DVB Logo
Home
နိုင်ငံတကာ
သတ်မှတ်မဲရလဒ် မပြည့်မီသဖြင့် ထိုင်းဝန်ကြီးချုပ်သစ် မခန့်အပ်နိုင်သေး
DVB
·
July 13, 2023
သတ်မှတ်မဲရလဒ် မပြည့်မီသဖြင့် ထိုင်းဝန်ကြီးချုပ်သစ် မခန့်အပ်နိုင်သေး
Donate to DVB

ဇူလိုင် ၁၃ ရက်ဒီကနေ့ ထိုင်းအမျိုးသားလွှတ်တော်မှာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ရွေးကောက်ပွဲကို ညနေပိုင်းမှာ ဆက်လက်ကျင်းပခဲ့ပြီး လိုအပ်တဲ့သတ်မှတ်မဲ အရေအတွက် မပြည့်မီတာကြောင့် မခန့်အပ်နိုင်ခဲ့ပါဘူး။

ဖွေ့ထိုင်းပါတီခေါင်းဆောင် ဒေါက်တာချွန်းနန့်ဆီကယောက်က  ကောက်ကလိုင် Move Forward Party ပါတီ ဥက္ကဋ္ဌ နိုင်းဖိထား လိုမ့်ကျရွန်းရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ်အဆိုပြုခဲ့ပြီး နောက်ထပ် အဆိုပြုသူ တဦးတယောက်မှ မရှိတာကြောင့် ပြိုင်ဘက်မရှိ အရွေးခံခဲ့ပါတယ်။

ဝန်ကြီးချုပ်ကို ရွေးချယ်ခွင့်ရှိသူ အထက်လွှတ်တော်အမတ် ၂၅၀ ဦး၊ အောက်လွှတ်တော်အမတ် ၅၀၀ ဦးရှိပြီး အဲဒီလွှတ်တော် နှစ်ရပ်ပေါင်းက တဝက်ကျော် ၃၇၆ မဲအထက်ရရှိမှသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဝန်ကြီးချုပ်ရွေးချယ်ဖို့ မဲပေးခွင့်ရှိတဲ့လွှတ်တော်အမတ်ပေါင်း ၇၅၀ ဦးအနက် ၇၀၅ ဦးသာ မဲပေးခဲ့ပါတယ်။  မဲမပေးသူတွေကတော့ လွှတ်တော်တက်ဖို့ ပျက်ကွက်သူ၊ နုတ်ထွက်သူတွေ ဖြစ်ပါတယ်။

ရွေးချယ်တင်မြှောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းစီအနေနဲ့ သဘောတူပါသည်၊ သဘောမတူပါ၊ မဲမပေးဘဲကြားနေတာစတဲ့ အဖြေ ၃ ခုကို နှုတ်နဲ့ဖြေကြားရတာဖြစ်ပြီး ဒီကနေ့ သဘောတူသူပေါင်း ၃၂၄ မဲ၊ သဘောမတူသူ ၁၈၂ မဲ၊ မဲပေးဘဲကြားနေသူ ၁၉၉ မဲ ရှိခဲ့ပါတယ်။ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ထဲမှာ ဖိထားကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံသဘောတူကြောင်း ဆန္ဒမဲပေးခဲ့တဲ့ အထက်လွှတ်တော်အမတ်က ၁၃ ဦးသာ ရှိပါတယ်။

ဒါကြောင့် သတ်မှတ်ထားတဲ့မဲအရေအတွက် မရရှိတာကြောင့် ထိမ်းဖိထားကို ဝန်ကြီးချုပ်အဖြစ် မခန့်အပ်နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမက်နော်မာ့ထာက ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ပွဲဟာ ဒီတကြိမ်နဲ့တင် ပြီးပြတ်တာမဟုတ်ဘဲ ဝန်ကြီးချုပ်သစ် မရမချင်း ၃ ကြိမ်ထိ ရွေးကောက်သွားမှာဖြစ်ပြီး နောက်တကြိမ်ကို လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျင်းပမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

