DVB Logo
Home
နိုင်ငံတကာ
စစ်တပ်ခန့် အထက်လွှတ်တော်အမတ်များကို ထိုင်းပြည်သူများက သပိတ်မှောက် ကျိန်စာတိုက်
DVB
·
July 14, 2023
စစ်တပ်ခန့် အထက်လွှတ်တော်အမတ်များကို ထိုင်းပြည်သူများက သပိတ်မှောက် ကျိန်စာတိုက်
Donate to DVB

ထိုင်းဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ပွဲမှာ ကန့်ကွက်မဲပေးခဲ့ကြတဲ့ စစ်တပ်ခန့် အထက်လွှတ်တော်အမတ်တွေကို ထိုင်းပြည်သူတွေက ပြစ်တင်ရှုတ်ချတာနဲ့ သပိတ်မှောက် ကျိန်စာတိုက်တာတွေလုပ်နေပြီး  ထောက်ခံမဲ ပေးခဲ့တဲ့ အထက်လွှတ်တော်အမတ် ၁၃ ဦးကိုတော့  ရဲဝံ့တဲ့ ပြည်သူ့ဘက်တော်သားအဖြစ် လူမှုကွန်ရက်မှာ ချီးကျူးထောမနာပြုနေကြပါတယ်။ 

ရွေးကောက်ပွဲအနိုင်ရ MFP ပါတီဥက္ကဋ္ဌ ထိမ်းဖိထားကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ဖို့ မနေ့က ထိုင်းလွှတ်တော်မှာ ဆန္ဒခံယူရာမှာ လိုအပ်တဲ့ မဲအရေအတွက် မပြည့်မီတာကြောင့် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းမခံခဲ့ရပါဘူး။

အဓိကက စစ်အာဏာရှင်အစိုးရက ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ထဲမှာ အများစုက ဖိထားကို မထောက်ခံခဲ့ကြဘဲ ထောက်ခံမဲ ၁၃ မဲသာရခဲ့တာဖြစ်ပါတယ်။ 

အထက်လွှတ်တော်အမတ်တွေအနေနဲ့ အမှုတွေရင်ဆိုင်နေရတဲ့ ဖိထားကို ထောက်ခံပါက ရွေးကောက်ပွဲဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ခြိမ်းခြောက်ဖိအားပေးခံခဲ့ရသလို မထောက်ခံပါက ဆုငွေရမယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါကြောင့် ဖိထားကို ထောက်ခံမဲပေးခဲ့တဲ့ အထက်လွှတ်တော်အမတ် ၁၃ ဦးကို  ရဲဝံ့တဲ့ပြည် သူ့ဘက်တော်သားအဖြစ်  လူမှုကွန်ရက်မှာ ချီးကျူးထောမနာပြုကြပြီး မထောက်ခံသူတွေကိုတော့ ထိုင်းပြည်သူတွေက ဝေဖန်ရှုတ်ချနေသလို မြေပြင်မှာလည်း  လူစုလူဝေးနဲ့ ဆန္ဒပြနေကြပါတယ်။

မနေ့ညက ချင်းမိုင်မြို့ ထာ့ဖဲဂိတ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာဆိုရင် ဆန္ဒပြသူတွေဟာ စာရွက်တွေပေါ်မှာ ကန့်ကွက်တဲ့ အထက်လွှတ်တော်အမတ်၊ မဲမပေးတဲ့ကြားနေ အမတ်တွေရဲ့ နာမည်တွေ ချရေးပြီး ငရုတ်သီးတွေ ဆားတွေကြဲပက်ကာ မီးရှို့ပြီး ကျိန်စာတိုက်ခဲ့ကြပါတယ်။ အဆိုပါအဖွဲ့ထဲမှာ ချင်းမိုင်တက္ကသိုလ်အသီးသီးက ကျောင်းသူ ကျောင်းသားတွေရော၊ ဒီမိုကရေစီ လိုလားတဲ့ လူမှုအခြေပြုအဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံက နာမည်ကြီး Panda Arena အားကစားကွင်းမှာဆိုရင် အထက်လွှတ်တော်အမတ်၊ ရွေးကောက်ပွဲကော်မရှင်နဲ့တကွ သူတို့ရဲ့ သားသမီးမြေးမြစ်တွေ ဒီမှာလာကစားခြင်းကို ခွင့်မပြုပါ၊  နံစော်တယ်” လို့  ကြေညာထားတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် စနေ၊ တနင်္ဂနွေနေ့တွေမှာ လိမ္မော်ရောင် ဒါမှမဟုတ် အနီရောင် အင်္ကျီဝတ်ဆင်လာပါက ၂ နာရီကြာ အခမဲ့ ကစားခွင့်ပြုမှာဖြစ်ကြောင်း၊ ကြိုတင်ဘွတ်ကင် လုပ်ထားရမယ်လို့လည်း ကြေညာထားပါတယ်။

ဈေးသည်တချို့ကလည်း သပိတ်မှောက်တဲ့အနေနဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ မိသားစုတွေ လာဝယ်ရင် ရောင်းမပေးဘူး၊ ဆဲလွှတ်မယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံ တခြားခရိုင်တွေမှာလည်း လာမယ့် ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးကောက်ပွဲမတိုင်ခင် (ဇူလိုင် ၁၉ ရက်) ထိ နေ့စဉ် စုရပ်မှာဆုံဆည်းကာ ဖိထားကို ထောက်ခံဖို့ နှိုးဆော်တိုက်တွန်းသလို  ဖိထားကို အပြစ်မရှိအပြစ်ရှာ စွဲချက်အမျိုးမျိုးတင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်၊ ယခင် စစ်အာဏာရှင်အုပ်ချုပ်ရေး စနစ်ဟောင်းမှာ ဖက်တွယ်နေသူတွေကို ဆန့်ကျင်ရှုတ်ချနေပါတယ်။ 

Source : Tnews

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013