DVB Logo
Home
မြန်မာသတင်း
မြန်မာအရေးဖြေရှင်းရန်  သက်ဆိုင်သူအားလုံးနှင့်ပူးပေါင်းဆောင်ရွက်မည်ဟု Move forward ပါတီ ခေါင်းဆောင်ပြော
DVB
·
June 23, 2023
မြန်မာအရေးဖြေရှင်းရန်  သက်ဆိုင်သူအားလုံးနှင့်ပူးပေါင်းဆောင်ရွက်မည်ဟု Move forward ပါတီ ခေါင်းဆောင်ပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခဖြေရှင်းရေးကို အာဆီယံအဖွဲ့၊ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့ပေါင်းစုံနဲ့ ပူးပေါင်းကာ ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်လောင်း Move forward ပါတီခေါင်းဆောင် ဖိထား လိုမ့်ကျရွန်းရတ်က ဇွန်လ ၂၀ ရက်နေ့မှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ သူ့ရဲ့ ပါတီက ထိုင်းလွှတ်တော်ထဲမှာ နေရာအမျာဆုံးကို အနိုင်ရရှိခဲ့တာဖြစ်ပြီး သူတို့အဖွဲ့အာဏာလွှဲပြောင်း ရယူပြီးတဲ့အချိန်မှာ ဆောင်ရွက်သွားဖို့ ချမှတ်ထားတဲ့ မူဝါဒတွေကိုလည်း ဖိထားက သူ့ရဲ့ ထွစ်တာ လူမှုကွန်ရက် အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

"မြန်မာနိုင်ငံက အခြေအနေတွေ ပြောင်းလဲနေတာနဲ့အမျှ ကျနော်နဲ့ ကျွန်တော့်အဖွဲ့ဝင်တွေဟာ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေသလို ဒီကိစ္စကို အရေးတကြီးဖြေရှင်းရမယ့် ကိစ္စအဖြစ်နဲ့ ဦးစားပေးသတ်မှတ်ထားပါတယ်။  မြန်မာနိုင်ငံက ပြဿနာတွေကို အဖြေရှာရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားက မတူညီတဲ့ သဘောထားနဲ့ အမြင်တွေဟာလည်း လတ်တလော ကျနော်တို့ အာရုံစိုက်ရမယ့် ကိစ္စတစ်ခုပဲဖြစ်ပါတယ်။"

မြန်မာအရေးမှာ သူ့ရဲ့ အဖွဲ့ဟာ အာဆီယံရဲ့ ဒေသတွင်း အချုပ်အခြာအာဏာကို လေးစားလိုက်နာပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံအားပေး လိုက်နာသွားမှာဖြစ်ကြောင်း ဖိထားက ပြောပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းသွားမယ်လို့ သဘောတူခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ အာဏာသုံးအကြမ်းဖက်မှုတွေက ပိုလို့သာတိုးလာခဲ့ပါတယ်။ 

မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲအစည်းတွေအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေးအတွက် လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့  ဆောင်ရွက်ချက်တွေကိုလည်း ထောက်ခံအားပေးတယ်လို့ ဖိထားက ရေးသားထားပါတယ်။ 

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင်တာတွေ၊ မကြာခဏတွေ့ဆုံညှိနှိုင်းတာတွေဆောင်ရွက်ပြီး ဒေသတွင်းရော တကမ္ဘာလုံးအတိုင်းအတာနဲ့ပါ တည်ငြိမ်အေးချမ်းသာယာဝပြောဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံက ယိုယွင်းလာနေတဲ့ လူ့အခွင့်အရေးပြဿနာတွေကို ကူညီဖြေရှင်းတဲ့ နည်းလမ်းတစ်ခုအဖြစ် ထိုင်းကနေတဆင့် မြန်မာနိုင်ငံကို ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့်လည်း ထိုင်းရဲ့ စီးပွားရေးကိုလည်း အကျိုးရှိစေမှာဖြစ်တယ်လို့ ဖိထားက ပြောပါတယ်။

MFP (Moving Forward Party) က ဦးဆောင်ပြီး တခြားဒီမိုကရက်တစ်ပါတီတွေနဲ့ ဖွဲ့စည်းမယ့် ညွန့်ပေါင်းအစိုးရဟာ ဝန်ကြီးချုပ်ရုံးလက်အောက်မှာ မြန်မာ့အရေးသီးသန့်အေဂျင်စီအဖွဲ့ (Myanmar Inter-Agency Task Force) ဖွဲ့ဖို့ စီစဉ်ထားကြတယ်လို့ ဆိုပါတယ်။ 

အဲဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကာလကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ လူမှောင်ခိုကူးမှုတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ၊ နယ်စပ်တစ်လျှောက် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းလာမှုတွေနဲ့ အင်တာနက်ပေါ်မှာ လိမ်လည်နေတဲ့ ကုမ္ပဏီတွေ နယ်စပ်တလျှောက်မှာ များပြားလာတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့  ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ရာထူးကနေ အနားယူရတော့မယ့် ယာယီအိမ်စောင့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ဦးဆောင်ပြီး တရုတ်နဲ့ အိန္ဒိယ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ဖိတ်ခေါ်ကာ အလွတ်သဘော ဆွေးနွေးမှုလုပ်ခဲ့ပြီးတဲ့နောက်မှာ မြန်မာအရေး ပိုပြီးဆောင်ရွက်ဖို့ ဖိထားက ကတိပေးလိုက်တာဖြစ်ပါတယ်။ 

ထိုင်းက စီစဉ်တဲ့ အဲဒီဆွေးနွေးပွဲကို လူ့အခွင့်အရေးအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အခြားအာဆီယံနိုင်ငံတွေက ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

ဖွေ့ထိုင်းပါတီဝင်လည်းဖြစ်၊ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်လည်းဖြစ်တဲ့ လွှတ်တော်အမတ် ချတူရွန်ချိုင်ဆန်းကလည်း ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အသစ်တက်မယ့်အစိုးရက ပုံဖော်ပေးရတော့မှာဖြစ်တယ်လို့ ပြောပါတယ်။

Photo-MFP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013