
အီသီယိုးပီးယားနိုင်ငံရဲ့ ၂၀၂၀-၂၀၂၂ ပြည်တွင်းစစ်တုန်းက တဖက်နဲ့တဖက် အချင်းချင်း တိုက်ခိုက်ခဲ့ကြဖူးတဲ့ နှစ်ချို့ ရန်သူတော်ကြီးတွေ ဖြစ်ခဲ့ကြသူတွေ အပါအဝင် အီသီယိုးပီးယား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဟာ ဝန်ကြီးချုပ် အဘီအာမက်ရဲ့ အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး မဟာမိတ်အဖွဲ့တခု ဖွဲ့လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
အီသီယိုးပီးယား ပြည်သူ့တပ်ဖွဲ့များ ရှင်သန်ရေးမဟာမိတ်အဖွဲ့ အမည်ရ အဲဒီအဖွဲ့ရဲ့ ကြေညာချက်ဟာ မြောက်ဘက်တီဂရေးကနေ တောင်ဘက်က ဆိုမာလီဒေသအထိ နိုင်ငံတဝန်းမှာ အခြေစိုက်ကြပြီး လူမျိုးစုကွဲပြားကြတဲ့ အဖွဲ့အစည်းတွေကို စုစည်းပေးလိုက်တာဖြစ်ကာ အိုရိုမီယာ၊ အာဖာနဲ့ ဘီနီရှန်ဂူးလ်-ဂူမုဇ် ဒေသတွေက အဖွဲ့တွေလည်း ပါဝင်ပါတယ်။
ဝန်ကြီးချုပ် အဘီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘီလင်ဆေယွမ်ကတော့ ဒီမဟာမိတ်အဖွဲ့ဝင်တွေဟာ အီသီယိုးပီးယားရဲ့ အိမ်နီးနားချင်းဖြစ်ပြီး သမိုင်းကြောင်းအရ ရန်သူတော်လည်းဖြစ်တဲ့ အီရစ်ထရီးယားရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ အတန်ကြာ ပူးပေါင်းဆောင်ရွက်နေခဲ့ကြလို့ ဆိုပါတယ်။
အီရစ်ထရီးယား သတင်းအချက်အလက်ဝန်ကြီးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း ဖြေကြားခဲ့ခြင်း မရှိပါဘူး။ အာစ်မာရာ အစိုးရကလည်း အဲဒီလို စွပ်စွဲချက်မျိုးတွေကို အကြိမ်ကြိမ် ငြင်းဆန်ထားပါတယ်။
အရင်က ဖက်ဒရယ်အစိုးရဘက်ကနေ TPLF ကို တိုက်ခိုက်ခဲ့ဖူးတဲ့ ဖာနိုအဖွဲ့က ခေါင်းဆောင် ဇီမေနီကာစီ ဖတ်ပြခဲ့တဲ့ ကြေညာချက်ထဲမှာ “အီသီယိုးပီးယား ပြည်သူ့တပ်ဖွဲ့တွေအနေနဲ့ ဒီအာဏာရှင်စနစ်ကို ဖြုတ်ချရမဲ့ သမိုင်းဆိုင်ရာ တာဝန်ဝတ္တရားကြီးကို ထမ်းဆောင်နေကြပါပြီ” လို့ တီဂရေး TTV ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပြီး အဲဒီကြေညာချက်ကို အဖွဲ့တချို့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာလည်း တင်ခဲ့ပါတယ်။
တနင်္လာနေ့မှာတော့ နိုင်ငံရဲ့ သတင်းမီဒီယာ ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပြီး သတင်းဌာနတွေအနေနဲ့ တီဂရေးရုပ်သံလိုင်းကို သတင်းရင်းမြစ်အဖြစ် အသုံးပြုတာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
အီသီယိုးပီးယား မီဒီယာအာဏာပိုင်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်ကတော့ နောက်ထပ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းဖြေကြားခြင်း မရှိသေးပါဘူး။
အဖွဲ့အတော်များများကတော့ အစိုးရဟာ အာဏာကို ဗဟိုချုပ်ကိုင်ပြီး ဒေသတွေကို ဘေးဖယ်ထားတယ်လို့ စွပ်စွဲထားကြပါတယ်။
အစိုးရဘက်ကတော့ နှစ်ကာလကြာရှည်လာပြီဖြစ်တဲ့ နိုင်ငံရေးကွဲပြားမှုတွေနဲ့ ပြည်တွင်း ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် အမျိုးသားအဆင့် ဆွေးနွေးပွဲတရပ်ကို စတင်ခဲ့ပြီလို့ ပြောပါတယ်။
Source: Reuters











