DVB Logo
Home
မြန်မာသတင်း
အလုပ်သမားများကို ဖမ်းဆီးခဲ့သည့် စစ်ကောင်စီ လူ့အခွင့်အရေး ချိုးဖောက်နေဟုဆို
DVB
·
June 30, 2023
အလုပ်သမားများကို ဖမ်းဆီးခဲ့သည့် စစ်ကောင်စီ လူ့အခွင့်အရေး ချိုးဖောက်နေဟုဆို
Donate to DVB

လုပ်ခလစာတိုးပေးဖို့ တောင်းဆိုရာကနေ ဖမ်းဆီးခံထားရတဲ့ ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီသူတွေကို ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ ကြေညာထားပါတယ်။

ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံက အလုပ်သမား ၅ ယောက်၊ လှိုင်သာယာမြို့နယ်ရှိ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ယောက်နဲ့ Action Labor Rights အလုပ်သမားအဖွဲ့က အလုပ်သမားအရေး ကူညီသူ ၃ ယောက်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုလို အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးကို ပြောင်ပြောင်ထင်ထင် ချိုးဖောက်နေတာဖြစ်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က “ဒါဟာ စစ်ကောင်စီရဲ့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အထောက်အထား သက်သေတွေ ဖြစ်တယ်လို့ ကျမအနေနဲ့ ပြောချင်တယ်။ အလုပ်သမားတွေက မိမိတို့အခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုတာဖြစ်တယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက အလုပ်သမားတွေကို ခြိမ်းခြောက်တယ်၊ ဖိနှိပ်တယ်၊ ဘာအခွင့်အရေးမှ မရှိတော့ဘူး။ ဒါကြောင့် ဒင်းတို့ သက်ဆိုးရှည်နေသရွေ့ ပိုဆိုးလာဖို့ပဲရှိတယ်။ ဒင်းတို့ကို အသက်ဆက်နေတဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ဖို့ အလုံးစုံ စီးပွားရေးပိတ်ဆို့မှု အမြန်ဆုံးလုပ်ဖို့ လိုတယ်လို့ ကျမအနေနဲ့ ဒီနေရာက ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဟိုစိမ့်(မြန်မာ) အလုပ်သမားအရေးကို ကူညီပေးနေတဲ့ Action Labor Rights အဖွဲ့ကို တရားဝင် ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်ကြောင်းနဲ့ ဆူပူဆန္ဒပြမှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတဲ့အဖွဲ့လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အခုလို စစ်ကောင်စီဘက်က ထုတ်ပြန်တာတွေက မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေပြီး စစ်ကောင်စီက မဟုတ်မမှန်တာကို ဇာတ်လမ်းဆင်ပြီး ထုတ်ပြန်ထားတယ်လို့ ဟိုစိမ့်(မြန်မာ) အလုပ်သမားအရေး ကူညီပေးနေသူက ပြောပါတယ်။

