DVB Logo
Home
မြန်မာသတင်း
ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ရေး ဆွေးနွေး၊ မြန်မာ့အရေး ဖိထားကို မေးခွန်းထုတ်  
DVB
·
July 13, 2023
ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ရေး ဆွေးနွေး၊ မြန်မာ့အရေး ဖိထားကို မေးခွန်းထုတ်  
Donate to DVB

ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအပြီး ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်မယ့် ပထမဆုံးအကြိမ် ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေးကို ဇူလိုင်  ၁၃ ရက်  ဒီနေ့ မနက် ၉ နာရီခွဲက စတင် ခေါ်ယူ ကျင်းပနေပါတယ်။

ဒီကနေ့အစည်းအဝေးမှာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ရေးကို အဓိကဆွေးနွေးမှာဖြစ်ပြီး အထက်လွှတ်တော် ၊ အောက်လွှတ်တော်၊ အနိုင်ရပါတီ၊ ရှုံးနိမ့်ခဲ့တဲ့ပါတီတွေရဲ့  မတူညီတဲ့ အမြင်သဘောထားအမျိုးမျိုးတွေ ဖလှယ်တာ၊  သံသယနဲ့ ထင်မြင်ယူဆချက်တွေ မေးမြန်းတာ၊ ပြန်လည်ဖြေကြားတာ စတာတွေပါဝင်ပါတယ်။ 

အထက်လွှတ်တော်အမတ် ၂၄၉ ဦး (၁ ဦးမှ ကနေ့မနက် နုတ်ထွက်စာတင် ) အတွက် ဆွေးနွေးတင်ပြချိန် ၂ နာရီ ၊ အောက်လွှတ်တော်အမတ် ၅၀၀ ဦးအတွက် ဆွေးနွေးတင်ပြချိန် ၄ နာရီ  စုစုပေါင်းဆွေးနွေးချိန် ၆ နာရီခန့်ကြာမြင့်မှာဖြစ်ပြီး ဝန်ကြီးချုပ်သစ် မဲပေး ရွေးချယ်တဲ့ အစီအစဉ်ကို ညနေ ၅ နာရီမှ စတင်ကာ ည ၁၀ နာရီလောက်မှာ ပြီးဆုံးနိုင်မယ်လို့ လွှတ်တော်က ခန့်မှန်းထားပါတယ်။

ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ဖို့ အမည်စာရင်းတင်သွင်းရာမှာ ဒီကနေ့ မွန်းလွဲပိုင်းထိ ဖွေ့ထိုင်းပါတီမှ တင်သွင်းထားတဲ့ Move Forward ပါတီ (ကောက်ကလိုင်ပါတီ) ပါက္ကဋ္ဌ ထိမ်းဖိထား လိုမ့်ကျရွန်းရတ် တစ်ဦးတည်းသာ ရှိပါသေးတယ်။

အထက်လွှတ်တော်အမတ်နဲ့ ရှုံးနိမ့်ပါတီတွေဘက်က  ဆွေးနွေးချက်တွေမှာ အထူးသဖြင့် အနိုင်ရ Move Forward ပါတီရဲ့  ဘုရင့်ထီးနန်းဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ ပြင်ဆင်မယ့်အပေါ် သဘောမတူတာ၊ ပါတီခေါင်းဆောင် ဖိထားလိုမ့်ကျရွန်းရတ်ဟာ ဝန်ကြီးချုပ်အဖြစ် အရည်အချင်းမပြည့်မီတာတွေကို ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

အထက်လွှတ်တော်အမတ် နိုင်းပဖတ် ခွန်းမီးက ထိမ်းဖိထားဟာ ITV ရှယ်ယာပါဝင်မှု၊ အရည်အချင်းမမီဘဲ လွှတ်တော်ထဲ ဝင်ရောက်မှု၊ ဘုရင့်ထီးနန်းဥပဒေ ပြင်ဆင်ရန်ကြိုးစားမှု စတဲ့ အမှုအခင်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်အရွေးခံဖို့ မသင့်လျော်ကြောင်းနဲ့ သူ့ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုသူနဲ့ ထောက်ခံသူတွေကလည်း လွှတ်တော် ကိုယ်စားလှယ်ကျင့်ဝတ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃၁ ( ၁ ) အရ အရေးယူခံရနိုင်တယ်ဆိုတာကို သတိထားဖို့ ပြောပါတယ်။

