
အီသီယိုးပီးယားစစ်တပ်နဲ့ တီဂရေးတပ်ဖွဲ့တွေကြား တင်းမာမှုတွေ ပြန်မြင့်တက်လာချိန်မှာ မြို့တော် မာကာလယ် လေဆိပ်ကို တီဂရေးတပ်တွေ သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် အီသီယိုးပီးယား လေကြောင်းလိုင်းဟာ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း တီဂရေးဒေသကို ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေကို စက်တင်ဘာ ၂၃ ရက်ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။
အစိုးရပိုင် လေကြောင်းလိုင်းကတော့ တီဂရေးဒေသရဲ့ လက်ရှိအခြေအနေတွေကြောင့် မာကာလယ်၊ ရှီးရယ်နဲ့ အာခ်ဆုမ်မြို့တွေကို ပျံသန်းမဲ့ လေကြောင်းလိုင်းတွေကို ခေတ္တရပ်ဆိုင်းထားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။
၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဖြစ်ပွားခဲ့ပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ပြည်တွင်းစစ်မှာ ဖက်ဒရယ်အစိုးရကို တိုက်ခိုက်လာခဲ့တဲ့ တီဂရေးတပ်ဖွဲ့တွေဟာ မာကာလယ်လေဆိပ်ကို စောင့်ကြပ်နေတဲ့ ဖက်ဒရယ် ရဲတပ်ဖွဲ့ဆီကနေ ညတွင်းချင်း စီးနင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် အာဘီးအာမဒ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဖက်ဒရယ်အစိုးရနဲ့ တီဂရိုင်းဒေသကို အုပ်ချုပ်နေတဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) တို့ကတော့ ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
Source: Reuters











