
အီသီယိုးပီးယားတောင်ဘက်နယ်စပ်မြို့ဖြစ်တဲ့ မိုယာလီမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေလည်း နယ်စပ်ဖြတ်ပြီး ကင်ညာနိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ ဒေသတွင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ရိုက်တာသတင်းဌာနက စိစစ်အတည်ပြုထားတဲ့ လူမှုကွန်ရက် ဗီဒီယိုဖိုင်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ မြို့ထဲမှာ ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရတာကို တွေ့ရပါတယ်။
ဗီဒီယိုတခုထဲမှာ အမျိုးသားတချို့က ဓာတ်ဆီဆိုင်မှာရှိတဲ့ ဆီပန့်ခုံတွေကို ဆွဲဖြုတ်ဖို့ ကြိုးစား နေကြပြီး နောက်ကနေလည်း အဲဒီမြေဟာ သူတို့ရဲ့ မြေဖြစ်တာကြောင့် ရိုက်ခွဲ ပျက်စီးပစ်ကြဖို့ ဝိုင်းတွန်းအားပေး ခြိမ်းခြောက်ပြောဆိုနေကြကာ အနီးအနားမှာ မီးတောက်အသေးလေးတခု တောက်လောင်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် တခြားဗီဒီယိုတွေမှာလည်း ဆောက်လုပ်ရေးစက်ယန္တရားကြီးတွေကို မီးရှို့နေကြပြီး နောက်ကနေ ဂါရီမျိုးနွယ်စုတွေအနေနဲ့ ဒီအမှားကနေ သင်ခန်းစာယူသင့်တယ်လို့ လှောင်ပြောင် ပြောဆိုနေကြပါတယ်။
ဗီဒီယိုရိုက်ကူးသူ အမျိုးသားတွေက သူတို့ကိုယ်သူတို့ ပြန်လည်ရိုက်ကူးရင်း ဒါဟာ အိုရိုမို မျိုးနွယ်စုနဲ့ ဘိုရာနာ မျိုးနွယ်စုတို့ရဲ့ အမျိုးသားရေးအတွက် သွေးမြေကျခံ တိုက်ပွဲဝင်တာ ဖြစ်ကြောင်းနဲ့ အနီးအနားက အဆောက်အအုံတွေကိုပါ ဆက်လက်မီးရှို့ဖို့ လှုံ့ဆော် အော်ဟစ် နေကြပါတယ်။
အာဏာပိုင်တွေနဲ့ ကူညီရေးအဖွဲ့တွေကတော့ ဒီအကြမ်းဖက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ဒုက္ခသည် ပြဿနာ ဖြစ်ပွားနေရပြီး အီသီယိုးပီးယားနိုင်ငံသား ထောင်နဲ့ချီ ထွက်ပြေး ခိုလှုံနေကြတဲ့ ကင်ညာနိုင်ငံမှာလည်း တိုက်ပွဲကြောင့် ထိခိုက်နစ်နာသူတွေကို ကူညီဖို့လည်း ကြိုးစားဆောင်ရွက် နေကြပါတယ်။
Source: Reuters