နောက်ထပ် အထက်လွှတ်တော်အမတ် ကစ်သီဆဒ်ကလည်း Move Forward ပါတီဟာ ပုဒ်မ ၁၁၂ ကို ဖြုတ်ချဖို့မဟုတ်ဘဲ ဘုရင်နဲ့ ပြည်သူကြား ဆက်ဆံရေးပိုကောင်းစေဖို့  ပြင်ဆင်တာသာလို့ ပြောပေမယ့် သူတို့ပါတီရဲ့ အပြုအမူတွေဟာ ဘုရင်စနစ်ကို ထိပါးမယ့် အရိပ်အယောင်တွေ ပြနေတယ်လို့ ဝေဖန်ပါတယ်။

ပါတီဝင်ထဲမှာလည်း ပုဒ်မ ၁၁၂ နဲ့ ညှိစွန်းပြီး အရေးယူခံထားရသူတွေ ရှိတယ်> ဆန္ဒပြသူတွေကို ထောက်ခံအားပေးတယ်၊ သူတို့ပါတီရဲ့သွေးထိုးမှုက ဆန္ဒပြသူတွေကြောင့် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ဟာ အစည်းအဝေးတံခါး အနောက်ပေါက်ကနေ လှေနဲ့ ထွက်ပြေးခဲ့ရဖူးတယ်၊ လူငယ်လူရွယ်တွေကို ဘုရင့်မျိုးနွယ်တွေကို ရိုသေလေးစားမှု မရှိအောင် သွေးထိုးလှုံ့ဆော်တယ်၊ ဒီလိုပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်ခန့်ထားရင် တိုင်းပြည်ဆူပူမယ်လို့  ပြောပါတယ်။

ဖုမ်ကျိုင်းထိုင်းပါတီ လွှတ်တော်အမတ် နိုင်းချဒါး ထိုင်းဆစ်ကလည်း သူတို့ပါတီအနေနဲ့ ပုဒ်မ ၁၁၂ ပြင်မယ့်ပါတီခေါင်းဆောင်ကို လုံးဝထောက်ခံမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားတယ်၊ ဒါပေမဲ့ ဝန်ကြီးချုပ် ဝင်အရွေးခံမှာ မဟုတ်ဘူး၊ မဲဆန္ဒနည်းတဲ့ဘက်ကနေ စင်ပြိုင်အစိုးရလည်းဖွဲ့မှာ မဟုတ်ဘူး၊ အတိုက်အခံပါတီဘက်ကနေ နိုင်ငံ့နဲ့ ပြည်သူအကျိုးကို ဆောင်ရွက်သွားမယ်၊ ကောက်ကလိုင်ပါတီဟာ ဆန္ဒမဲ ၁၄ သန်းရထားတယ်၊ ၈ ပါတီညွန့်ပေါင်းရင်  ပြည်သူ့ထောက်ခံမဲ ၂၅ သန်းရှိလို့ အများစုဖြစ်တယ်လို့ ပြောတယ်။ အဲဒီလောက်နဲ့ ဘဝင်မမြင့်ပါနဲ့။ ထိုင်းမှာ လူဦးရေ သန်းပေါင်း ၆၀ ရှိလို့ တဝက်တောင်မှ မပြည့်တာ။ အများစုလို့ ပြောလို့မရပါဘူး၊ ကျနော်တို့ ထောက်ခံလိုတာ လူဦးရေ ၁၄ သန်းကိုပဲ အုပ်ချုပ်မယ့် ဝန်ကြီးချုပ်မဟုတ်ဘူး၊ သန်းပေါင်း ၆၀ လုံးရဲ့ ဝန်ကြီးချုပ်ကိုသာ အလိုရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင်  ကောက်ကလိုင်ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒမှာ  မြန်မာပြည်အရေးကို ကူညီမယ်၊  အဲဒါဟာ ထိုင်းနိုင်ငံအတွက် ဘာအကျိုးရှိမှာမို့လဲ၊ အမေရိကန်ဘက်ကိုလည်း ယိမ်းယိုင်ခြင်းအားဖြင့် ကျနော်တို့နဲ့ ဆက်ဆံနေတဲ့ ရုရှားနဲ့ တရုတ်တို့ကို အားမနာဘူးလားလို့  သူက ဆက်ပြောပါတယ်။ 