ဟိုစိမ့်(မြန်မာ) အလုပ်သမားအရေး ကူညီပေးသူ ကိုသူရိန်အောင်က “တကယ့်တကယ်က ဇွန်လအတွင်းမှာ ဆန္ဒပြတာ စက်ရုံပေါင်း ၂၀ လောက်ရှိတယ်။ ဒီအလုပ်သမားအရေး ပြဿနာတွေကို ရှင်းပြဖို့ သွားတာတောင် ဖမ်းထားတယ်။ အားလုံးခြုံကြည့်ရင် အဲ့လိုမဟုတ်ဘူး။ မဟုတ်တာကို ဇာတ်လမ်းဆင်ပြီး လုပ်ထားတယ်။ အလုပ်သမား အဖွဲ့အစည်းတွေက ဒီမိုကရေစီခေတ်မှာ ရှင်သန်ခွင့်ရတဲ့ အဖွဲ့အစည်းတွေ။ အခုက ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီစနစ်လုပ်မယ်လို့ တဖွဖွပြောတယ်။ ဒါပေမဲ့ လုပ်ဆောင်နေတာကျ အဲ့လိုတွေ ဟုတ်မနေဘူး။ ဒီမိုကရေစီစနစ် သွားမယ်ဆို နိုင်ငံရေး Space ကို တမင်တကာကို ချဲ့ပေးရမှာ။ အခုက နိုင်ငံရေးတောင်းဆိုချက်လည်း မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထက်တည်းက အလုပ်ရှင် အလုပ်သမား ပြသနာက ရှိနေပြီးသား။ အဲ့တုန်းကမှ ဆန္ဒပြတဲ့ကိစ္စတွေဆို အလုပ်သမားရုံးက ရောက်လာတယ်။ ဒီကိစ္စကို သုံးရက်အတွင်း ဖြေရှင်းဆိုပြီး စက်ရုံဘက်ပဲ ပြောထားတာ။ အခုက အလုပ်သမား တောင်းဆိုတဲ့ကိစ္စကို ဘာမှ တာဝန်မယူဘဲ စက်ရုံဘက်က အလုပ်သမားအဖွဲ့အစည်း ဥပဒေကို မလိုက်နာတဲ့ကိစ္စကို တချက်တောင် မပြောဘူး။ ဆိုတော့ ဒီမိုကရေစီစနစ်ကို သွားမယ့်ကိစ္စက ပြည်သူတွေ မယုံတာလည်း မပြောနဲ့လေ” လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ အလုပ်သမား ၇ ဦးကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားသလို ကူညီသူ ၃ ဦးကိုလည်း ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ပုဒ်မ ၅၀၅(က) မှာ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်ခံရနိုင်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ပတ်သက်လို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး အီးယူက တောင်းဆိုထားသလို အလုပ်သမားသမဂ္ဂ အဖွဲ့တွေကလည်း အထည်ချုပ်စက်ရုံနဲ့ အလုပ်တွဲလုပ်နေတဲ့ ဘရန်းဒ်တွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ဆီ စာပို့ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က “Inditex, ZARA တို့ ဘရန်းသည် စပိန်နိုင်ငံက ဘရန်းဖြစ်တယ်။ ကျမတို့သည် စပိန်နိုင်ငံက သမဂ္ဂတွေနဲ့လည်း ညီအစ်ကို မောင်နှမ သမဂ္ဂတွေဖြစ်တဲ့အတွက် အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်။ စပိန်အလုပ်သမားသမဂ္ဂကိုရော အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ကိုရော ဒီကိစ္စကို လှမ်းပြီး အကြောင်းကြားတယ်။ Inditex ကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေလဲ။ အမြန်ဆုံး လွတ်မြောက်ရေးကိုလည်း တောင်းဆိုတဲ့စာတွေ ပို့လိုက်တယ်။ ဒီအဖမ်းခံရသူတွေတင် မဟုတ်ဘူး။ ရှောင်ပြေးနေရတယ်ဆိုတာလည်း ကြားတယ်။ တောင်းဆိုမှုထဲမှာ အဖမ်းခံရတဲ့ အလုပ်သမားတွေ လွတ်မြောက်ရေးအပြင် ရှောင်ပြေးနေရသူတွေရဲ့ လုံခြုံရေးကိုလည်း အာမခံဖို့၊ ပြီးရင် စက်ရုံထဲမှာရှိတဲ့ အလုပ်သမားတွေကလည်း ခြိမ်းခြောက်ခံနေရတာတွေရှိတယ်။ စက်ရုံထဲမှာရှိတဲ့ အလုပ်သမားတွေကိုလည်း ပိုပြီးဖိနှိပ်တာ မရှိအောင် ZARA ဘရန်း၊ Inditex ကနေ ဆောင်ရွက်ပေးပါလို့ တောင်းဆိုခဲ့တယ်။ စာပေးပို့ခဲ့တယ်။ အဲ့တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ILO ကိုလည်း အကြောင်းကြားထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ်တွေကိုပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး များစွာ ချိုးဖောက်ခံနေရပြီး အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကိုလည်း စစ်ကောင်စီက အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး ထောင်ချတာတွေ ပြုလုပ်နေပါတယ်။

ဒါ့ပြင် အာဏာသိမ်းပြီးကတည်းက အလုပ်သမားအရေး လုပ်ဆောင်တဲ့ အဖွဲ့တွေကို မတရားအသင်းအဖြစ် ကြေညာပြီး စစ်ကောင်စီက အလုပ်သမားရေးလှုပ်ရှားသူ ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013