
ရန်ကုန်မှာ မန်ယူဂန္တဝင်ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေ တွေ့ဆုံကြမဲ့ "Legendary Players Meet & Greet in Yangon" အစီအစဉ် အပေါ် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ဝေဖန်ခဲ့ကြပေမဲ့ မန်ယူကစားသမားဟောင်းတချို့ မြန်မာနိုင်ငံကို အောက်တိုဘာ ၃၀ ရက် မှာ ရောက်ရှိလာပါတယ်။
ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲ၊ ပဋိပက္ခတွေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှု တွေကို ဖုံးကွယ်ဖို့ကြိုးစားမှုတခုသာဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံကို မလာကြဖို့ တော်လှန်ရေး အင်အားစုတွေက မန်ယူကစားသမားဟောင်းတွေကို တိုက်တွန်းထားတာပါ။
အဲဒီတောင်းဆိုမှုတွေကြောင့် မူလက မြန်မာနိုင်ငံကိုလာဖို့ စီစဉ်ထားတဲ့ မန်ယူဂန္ထဝင် ကစားသမားဟောင်းတွေဖြစ်တဲ့ ရိုင်ယန်ဂစ်နဲ့ ဒီမီတာဘာဘာတော့ဗ်တို့ကတော့ အစီအစဉ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့နေရာမှာ အန်တိုနီယို ဗလင်စီယာနဲ့ ဖေဘီယို ဒါဆေးလ်ဗားတို့အစားဝင်ပြီး အန်ဒါဆန်၊ ပက်ထရစ် အီဗရာတို့နဲ့အတူ မြန်မာနိုင်ငံကိုလာရောက်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့က လူငယ်တယောက်က "ဒါက သက်သက် ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ဖုံးဖို့ကြိုးစားကြတာ။ ပြီးရင် ပျော်နေပါးနေတာတွေကို ကမ္ဘာကို ပြန်ပြကြမှာပေါ့။ လူငယ်တွေ သတိနဲ့ ဆင်ခြင်ကြဖို့တော့ ပြောချင်ပါတယ်"လို့ မှတ်ချက် ပြုပါတယ်။
မန်ယူကစားသမားဟောင်းတွေဟာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး ပရိသတ်တွေနဲ့တွေ့ဆုံတာ မြန်မာအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဖျော်ဖြေတာတွေ လုပ်မဲ့အပြင် သတင်းစာရှင်းလင်းပွဲလည်း လုပ်သွားမယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁ ရက် ရန်ကုန်မြို့က ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) မှာ ကျင်းပမဲ့ Festival With The Legends အစီအစဉ်မှာ မြန်မာအဆိုတော်တွေဖြစ်တဲ့ ထွန်းထွန်း၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ရဲလေး၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းမြေ့မောင်ချိုတို့ ပါဝင်ဖျော်ဖြေမယ်လို့လည်း ကြေညာထားပါတယ်။
အဲဒီပွဲကို ဝင်ကြေးအနေနဲ့ ကျပ် ၁ သိန်းကျပ်ကနေ ၃ သိန်း အထိ သတ်မှတ်ထားတာတွေ့ရပြီး ဝေဖန်ပြောဆိုမှုတွေခံနေရတဲ့အပြင် စိတ်ဝင်စားမှုနည်းပါးနေတာကိုလည်း တွေ့ရပါတယ်။
မန်ယူကစားသမားဟောင်းတွေဟာ ဒီကနေ့ အောက်တိုဘာ ၃၁ ရက်မှာ ရန်ကုန်က လူငယ် ဘောလုံးသမားတွေဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။











