DVB Logo
Home
မြန်မာသတင်း
ဒေါက်တာဆာဆာ ဦးဆောင်ပြီး ချင်းပညာတတ်လူငယ်များပါဝင်သည့် IPFD အင်စတီကျုဖွဲ့စည်း  
DVB
·
November 30, 2025
ဒေါက်တာဆာဆာ ဦးဆောင်ပြီး ချင်းပညာတတ်လူငယ်များပါဝင်သည့် IPFD အင်စတီကျုဖွဲ့စည်း  
Donate to DVB

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ နုတ်ထွက်ပြီးနောက် အမေရိကန်ရောက် ချင်းပညာတတ် လူငယ်တွေ ပါဝင်တဲ့ Institute of Peace and Federal Democracy (IPFD) ကို ဦးဆောင်ဖွဲ့စည်းလိုက်ပါတယ်။

IPFD ဟာ အမေရိကန်အစိုးရဆီမှာ မှတ်ပုံတင်ထားပြီး တရားဝင်လှုပ်ရှားတဲ့ အင်စတီကျူးရှင်း ဖြစ်သလို ဘဏ္ဍာရေးအတွက် တရားဝင် ဘဏ်စာရင်းကိုလည်း ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ ဒီအင်စတီကျူးရှင်းကို ထူထောင်သလို ဗြိတိန်၊ ဩစတြေးလျတို့ အပါအဝင် မြန်မာအသိုက်အဝန်းအများအပြားရှိတဲ့ နိုင်ငံတွေမှာလည်း အင်စတီကျူးရှင်းကို ဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့ သိရပါတယ်။ 

IPFD မှာ အင်စတီကျူးရှင်းလမ်းစဉ် ၃ ရပ်ချထားပြီး အုပ်ချုပ်ရေး၊ လော်ဘီနဲ့စည်းရုံးရေး၊ ဘဏ္ဏာရေးနဲ့ စီးပွားရေး အင်စတီကျူးရှင်းတွေ ဖြစ်ပါတယ်။

အင်စတီကျူးရှင်း တည်ထောင်ပြီးနောက် မြင်သာတဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူထုအမြင်သဘောထားကောက်ယူမယ့် True Choice Myanmar အက်ပလီကေးရှင်းကို ဒီဇင်ဘာလထဲမှာ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

ဒေါက်တာဆာဆာက “ဒီတော်လှန်ရေးကိုလုပ်တဲ့အခါမှာ အလှူငွေရှိတဲ့အခါမှာ စစ်သွားတိုက်တယ်။ အလှူငွေမရှိတဲ့အခါ နောက်ပြန်ဆုတ်တယ်ဆိုတဲ့ ပုံစံနဲ့ကတော့ ဒီတော်လှန်ရေးက သွားလို့မရတော့ဘူး။ ငွေကြေးနဲ့ စီးပွားရေးလုပ်ငန်းစဉ် လိုလာတယ်။ ဆိုတော့ အင်စတီကျူးရှင်း ၃ ခုရှိတယ်။ နံပါတ် ၁ အင်စတီကျူးရှင်းကတော့ အုပ်ချုပ်ရေးအင်စတီကျူးရှင်း ဖြစ်တယ်။ နံပါတ် ၂ ကတော့ လော်ဘီနဲ့စည်းရုံးရေးအင်စတီကျူးရှင်း ဖြစ်တယ်။ နံပါတ် ၃ ကတော့ ဘဏ္ဍာရေးနဲ့ စီးပွားရေးအင်စတီကျူးရှင်း ဖြစ်တယ်ဆိုတာကို အတိုချုပ်နဲ့ ကျနော်တို့ မိတ်ဆက်ချင်ပါတယ်။ အခုက အဲဒီလိုမသွားဘူးဆိုရင် တော်လှန်ရေးက ဆက်သွားလို့မရတော့ဘူး။ နံပါတ် ၁ သယံဇာတ အရင်းအမြစ်တွေ ရရှိရေးကို သွားမှာဖြစ်တယ်။ နံပါတ် ၂ သယံဇာတ အရင်းအမြစ်တွေရပြီဆိုတာနဲ့ ကျနော်တို့က တပ်ပေါင်းစုကိုဖွဲ့ဖို့ လိုအပ်လာပါတယ်။ နံပါတ် ၃ က စစ်အနိုင်တိုက်ရေးကို သွားဖို့လိုတယ်။ နံပါတ် ၄ က ဒါပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေးနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးပေါ့။ နံပါတ် ၅ အနေနဲ့ကတော့ မြန်မာနိုင်ငံကိုလည်း United States of Myanmar (USM) ဆိုတာကို ကျနော်တို့ဟာ ကျယ်ကျယ်လောင်လောင်နဲ့ နိုင်ငံတကာမှာ အော်ဖို့လိုလာပါတယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ IPFD ကို ထူထောင်တာဟာ စစ်ကောင်စီရဲ့ခြေလှမ်းတွေကို စနစ်တကျ တုံ့ပြန်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက အမေရိကန်ပြည်ထောင်စုက လော်ဘီကုမ္ပဏီတွေကို ဒေါ်လာသန်းချီပေး ငှားရမ်းထားပြီး ဒီလော်ဘီလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ပညာတတ်လူငယ်တွေရဲ့ ခြေလှမ်းတွေကို ယှဉ်ပြိုင်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လူငယ်ပညာတတ်တွေရဲ့ အားကို လိုအပ်နေတာ ဖြစ်ပါတယ်။

