DVB Logo
Home
မြန်မာသတင်း
ပဲမျိုးစုံတင်ပို့မှုရငွေ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၃၆ သန်းကျော် လျော့ကျ
DVB
·
July 12, 2023
ပဲမျိုးစုံတင်ပို့မှုရငွေ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၃၆ သန်းကျော် လျော့ကျ
Donate to DVB

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ပြည်ပကို ပဲမျိုးစုံတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကျော် ရရှိထားပြီး အရင်နှစ်ထက် အမေရိကန်ဒေါ်လာ ၃၆ သန်းကျော် လျော့ကျခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်၊ အိန္ဒိယ အပါအဝင် ပြည်ပနိုင်ငံတွေကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်ကနေ ဇွန် ၃၀ ရက်နေ့အထိ ပဲမျိုးစုံ တန်ချိန် ၄ သိန်းကျော် တင်ပို့ထားပြီး အဲဒီကနေ ပို့ကုန်ဝင်ကုန် အမေရိကန်ဒေါ်လာ ၃၃၃ သန်းကျော် ရရှိထားပါတယ်။

ပြီးခဲ့တဲ့နှစ် ကာလတူမှာတော့ တန်ချိန် ၅ သိန်းဝန်းကျင်ထိ တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၆၉ သန်းကျော်ထိ ရရှိခဲ့တာ‌‌ကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ပ ပဲမျိုးစုံ တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ထက် တန်ချိန် ၆၅,၀၀၀ ကျော် ‌လျော့ကျခဲ့ပြီး ပို့ကုန်ရငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၆ သန်းကျော် လျော့ကျခဲ့တာပါ။

အခုနှစ် ပထမသုံးလအတွင်း ပင်လယ်ရေကြောင်းကတဆင့် တန်ချိန် ၃၆၉,၂၃၇ တန်၊ နယ်စပ်ကနေ တန်ချိန် ၅၄,၉၅၀ တန် အသီးသီးတင်ပို့မှုရှိခဲ့ပြီး အရင်နှစ် ကာလတူနဲ့ ယှဉ်ရင်တော့ ပင်လယ်ရေကြောင်းတင်ပို့မှု တန်ချိန် ၇,၀၀၀ ဝန်းကျင် မြင့်တက်လာပေမဲ့ နယ်စပ်တင်ပို့မှုကတော့ အရင်နှစ်ထက် တန်ချိန် ၇၂,၀၀၀ ကျော် လျော့ကျနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက တရုတ်အစိုးရရဲ့ ကုန်သွယ်ရေးမူဝါဒ သတ်မှတ်ချက်ကြောင့် ပဲနှမ်း ကုန်သည်တချို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ မန္တလေး ပဲ‌နှမ်း‌ေစျးကွက်မှာ တရုတ်လိုင်းတင်ပို့တဲ့ ပဲနှမ်းတွေ အဝယ်ရပ်သလောက် ဖြစ်ခဲ့တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

ပဲကုန်သည်တဦးက “ဧပြီလကုန် မေလဆန်းမှာ တခြားပို့ကုန်ပဲတွေ ဈေးကွက်ကောင်းပေမဲ့ ပဲတီစိမ်းနဲ့ တရုတ်လိုင်းပို့တဲ့ ပဲတွေ အဝယ်ရပ်သလောက် ဖြစ်သွားခဲ့တယ်။ သူတို့လိုတဲ့အခါကျ‌ရင်တော့ နည်းနည်း နည်းနည်း ဝယ်ပါတယ်” လို့ ပြောပါတယ်။

အခုနှစ်မှာ နိုင်ငံတဝန်း မတည်ငြိမ်မှုတွေ၊ စက်သုံးဆီနဲ့ သွင်းအားစု ဈေးမြင့်တက်မှုတွေနဲ့ အထွေထွေအကျပ်အတည်းတွေကြားမှာ စိုက်ပျိုးတောင်သူတွေဟာ ပဲမျိုးစုံ စိုက်ပျိုးတာကို လျှော့ချခဲ့ရတာကြောင့် အထွက်နှုန်းလည်း လျော့ကျခဲ့ပါတယ်။

ပဲခူးတိုင်းမှ ပဲစိုက်တောင်သူတဦးက “မြေဆီဈေးတက်၊ အလုပ်သမားဈေးတက်နဲ့ အကုန်တက်နေတာလေ။ မြေဩဇာ နိုင်အောင်မထည့်နိုင်တော့ ပိုးကျပြီး အထွက်ကလျော့‌‌ေသးတယ်။ ပဲဈေးကောင်းပေမဲ့ ကုန်ဈေးနှုန်းက တက်နေတော့ အကျိုးအမြတ်က ဒီလောက်လည်းမကျန်ပါဘူး” လို့ ပြောပါတယ်။

ပြည်တွင်းမှာ ပဲမျိုးစုံထွက်ရှိမှု လျော့ကျခဲ့တာကြောင့် ပြည်ပတင်ပို့မှုလည်း လျော့နည်းနိုင်တယ်လို့ ကုန်သည်လုပ်ငန်း အသိုင်းအဝိုင်းက ခန့်မှန်းထားကြတာပါ။

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ မတ်ပဲက နှစ်စဉ် တန်ချိန် ၆ သိန်းက‌နေ ၇ သိန်းဝန်းကျင်ထိ ပုံမှန်ထွက်ရှိပေမဲ့ ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ တန်ချိန် ၄ သိန်းနဲ့ ၅ သိန်းကြားမှာသာ ထွက်ရှိနိုင်တယ်လို့ ကုန်သည်လုပ်ငန်း အသိုက်အဝန်းက ခန့်မှန်းထားပါတယ်။

အလားတူ ပဲစင်းငုံကလည်း ပုံမှန်ထက် တန်ချိန် သိန်းနဲ့ချီပြီး အထွက်နှုန်း လျော့ကျခဲ့တယ်လို့ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

အိန္ဒိယကတော့ မြန်မာ့ပဲ သူတို့နိုင်ငံထဲ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို တိုးမြှင့်လိုက်သလို ၅ နှစ်ဆက်တိုက် မြန်မာပြည်က မတ်ပဲ တန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းဝယ်ယူဖို့ နှစ်ဖက်အစိုးရကြား သဘောတူ လက်မှတ်ရေးထိုးထားတာလည်း ရှိနေပါတယ်။

ပြည်ပ ပဲတင်ပို့မှုဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ တန်ချိန် ၂ သန်းကျော်ထိ စံချိန်တင် ရောက်ရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၀ ဘီလီယံကျော် ရရှိခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာတော့ တန်ချိန် ၁ ဒသမ ၉ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၀ ဘီလီယံကျော်သာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013