောက်ကုန် ဈေးနှုန်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာနဲ့ ကုန်စည်စီးဆင်းမှု နည်းနည်း ကောင်းလာတာတွေကြောင့်ပါ။ ၂၀၂၆ ဇန်နဝါရီလအရောက်မှာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ကျပ်ငွေတန်ဖိုး ၁၅ ရာခိုင်နှုန်းလောက် ပြန်တက်လာပါတယ်။
လျှပ်စစ်မီး လုံလောက်စွာ မရတာကလည်း တနိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။ ၂၀၂၅ ဇန်နဝါရီလမှာဆိုရင် တနေ့တာ လျှပ်စစ်မီး လိုအပ်ချက်က မဂ္ဂါဝပ် ၄,၄၀၀ ရှိပေမဲ့ တကယ်ထုတ်ပေးနိုင်တာက ၁,၇၀၁ မဂ္ဂါဝပ်ပဲ ရှိပါတယ်။ ဒါဟာ စက်ရုံတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အကြီးမားဆုံး အဟန့်အတားတခု ဖြစ်နေပါတယ်။ ပဋိပက္ခတွေနဲ့ ငလျင်ကြောင့် လျှပ်စစ်အဆောက်အအုံတွေ ပျက်စီးသွားတာက ဒီပြဿနာကို ပိုဆိုးသွားစေပါတယ်။ ဂြိုဟ်တုပုံရိပ်တွေအရ ၂၀၂၅ မေလအထိ ၅ လတာ ကာလအတွင်း ညဘက်အလင်းရောင် ထွက်ရှိမှုဟာ ၂၀၂၄ ခုနှစ် အလားတူကာလနဲ့ ယှဉ်ရင် ၁၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါဟာ စီးပွားရေး ဘယ်လောက်အထိ ကျုံ့ဝင်သွားသလဲ ဆိုတာကို သက်သေပြနေတာပါပဲ။
ဒီစီးပွားရေး ပြိုလဲမှုရဲ့ ဒဏ်ကို ဆင်းရဲမွဲတေမှု တိုးလာတာနဲ့အမျှ ပြည်သူတွေ တိုက်ရိုက် ခံစားနေရပါတယ်။ ငလျင်မလှုပ်ခင် ၂၀၂၄ ခုနှစ်တုန်းက ဆင်းရဲမွဲတေမှုနှုန်း ၃၁ ရာခိုင်နှုန်း ရှိမယ်လို့ မှန်းထားပြီး ငလျင်ဒဏ်ကြောင့် နောက်ထပ် ၂ ဒသမ ၈ ရာခိုင်နှုန်းလောက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ တချို့ခန့်မှန်းချက်တွေဆိုရင် ဒီထက်တောင် ပိုဆိုးပါသေးတယ်။ ၂၀၂၅ ခုနှစ်မှာ လူဦးရေရဲ့ ၄၆ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်ကို ရောက်နေပြီလို့ ခန့်မှန်းထားကြပါတယ်။ ပြည်နယ်အလိုက် ဆင်းရဲမွဲတေမှု ပြောင်းလဲသွားပုံတွေဟာ အဲဒီဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခ ပြင်းထန်မှုတွေနဲ့ တိုက်ရိုက် အချိုးကျနေတာကို တွေ့ရပါတယ်။
ပိုမို နက်ရှိုင်းလာသော လူသားချင်းစာနာမှု အရေးပေါ်အခြေအနေ
မြန်မာပြည် စစ်ပွဲကြောင့် ပြည်သူတွေ အတိဒုက္ခရောက်ရမှုဟာ အံ့သြတုန်လှုပ်စရာ ကောင်းလောက်အောင် များပြားနေပြီး ဆက်လက် တိုးလာနေဆဲပါ။ ၂၀၂၆ ခုနှစ်မှာ ကလေးသူငယ် ၄ ဒသမ ၉ သန်း အပါအဝင် လူဦးရေ ၁၆ ဒသမ ၂ သန်းခန့်ဟာ အသက်ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတာ၊ စားနပ်ရိက္ခာ ရှားပါး ပြတ်လပ်တာနဲ့ အခြေအနေတွေ ပိုဆိုးလာတာကြောင့် အခုဆိုရင် လူဦးရေ ၃ ဒသမ ၆ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ စားနပ်ရိက္ခာ ဖူလုံရေးကလည်း အလွန်စိုးရိမ်စရာ ဖြစ်လာပါတယ်။ မြန်မာလူဦးရေရဲ့ လေးပုံတပုံနီးပါးဟာ စားနပ်ရိက္ခာ အပြင်းအထန် ပြတ်လပ်နေတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး သုံးပုံတပုံကျော်ကတော့ အရေးပေါ် အကူအညီတွေ ချက်ချင်း လိုအပ်နေပါတယ်။ လူလုပ်တဲ့ ဘေးအန္တရာယ်တွေအပြင် သဘာဝဘေးအန္တရာယ်ကပါ ထပ်ဆင့် ဒုက္ခပေးလာပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ ၇ ဒသမ ၇ ပြင်းအားရှိတဲ့ အလွန်ဆိုးရွားတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့လို့ လူ ၃,၆၀၀ ကျော် သေဆုံးပြီး ၅,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီငလျင်ကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ရက်စက်ကြမ်းကြုတ်မှု သက်သေအထောက်အထားတွေ အများကြီး ပေါ်ထွက်နေပေမဲ့လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာအောင် လုပ်ဆောင်နိုင်စွမ်းကတော့ အကန့်အသတ်နဲ့ပဲ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် အပါအဝင် စုံစမ်းစစ်ဆေးသူတွေကတော့ နိုင်ငံတဝန်းက အရပ်သားတွေဟာ နိုင်ငံတကာရာဇဝတ်မှု မြောက်လောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားခဲ့ရတယ်ဆိုတဲ့ သက်သေတွေ ရှိနေတယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကလည်း စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ လုံးဝကို အလုပ်မဖြစ်ဘဲ ကျရှုံးနေပြီလို့ ထောက်ပြကြပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလဟာ အရပ်သားတွေကို သတ်ဖြတ်၊ အကြောက်တရားသွင်းပြီး ထိန်းချုပ်ဖို့ ကြိုးစားတဲ့ မြန်မာစစ်တပ်ရဲ့ နည်းဗျူဟာ ကျရှုံးသွားတာကို ပြသနေတယ်လို့ မှတ်ချက်ပြုထားပါတယ်။
နိဂုံးချုပ်
ဒီမိုကရေစီ အပင်ပေါက်ကလေးကို အာဏာသိမ်းမှုတခုက ရိုက်ချိုးဖျက်ဆီးလိုက်တဲ့ ၅ နှစ်အကြာမှာ တိုးတက်မှုတွေ ဘယ်လောက်မြန်မြန် ဆုတ်ယုတ်သွားနိုင်သလဲ၊ အဲဒီအခြေအနေကနေ ပြန်လည်နာလန်ထူဖို့ ဘယ်လောက်တောင် အချိန်ကြာနိုင်သလဲ ဆိုတာကို မြန်မာနိုင်ငံက ပြသနေပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဟာ ဆယ်စုနှစ်တခုစာလောက် နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ ပြည်သူတွေဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့ အကူအညီ အနည်းဆုံး လူသားချင်းစာနာမှု အကျပ်အတည်းကြီးကို ရင်ဆိုင်နေရပါတယ်။ နိုင်ငံရေး အနာဂတ်ကလည်း ဘာမှန်းမသိအောင် ဝေဝါးနေဆဲပါ။ စစ်တပ်ဟာ သူတို့ဖျက်ဆီးခဲ့တဲ့ ဒီမိုကရေစီ အကူးအပြောင်းကို ပြန်လုပ်မပေးဘဲ အကြမ်းဖက်မှုတွေနဲ့ပဲ သူတို့အာဏာကို ဆက်ပြီး တည်ဆောက်နေပါတယ်။ ဒီပဋိပက္ခကြီးက ၆ နှစ်မြောက်ထဲ ဝင်လာတာနဲ့အမျှ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ (UN) တာဝန်ရှိသူတွေဟာ နိုင်ငံတကာက ဒီအရေးကို ပိုပြီး အာရုံစိုက်လာဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ဆက်တိုက်ပေးခွင့်ရဖို့နဲ့ စစ်မှန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာဖို့ တောင်းဆိုနေကြပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင်တော့ မြန်မာပြည်သူတွေဟာ အဆုံးသတ်မရှိတဲ့ စစ်ပွဲကြီးရဲ့ ဆိုးကျိုးတွေကို ဆက်လက်ခံစားနေရဦးမယ်လို့ သူတို့က သတိပေးထားပါတယ်။
ဆာချင် ယာဒက်ဗ်
Ref: Eurasia Review











