
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇူလိုင် ဒုတိယအပတ်အတွင်း PDF အမည်ခံပြီး လုပ်ငန်းရှင်စီးပွားရှင် ၈၀ ကျော်ကို ဖုန်းဆက်ခြိမ်းခြောက် ငွေတောင်းခံနေတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုဇင်ယော်က "မိုဘိုင်းဖုန်းနဲ့ ခြိမ်းခြောက်ပြီးတော့ ပိုက်ဆံကို kpay ၊Wave money တို့ကတဆင့် လွှပေးဖို့ တောင်းနေတာပေါ့နော်" လို့ ပြောပါတယ်။
ငွေကြေးတောင်းခံသူတွေက တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့ဖြစ်တာကြောင့် ငွေကြေးလိုအပ်တယ်ဆိုပြီး ခြိမ်းခြောက်တောင်းနေတာလို့ သိရပါတယ်။
တော်လှန်ရေးအဖွဲ့အမည်ခံပြီး ငွေကြေးတောင်းခံနေတဲ့အဖွဲ့က ငွေကြေးချမ်းသာသူတွေကို ပစ်မှတ်ထားတောင်းနေတာဖြစ်ပြီး နေအိမ်ကို ဗုံးကြဲမယ်၊ မိသားစုဝင်တွေ ဘယ်မှာနေတာ သိတယ်၊ စစ်ကောင်စီကို သတင်းပေးတိုင်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
ငွေကြေးတောင်းခံသူတွေက တအိမ်ကို သုံးသိန်းကနေ ဆယ်ဂဏန်းအထိ တောင်းနေကြပြီး မိသားစုဝင်တွေကို ထိခိုက်မှာစိုးရိမ်တာကြောင့် သူတို့တောင်းခံတဲ့ငွေကို လွှဲပေးထားသူတွေလည်းရှိတယ်လို့ သိရပါတယ်။
"ဖုန်းဆက်ပြီးတောင်းတဲ့ ဖုန်းနံပါတ်၊ ငွေလွှဲခိုင်းတဲ့နံပါတ်တွေကို ကျနော်တို့စစ်ဆေးနေတယ်။ သိရှိခဲ့ရလို့ရှိရင် ကျနော်တို့ထိရောက်စွာအရေးယူမယ်" လို့ ကိုဇင်ယော်က ပြောပါတယ်။
ပခုက္ကူမြို့ပေါ်မှာ ငွေတောင်းခံနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ပကဖအဖွဲ့အစည်းတွေ၊ PDF တပ်ရင်းတွေနဲ့ Local PDF အဖွဲ့တွေက တောင်းခံနေတာမဟုတ်ဘဲ တော်လှန်ရေး ပျက်ပြားစေတဲ့ အဖွဲ့တွေက လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့မစိုးရိမ်ကြဖို့၊ ငွေမလွှဲပေးကြဖို့ အသိပေးပြောဆိုထားပါတယ်။