ရွေးကောက်ပွဲအပြီးမှာ ထိမ်းဖိထားက သတင်းထောက်တွေနဲ့ကော လာရောက်ဝန်းရံ အားပေးသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူ့အနေနဲ့ လိုအပ်တဲ့မဲမရလို့ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်း မခံရတာကို ဝန်ခံကြောင်း၊ ဒါပေမဲ့ အရှုံးမပေးဘဲ နောက်တကြိမ် ဆက်လက်အရွေးခံနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ဒီမတိုင်ခင်ရှေ့က သူတို့အနေနဲ့ လိုအပ်နေတဲ့ မဲအရေတွက်ပေါင်း ၆၀ ကျော်ကို အထက်လွှတ်တော်အမတ်တွေဆီက ရဖို့ သေချာတယ်လို့ ပြောဆိုခဲ့ပေမဲ့ အထက်လွှတ်တော် အမတ်တွေဟာ ဖိအားပေးခံရတယ်လို့ သိရသလို အစည်းအဝေး ပျက်ကွက်သူလည်း အယောက် ၄၀ ကျော်တယ်လို့ ထိမ်းဖိထားက ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ သူတို့ပါတီနဲ့ပတ်သက်တဲ့ မူဝါဒ၊ သူ့အပေါ် ထင်မြင်ချက်တွေကို ရှင်းပြခွင့်ရခဲ့ကြောင်း၊ အထူးသဖြင့် ဘုရင်နဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၁၁၂ အကြောင်းကို ရှင်းပြခွင့်ရခဲ့လို့ ဒါဟာ ကောင်းမွန်တဲ့ နိမိတ်တွေဖြစ်တယ်လို့ ပြောပါတယ်။

လွှတ်တော်မှာ အများစုက ပုဒ်မ ၁၁၂ ကြောင့် မထောက်ခံနိုင်ဘူးလို့ပြောတယ်၊ နောက်တကြိမ်မှာ အနိုင်ရဖို့အတွက် ပုဒ်မ ၁၁၂ ကို ပယ်ချမှာလားလို့ သတင်းထောက်တွေက မေးရာမှာ သူတို့ပါတီအနေနဲ့ ပြည်သူကို ကတိကဝတ်ပေးထားပြီးဖြစ်လို့  ဆုံးဖြတ်ချက် မပြင်နိုင်ဘူးလို့ ဆိုပါတယ်။

နောက်တကြိမ်မှာလည်း ရှုံးနိမ့်ပါက အတိုက်အခံပါတီဘက်ကနေ နေမလားလို့ မေးမြန်းရာမှာ ဒုတိယအကြိမ် ပြန်အရွေးခံဖို့ကိုပဲ ကြိုးစားနေတယ်လို့ ဖြေကြားသွားပါတယ်။

အထက်လွှတ်တော်အမတ် ၁ ဦးဖြစ်သူ နိုင်းရိုစလင်း နူတောင် ဆိုသူကတော့ “ညွန့်ပေါင်း ၈ ပါတီထဲမှာ အများစုက ပုဒ်မ ၁၁၂ ကို မပြင်ဘူး။ ကောက်ကလိုင်ပါတီ အနေနဲ့လည်း အလျှော့ပေးသင့်တယ်၊ သူတို့ဘက်ကလျှော့ရင် တို့လည်း ထောက်ခံမှာပေါ့။ အများစုက သဘောမတူတဲ့ ဥပဒေကို အတင်းပြင်ပြီး အထက်လွှတ်တော်အမတ်တွေကိုချည်း အပြစ်ဖို့နေတာ မဟုတ်သေးဘူး။ ဆန္ဒမဲအများဆုံးရရုံ တခုတည်းနဲ့တင် မပြီးဘဲ နောက်ထပ် အကြောင်းအရာတွေလည်း ကြည့်ရသေးတယ်။ နိုင်ငံတော်ရဲ့ ဘုရင့်ထီးနန်းနဲ့  အမျိုးသားလုံခြုံရေးက အရေးအကြီးဆုံးပဲ” လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013