
အီသီယိုးပီးယားဟာ TPLF တီဂရေးတပ်ဖွဲ့တွေဆီကနေ သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ လက်နက်တွေ ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အီသီယိုးပီးယားမြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း သိမ်းဆည်း ရမိခဲ့တဲ့ တင့်ကားဖျက် ဒုံးကျည်တွေ၊ လေယာဉ်ပစ် ခဲယမ်းမီးကျောက်တွေ၊ ဒရုန်းတွေနဲ့ တခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို စစ်တပ်က အဒစ်စ်အဘာဘာမြို့မှာရှိတဲ့ သံတမန်တွေကို ပြသခဲ့တာပါ။
ဒီလက်နက်တွေဟာ အီရစ်ထရီးယား၊ အီဂျစ်နဲ့ ဆူဒန် စတဲ့ ပြည်ပနိုင်ငံတွေက တီဂရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးထားတဲ့လက်နက်တွေဖြစ်တယ်လည်း အီသီယိုးပီးယားဘက်က စွပ်စွဲ ပြောလိုက် ပါတယ်။
လက်နက်တွေပေါ်က အမှတ်အသားတွေနဲ့ စာရွက်စာတမ်းတွေအရ နိုင်ငံခြားက ထောက်ပံ့ ပေးထားတာကိုတွေ့ရှိရပြီး၊ QR ကုဒ်တွေနဲ့ စာရွက်စာတမ်း အထောက်အထားတွေက အစ်ရီထရီးယားမြို့တော် အက်စမာရာနဲ့ အီဂျစ်နိုင်ငံဆီကို ညွှန်ပြနေတယ်လို့ လေတပ်ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မက်ဆီရက် ဂက်တာချူးက ပြောပါတယ်။
ပြသထားတဲ့ ပစ္စည်းတွေထဲမှာ လေကြောင်းက ကြဲချတဲ့ ဗုံးတွေ၊ ဒုံးပစ်လောင်ချာတွေနဲ့ ဝေးလံတဲ့ နေရာအထိ ဆက်သွယ်နိုင်တဲ့ ရေဒီယိုစက်တွေ ပါဝင်ပါတယ်။
ခဲယမ်းမီးကျောက်တချို့မှာတွေ့ရတဲ့ ပုံဖျက် ဖုံးကွယ်တဲ့ ဆေးသုတ်ပုံစံတွေအရ ဒါတွေဟာ ဆူဒန် နိုင်ငံကနေ ရောက်ရှိလာတာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ် ပရီတိုးရီးယား သဘောတူညီချက် အပြီးရရှိလာခဲ့တဲ့ မခိုင်မြဲသေးတဲ့ ငြိမ်းချမ်းရေးဟာ အခုဖြစ်ပွားလာတဲ့ ပဋိပက္ခအသစ်တွေကြောင့် ပျက်ပြားသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး၊ အခုလို စွပ်စွဲပြောဆိုမှုတွေက ဒေသတွင်း တင်းမာမှုတွေကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
ဆူဒန်၊ အီရစ်ထရီးယားနဲ့ အီဂျစ်နိုင်ငံတို့ကတော့ အရင်ကလည်း ဒီလိုစွပ်စွဲချက်တွေကို ငြင်းဆို ခဲ့ဖူးပါတယ်။
တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) ဟာ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းတီဂရေး ဒေသကို အခြေပြုထားတဲ့ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အီသီယိုးပီးယားမြောက်ပိုင်းတလျှောက်မှာ လူဦးရေ ထပ်မံ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဖြစ်ပေါ်လာစေပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေလည်း ပိုပြီး တိုးပွားလာနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက သတိပေးပြောပါတယ်။
Source: Reuters











