
မြန်မာစစ်တပ်အတွက် စစ်လက်နက် တင်ပို့ရာမှာ နောက်ထပ် စင်ကာပူကုမ္ပဏီ ၉၁ ခု ပါဝင်ပတ်သက်နေတယ်လို့ စင်ကာပူအခြေစိုက် ချန်နယ်နယူးစ်အေးရှသတင်းမှာ ဖော်ပြပါတယ်။
အရင်က စစ်အုပ်စုဆီ လက်နက်တင်သွင်းရာမှာ စင်ကာပူကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ နောက်ထပ် ကုမ္ပဏီ ၉၀ ကျော်ကို ထပ်မံ ဖော်ထုတ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်ပြီးတော့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ကို စင်ကာပူ လွှတ်တော်အမတ် ၂ ယောက်က မေးမြန်းခဲ့ရာမှာတော့ စင်ကာပူအနေနဲ့ မြန်မာနိုင်ငံအပေါ် အထွေထွေ ကုန်သွယ်မှု ပိတ်ပင်ထားတာမျိုးလုပ်ဆောင်ဖို့ မရှိဘူးလို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
“ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံက လက်နက်ထုတ်လုပ်ရေးနဲ့ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးနိုင်ရေးအတွက် ပို့ကုန်ငွေလွှဲ စာချုပ်စာတမ်း အထောက်အထားတွေလို အသေးစိတ် အချက်အလက်တွေကို ရှာဖွေနေပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ တရားဝင်ကုန်သွယ်မှု ပိတ်ဆို့ရေးက စင်ကာပူအစိုးရရဲ့ မူဝါဒမဟုတ်ဘူးလို့လည်း ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု နှစ်အတွင်းမှာ စင်ကာပူ-မြန်မာ နှစ်နိုင်ငံအကြား စုစုပေါင်းကုန်သွယ်မှုပမာဏဟာ စင်ကာပူဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ) ရှိနေခဲ့တာ ဖြစ်ပါ တယ်။
“ဒီလို (မြန်မာနဲ့ တရားဝင်ကုန်သွယ်မှု ပိတ်ဆို့ခြင်း) လုပ်တာက တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ပြန်ဆုတ်စေပြီး အရပ်သားပြည်သူတွေရဲ့ ဒုက္ခကို ပိုမိုဆိုးရွားစေပါလိမ့်မယ်”လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်တပ်စီ လက်နက်တင်သွင်းရာမှာ စင်ကာပူဟာ အရေးပါတဲ့ ကြားခံနေရာအဖြစ် အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုး ပေးပို့တင်သွင်းခဲ့တဲ့အပြင် လက်နက်ပွဲစားတွေက စင်ကာပူဘဏ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုနှစ် မေလတုန်းကတော့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ရာမှာတော့ မြန်မာနိုင်ငံကို စင်ကာပူကနေ လက်နက်တွေမရောင်းချတာ အချိန်ကာလကြာ မြင့်လှပြီဖြစ်သလို လက်နက် ရောင်းချတာကိုလည်း တားမြစ်ကန့်သတ်ထားတယ်လို့ စင်ကာပူ လွှတ်တော်မှာ ပြောထားပါတယ်။
လက်နက်မဲ့ အရပ်သားတွေကို မြန်မာစစ်တပ်က သေစေလောက်တဲ့ အင်အားသုံးဖြိုခွင်းတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ စင်ကာပူဟာ အခြေခံကျတဲ့ ရပ်တည်ချက်နဲ့ ရပ်တည် နေတာသာဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက ပိတ်ပင်ထားပေမယ့် နိုင်ငံတချို့ကတော့ ဆက်လက် တင်ပို့ရောင်းချပေးနေခဲ့ပြီး ဒါတွေကို ဖိအားပေး ဆန့်ကျင်ကြဖို့ Justice for Myanmar အဖွဲ့က ပြောထားပါတယ်။
Ref-CNA
Photo-DSINFO