DVB Logo
Home
မြန်မာသတင်း
သမဂ္ဂအဖွဲ့ဝင်အလုပ်သမားများ အမည်ပျက်စာရင်း အသွင်းခံထားရ
DVB
·
July 10, 2023
သမဂ္ဂအဖွဲ့ဝင်အလုပ်သမားများ အမည်ပျက်စာရင်း အသွင်းခံထားရ
Donate to DVB

အထည်ချုပ်စက်ရုံတွေမှာ အော်ဒါမရှိတော့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ထမ်းတွေကို လျော်ကြေးပေး အလုပ်ထုတ်တာတွေ ရှိခဲ့ပေမဲ့ တခြားနေရာမှာ စက်ရုံတွေကို ပြန်လည် လည်ပတ်နေပြီး ဝန်ထမ်းတွေကိုတော့ အလုပ်ပြန်မခန့်ဘူးလို့ အလုပ်သမားတွေဆီက သိရပါတယ်။

အလုပ်သမားသမဂ္ဂတွေနဲ့ ဆက်သွယ်တဲ့ ဝန်ထမ်းတွေနဲ့ သမဂ္ဂအဖွဲ့ဝင်ထားတဲ့ အလုပ်သမားတွေကို blacklist သွင်းထားပြီး တခြားစက်ရုံတွေမှာပါ အလုပ်ပြန်မရအောင် လုပ်နေတယ်လို့ စက်ရုံပိတ်သိမ်းခံရပြီး အခုချိန်ထိ အလုပ်ရှာမရတဲ့ သမဂ္ဂအဖွဲ့ဝင် အထည်ချုပ်စက်ရုံ အလုပ်သမားတယောက်က ပြောပါတယ်။

“ကျနော်တို့စက်ရုံက ပိတ်သွားတဲ့အပြင် သူတို့က ဘာတွေချိုးဖောက်ထားသေးလဲဆိုတော့ တခြားစက်ရုံတွေကို ကျနော်တို့ သွားလျှောက်လို့မရအောင်လို့ blacklist ထဲ အကုန် ထည့်ထားတယ်။ သမဂ္ဂတွေရှိတဲ့ စက်ရုံတွေ အများဆုံးပိတ်ထားတာပေါ့။ ကျနော်တို့က အများကြီး တောင်းဆိုတာ မဟုတ်ပါဘူး။ အလုပ်သမားတွေကို ဖိအားပေး အရမ်းကြီးမခိုင်းဖို့၊ လစာလည်း အရမ်းကြီးတိုးတောင်းတာမရှိဘူး၊ ညှိပေးဖို့အတွက်ပဲ။ ကျနော်တို့ သမဂ္ဂဖြစ်လာတဲ့အချိန်မှာ အိမ်သာရေမကောင်းတာတွေပြောတယ်။ ဒီအဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် သူတို့ ဒီအလုပ်သမားတွေကို ဆက်ပြီး ထိန်းချုပ်လို့မရဘူး။ သူတို့က အာဏာအရမ်းသုံးချင်တာဆိုတော့။ ဒီလိုတောင်းဆိုမှုတွေ ရှိလာတဲ့အခါ သူတို့က ဘလိုင်းကြီး အော်ဒါမကျတဲ့ ပုံစံမျိုး လုပ်ချလိုက်တာ။”

စစ်ကောင်စီကလည်း အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေကို ကူညီနေတဲ့ အလုပ်သမားအဖွဲ့နဲ့ သမဂ္ဂအဖွဲ့ ၁၆ ဖွဲ့ကို မတရားအသင်းကြေညာပြီး ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ 

အခုလို နိုင်ငံခြားသားပိုင်စက်ရုံတွေ ပိတ်သိမ်းပြီး တခြားနေရာမှာ စက်ရုံပြန်ဖွင့်တာတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို အလုပ်သမားတွေအနေနဲ့ကလည်း နာမည်ပျက်စာရင်း သွင်းထားဖို့ လိုအပ်ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“စက်ရုံတွေ ပိတ်သိမ်းတဲ့ကိစ္စတွေမှာ ကျမတို့ ဆက်စပ်ပါဝင်ခဲ့တယ်။ ပါဝင်တယ်ဆိုတာက ကိုယ့် Union ရှိတယ်၊ နောက်ပြီးတော့ ကိုယ့်ကို အကူအညီတောင်းတယ်ပေါ့။ အဲဒီက အားလုံးကတော့ အလုပ်ပြန်မရကြဘူး၊ skill labour မဟုတ်တဲ့အခါကျရင်တော့ အလုပ်ရဖို့ မသေချာဘူး။ နောက်တခုက တခြားစက်ရုံတွေဆီ အမည်ပေါက်ထားတဲ့ union leader တွေအလုပ်ရဖို့ မသေချာဘူး။ နောက်တခုက ယောကျာ်းလေးတွေ အလုပ်ရဖို့မသေချာဘူး။ သူတို့အနေနဲ့က carrier ပြောင်းရမှာပေါ့ အထည်ချုပ်လုပ်ငန်းခွင်မှာ လုပ်တယ်ဆိုရင် အထည်ချုပ်မဟုတ်တဲ့ လုပ်ငန်းကိုပြောင်းပေါ့နော်။ ဒါကလည်း အလုပ်သမားညီရင်တော့ ပြန်တုံ့ပြန်လို့ရတယ်။ အလုပ်ရှင်တွေကသာ အလုပ်သမားဘက်ကို black list သွင်းနေတာ အလုပ်သမားတွေ ဘက်ကလည်း အလုပ်ရှင်တွေကို black list ထည့်ဖို့လိုတယ်။ ဘယ်လို လုပ်ငန်းရှင်တွေကတော့ union ကို ဖြိုခွဲတယ်၊ ဘယ်လို လုပ်ငန်းရှင်တွေကတော့ ဘယ်လိုမတရားမှုရှိတယ်ဆိုတာကို ထုတ်ပြောပြီး တုံ့ပြန်ပြောဆိုဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

၂ဝ၂၂ ခုနှစ်က ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံကို အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

NUG ကလည်း အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေ brand/အဝယ်တော်တွေကို နိုင်ငံတကာ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတဲ့အကြောင်း ဇွန် ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013