


ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ ၅ နဲ့ တပ်မဟာ ၆ နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းကနေ ဇွန်လ ၂၇ ရက် တရက်တည်းမှာပဲ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရဲဘောက် တယောက်သေဆုံးပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ တပ်မှူးတွေဆီက သိရပါတယ်။
ဇွန် ၂၇ ရက် မနက် ၇ နာရီလောက်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဒေဘူးနို၊ ထော့ထီးပယ်ကျေးရွာကို လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် ည ၁၂ နာရီလောက်မှာ မောလေခိုကျေးရွာနဲ့ အနီးအနားက သင်တန်းကျောင်းဟောင်းနေရာကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေဟာ အရင်ကတည်းက လေကြောင်းအန္တရာယ်ကို စိုးရိမ်ကြောက်လန့်ပြီး နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ထိခိုက်သူမရှိခဲ့ပေမဲ့ သင်တန်းကျောင်းအဆောက်အဦ အပါအဝင် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။
တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “ဒေသခံတွေတော့ မထိဘူး။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က လေကြောင်းဗုံးကြဲခံရပြီးတည်းက တိမ်းရှောင်နေတော့ ဒေသခံတွေ ထိခိုက်သူမရှိခဲ့ဘူး။ ဒါပေမဲ့ သင်တန်းကျောင်းဟောင်း နေရာနဲ့ နေအိမ် ၇ လုံးလောက် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အဲဒီနေ့တရက်တည်းမှာပဲ မနက် ၁၁ နာရီခွဲလောက်က တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်တယောက် ကျဆုံးခဲ့ပြီး ပြည်သူပိုင်နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ရတဲ့အတွက် စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းတဲ့ နေရာမှာ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား ချေမှုန်းနေတယ်လို့ တပ်မဟာ ၆၊ KNLA တပ်မှူးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကလည်း တပ်မဟာ ၆ နယ်မြေ ဝင်းရေးမြို့နယ် နှစ်ကရင်ကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် လမိုင်းအခြေစိုက် ၃၁၇ အမြောက်တပ်ရင်းက လက်နက်ကြီးနဲ့ပါ ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ၉ ယောက်ထက်မနည်း ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။