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ထိမ်းဖိထားကတော့ သူ့အနေနဲ့  သန်းပေါင်း ၆၀ သောပြည်သူအားလုံးရဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ အဆင်သင့်ကြောင်း၊  သူ့ရဲ့အရည်အချင်းကိုလည်း မပြတ်မြှင့်တင်နေကြောင်း၊ သူ့ဟာ အစွမ်းကုန်အောင့်အည်းသည်းခံတယ်တယ်၊ များများနားထောင်ပြီး နည်းနည်းပဲ ပြောတယ်။ ပြောရင် ပြောထားတဲ့အတိုင်းလုပ်တတ်တဲ့ကျင့်ဝတ်ရှိတယ်လို့ ပြန်လည်တုံ့ပြန် ပြောပါတယ်။ 

ITV ရှယ်ယာနဲ့ တခြားစွပ်စွဲခံရတဲ့ကိစ္စတွေမှာ သူ့ဆီကို သက်ဆိုင်ရာက တရားဝင်အကြောင်းကြား တာမရှိဘူး၊ သူ့အနေနဲ့ သူများပို့လာတာနဲ့ မီဒီယာတွေကနေသာ သိရတယ်၊ တကြိမ်တခါမှာ ရှင်းလင်းချေပခွင့် မရှိသေးဘူး။ တရားရုံးကလည်း သူ့ကို မှားတယ် မှန်တယ်လို့ မဆုံးဖြတ်သေးဘဲနဲ့ လွှတ်တော်မှာ မစီရင်သင့်ဘူး၊  တရားစီရင်တာဟာ တရားရုံးရဲ့အလုပ် ပဲဖြစ်တယ်၊ လွှတ်တော်မှာ ရင်ခွင်ပိုက်တရားရုံးမရှိဘူးလို့ ပြောပါတယ်။

လူငယ်တွေကို သွေးထိုးလှုံ့ဆော်တယ်လို့ ဆိုရာမှာ ကနေ့ခေတ်လူငယ်တွေမှာ သူတို့ကိုယ်ပိုင် အတွေးအခေါ်ရှိတယ် ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်လို့ ဖိထားက လွှတ်တော်မှာပြောပါတယ်။ 

မြန်မာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောဆိုရာမှာ “ကျနော်သာဆိုရင် နံရံချင်း ကပ်လျက် အိမ်နီးချင်းနိုင်ငံကို ပုတ်ခတ်ပြောဆိုမှာ မဟုတ်ဘူး။ မြန်မာပြည်က လုပ်သားပေါင်း ၂ သန်းကျော် ကျနော်တို့နိုင်ငံအကျိုးအတွက် အလုပ်လုပ်ပေးနေတယ်”လို့ ဖိထားက တုံ့ပြန် ပြောပါတယ်။

လက်ရှိအချိန် ထိုင်းလွှတ်တော်ထဲမှာ  ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်နိုင်ရေး အတည်ပြုဖို့ လွှတ်တော်အမတ်တွေထံကနေ  ဆန္ဒမဲတွေကောက်ခံနေဆဲ ဖြစ်ပါတယ်။ 

လွှတ်တော်ပြင်ပမှာတော့ ဝန်ကြီးချုပ်ဖိထားကို အားပေးဖို့ ပြည်သူတွေ တဖွဲဖွဲနဲ့ ရောက်လာကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လွှတ်တော်အနီးတဝိုက်  မီတာ ၅၀ ပတ်ပတ်လည်ကို စည်းမကျော်ဖို့ အမိန့်ထုတ်ထားကာ သံဆူးကြိုးတွေ ၊ ကွန်တိန်နာကားကြီးတွေနဲ့ ပိတ်ဆို့ထားပါတယ်။ 

လွှတ်တော်အနီးက စာသင်ကျောင်းတွေကိုလည်း ယာယီ ပိတ်ထားပြီး လွှတ်တော်ရှေ့လမ်းမကြီးကိုလည်း ပိတ်ထားပါတယ်။ 

Move Forward လိမ္မော်ရောင်ပါတီကို ထောက်ခံတဲ့ ထိုင်းနိုင်ငံတခြားခရိုင်တွေမှာ လည်း  စုရပ်နေရာတစ်ခုကနေ သတင်းစောင့်ဆိုင်းနားထောင်နေကြပြီး လွှတ်တော်မှာ မသမာမှုတွေရှိရင် ကန့်ကွက်ဆန္ဒပြဖို့ အသင့်ပြင်ထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013