DVB Logo
Home
မြန်မာသတင်း
တပ်မဟာ ၆ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေး
DVB
·
July 12, 2023
တပ်မဟာ ၆ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေး
1 / 2
Donate to DVB

တပ်မဟာ ၆ နယ်မြေ ကျိုက်ဒုံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား ဇူလိုင် ၁၂ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၆ နယ်မြေ ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်း ၁၉ မိုင်အနီးမှာ ဇူလိုင် ၁၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက ဒီကနေ့အထိတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာအနီးတဝိုက်ကို ဇူလိုင် ၁၂ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“တိုက်ပွဲတွေက တပ်မဟာ ၆ ကျိုက်ဒုံဘက်ကော တံခွန်တိုင် ပုလိန်ဘက်ကော ပြင်းထန်နေတယ်။ လေကြောင်းကပါတိုက်ခိုက်နေတာ။ ရဟတ်ယာဉ်ပေါ်ကနေ စက်လက်နဲ့ကို ပစ်နေတာ။ ဒေသခံတွေကော တော်လှန်ရေးအဖွဲ့တွေကော ဆက်သွယ်လို့ကို မရဘူး။ ဖုန်းလိုင်းတွေလည်း ခေါ်လို့ မရဘူး။ ဖုန်းဆက်သွယ်မရတော့ အခြေအနေတွေက ဘာမှကိုမသိရဘူး။”

ဒါအပြင် မြဝတီမြို့နယ်၊ မဲကနယ်နဲ့ ကျောက်တောင်အနီးမှာ ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းက စတင်ပြီး စစ်ကောင်စီနဲ့ KNLA၊ ကော်ဘရာစစ်ကြောင်း၊ တော်လှန်ရေးတပ်ပေါင်းစုတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း မေတ္တာလင်းမြိုင်၊ လက်ခတ်တောင်နဲ့ လေးကေ့ကော်စွယ်တော်ကုန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

နယ်စပ်မှာ နေထိုင်သူတဦးက “လက်နက်ကြီးပစ်ခတ်သံတွေကို မြန်မာ-ထိုင်းနယ်စပ်အထိ ကြားရတယ်။ မိုးရွာလည်း ပစ်တယ်။ ညလည်း ပစ်နေတာပဲ။ လက်နက်ကြီးသံတွေက နေတိုင်းလိုလိုကြားနေရတော့ မြေပြင်ကတော်လှန်ရေးအဖွဲ့တွေကို စိုးရိမ်မိတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၉ ရက် မနက် ၁၀ နာရီလောက်က မြဝတီမြို့၊ လက်ခတ်တောင်အနီးတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တပ်မဟာ ၆ လက်အောက်ခံ KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings ပူးပေါင်းစစ်ကြောင်းတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မြဝတီမြို့၊ စိမ်းလဲ့မြိုင်အနီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူပေးပြီး စစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားလာတဲ့အတွက် ၂ ရက်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ခမရ ၁၁၈ တပ်က ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ဒရုန်း ၁ စင်း၊ သေနတ် ၁ လက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲအခြေအနေတွေကို ဒီဗွီဘီသတင်းဌာနက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ရာ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ဆက်သွယ်လို့ မရသေးတဲ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013