DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
June 22, 2023
ပခုက္ကူနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇွန် ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တယောက်သေဆုံးခဲ့တယ်လို့ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာ တောင်ဘက် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၁ ရက် ညနေ ၄ နာရီ ၂၇ မိနစ်လောက်မှာ RPG နဲ့ ပစ်ခတ်ရာ Error ဖြစ်သွားလို့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CGF တာဝန်ခံ ဗိုလ်ဘကွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကျနော်တို့ဘက်က စနိုက်ပါသမားရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတယောက် သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ရပြီး စစ်ကောင်စီဘက်က ကင်းပုန်းတွေ ချထားတာကြောင့် ၅ မိနစ်လောက် အပြန်အလှန်ပစ်ခတ်ကာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။”

အဲဒီတိုက်ခိုက်မှုကို Burma Revolution Ranger၊ PPDF၊ ဘငြိမ်းပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည်တပ်ဖွဲ့၊ MRT၊ ဒေါင်းလံလွှင့်မည့်စေတမံ၊ နှလုံးလှလူမိုက်ကြီးများ၊ Black Dragon၊ ခေတ်သစ်အနော်ရထာတို့နဲ့ အတူတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်နဲ့ အနောက်ချောက်ကန် ရွာကြားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုလည်း ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ မြိုင်မြို့မှာလည်း ဇွန် ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ၄ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

မြိုင်မြို့ကနေ မန္တလေးဘက်ကိုထွက်တဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဇွန် ၂၁ ရက် မနက် ၁၁ နာရီခွဲလောက်မှာ RPG တွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၄၅ မိနစ်လောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား အင်အား ၁၅ ယောက်လောက်ရှိပြီး ၃ ယောက် သေဆုံးကာ ၄ ယောက်ကတော့ ဒဏ်ရာရရှိပြီး ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

“အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖ၊ Earthquake PDF (ပခုက္ကူ)၊ SSTF ဆားလင်းကြီး၊ မြိုင်ပကဖ တပ်ရင်း-၂ တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ဘူး။ မြိုင်မြို့နဲ့ ကန်နီရွာကြားမှာတော့ ဇွန် ၂၀ ရက်က စစ်ကောင်စီရဲ့ ကင်းပုန်းနဲ့တွေ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားကာ ကျနော်တို့ဘက်က ရဲဘော်လေး ၁ ယောက်ကျဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်။ သူတို့ဘက်ကလည်း မနက်ပိုင်းမှာ ပေပါမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်လောက် ဒဏ်ရာရရှိကာ သေဆုံးတဲ့သူ ရှိနိုင်တယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013