IPFD ရဲ့  ဥက္ကဋ္ဌ Rome Thalop က “မြန်မာနိုင်ငံမှာ အခု အခြေအနေကောင်းလာပြီ၊ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲရှိလာပြီ၊ တကယ်တော့ ပြဿနာတွေ ပဋိပက္ခတွေက အများကြီးရှိနေတာ။ ဒါပေမဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနဆီက ဒီကြေညာချက် ထွက်လာတယ်။ ဒါက တကယ်တော့ သူတို့ဆီက ထွက်လာတဲ့ အချက်အလက်မဟုတ်ဘူး။ စစ်တပ်က ပိုက်ဆံပေးထားတဲ့ လော်ဘီကုမ္ပဏီဆီက ထွက်လာတာ။ အဲဒီတော့ လော်ဘီကုမ္ပဏီက ဒီကြေညာချက်ကို ပြုလုပ်လိုက်တာလို့ ပြောလို့ရတယ်။ လော်ဘီကုမ္ပဏီက TPS ခံစားခွင့်ကို ကျနော်တို့ဆီကနေ ဖယ်ထုတ်လိုက်တာ ဖြစ်တယ်။ စစ်တပ်ဆီမှာရှိနေတဲ့ မဟာဗျူဟာ ဒါကို ကျနော်တို့က ပြန်တုံ့ပြန်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ဒေါက်တာဆာဆာ ဖွဲ့စည်းလိုက်တဲ့ အင်စတီကျူးရှင်းမှာ ဦးဆောင်ပါဝင်တဲ့ ချင်းလူငယ်တွေဟာ ပညာတတ်တွေ ဖြစ်သလို စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေ ဖြစ်တာကိုလည်း တွေ့ရပါတယ်။

ဒေါက်တာဆာဆာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဟာ NUG အစိုးရက လျှော့ချဖို့ ပြင်ဆင်ထားတဲ့ ဝန်ကြီးဌာနတခုဖြစ်တာ၊ လက်ရှိအခြေအနေထက် ပိုလွတ်လပ်တဲ့ အခြေအနေနဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ချင်တာကြောင့် ရာထူးကနေ နုတ်ထွက်ပြီး အင်စတီကျူးရှင်းတွေကို ထူထောင်ခဲ့တာလို့ ဒေါက်တာဆာဆာက ရှင်းလင်းပြောဆိုထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013