DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတဝန်း အဖမ်းအဆီးကြမ်းပြီး မြန်မာအချို့ ပြန်ပို့ခံရ
မောရစ်
·
October 22, 2026
Photo: Thai Immigration
Photo: Thai Immigration
Donate to DVB

ထိုင်းနိုင်ငံတဝန်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်ကြတဲ့ မြို့တွေ၊ ရပ်ကွက်တွေနဲ့ အဆောင်တွေမှာ ထိုင်းအာဏာပိုင်တွေရဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေက ပိုတင်းကျပ်လာနေပါတယ်။

အောက်တိုဘာလ တတိယပတ်ကစလို့ ထိုင်းနိုင်ငံရဲ့ ခရိုင် ၇၇ ခုက မြန်မာတွေ အများဆုံးနေတဲ့ မြို့တွေဖြစ်တဲ့ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်မြို့တွေမှာ ထိုင်းအာဏာပိုင်တွေက ရှောင်တခင် စစ်ဆေးမှုတွေ လုပ်နေပါတယ်။

အခုလို ရှောင်တခင် စစ်ဆေးမှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ တရက်တည်းမှာပဲ ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံသား ၃၆ ယောက် အဖမ်းခံခဲ့ရပါတယ်။

အဲဒီအထဲက ၂၇ ယောက်ဟာ ခွင့်ပြုချက်ထက် သက်တမ်းကုန်လွန်နေထိုင်မှု၊ ၄ ယောက်က မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ကျန်တဲ့ ၅ ယောက်ကတော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု စတဲ့ အချက်တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး သက်တမ်းကုန်လွန်နေထိုင်မှုနဲ့ အဖမ်းခံရတဲ့ ၂၇ ယောက်ကိုတော့ ထိုင်းလဝက,က မယ်ဆိုင်-တာချီလိတ်ကနေ တဆင့် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ကူညီနေသူတွေကတော့ ထိုင်းဥပဒေအရ ပြန်ပို့ခံရတဲ့သူတွေဟာ မြန်မာစစ်တပ်ရဲ့ စစ်သားစုဆောင်းမှုထဲ ပါနိုင်ခြေရာခိုင်နှုန်း များမှာဖြစ်ပြီး သူတို့ဝင်လာတဲ့ လမ်းကြောင်း ဂိတ်တွေကနေ ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ကူညီနေသူတယောက်က “အခုနောက်ပိုင်းမှာ ဖမ်းတဲ့ဥစ္စာ အလုပ်ရှင် မတူတာနဲ့ လုပ်ငန်းခွင်မတူတာ အဲဒါတွေလိုမျိုးလည်း ဖမ်းတယ်ပေါ့နော်။ ပြီးတော့မှ ဖမ်းပြီးရင်တော့ သူတို့က အဲဒီ ထိန်းသိမ်းရေးစင်တာလား အဲဒီ လဝက အပိုင်းပေါ့နော်၊ အဲဒီမှာ ထားတယ်။ လူစုံပြီဆိုတော့ သူတို့က နယ်စပ်ကို ပို့ကြတယ်။ လာတဲ့ ဟို ဝင်လာတဲ့လမ်းပေါ့နော်။ ဥပမာ မဲဆောက်ကနေ လာတယ်ဆိုရင် မဲဆောက်ကို ပြန်ပို့တယ်။ အစုအဖွဲ့ရှိတယ်။ တချို့ကျတော့လည်း ဒီ မဲဆောက်က ဒီလိုမျိုး တရားဝင်လမ်းကြောင်း မဟုတ်တဲ့သူ၊ တချို့ ခိုးလမ်း ဝင်လာတဲ့သူပေါ့၊ သူတို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မြို့တွေပေါ့နော်၊ အဲဒီလိုမျိုး ပြန်ပို့ပေးတာရှိတယ်။ သို့သော်လည်းပဲ များသောအားဖြင့်က ဒေသအလိုက်ပဲပေါ့နော်၊ တောင်ပိုင်းမှာ ရှိတဲ့လူဆိုရင်တော့ ရနောင်းကို ပို့ပေးတာတွေ ရှိတယ်ပေါ့နော်။ အဲဒီလိုမျိုးတော့ တွေ့နေရတယ်ဗျ” လို့ ပြောပါတယ်။

ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ခေါ်) ကျားဖြန့်လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် လက်နက်တွေကို အဓိကပစ်မှတ်ထား နှိမ်နင်းနေတာ ဖြစ်ပေမဲ့ အထောက်အထားမဲ့ မြန်မာတွေသာ ဆက်တိုက် အဖမ်းခံနေရတာပါ။

အောက်တိုဘာ ၁၇ ရက်ကလည်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ရဲ့ နေရာပေါင်း ၂၀ လောက်ကို ထိုင်းရဲတပ်ဖွဲ့ အဖွဲ့ပေါင်းစုံက ဝင်စီးနင်းခဲ့တာကြောင့် ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၂၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီအထဲက တချို့က ပြန်လွတ်လာပြီး အများစုကတော့ ထိန်းသိမ်းခံထားရဆဲပါ။

DVB အနေနဲ့ မဲဆောက်၊ ချင်းမိုင်နဲ့ ဘန်ကောက်က အထောက်အထားမရှိတဲ့ မြန်မာတွေနဲ့ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အများစုက ပွဲစားလိမ်တဲ့ဒဏ်တွေအပြင် ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ နှုန်းထားတွေထက် အပြင်မှာ ပွဲစားတွေကို ဈေးပိုပေးနေရတဲ့အတွက် အောက်လမ်းကလာတဲ့နည်းကို ရွေးချယ်နေရတာလို့ ဆိုကြပါတယ်‌။

မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက်က “အဓိက ပြဿနာက ပွဲစားဒဏ်ပဲ၊ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့နှုန်းနဲ့ ဝန်ဆောင်မှုယူတဲ့ ကြေးနဲ့က တအားများပြီး ကွာဟနေတာပေါ့။ အဲဒါ အလုပ်သမားတွေအတွက် ဝန်ပိတယ်။ အခုနောက်ပိုင်းကျတော့ အခွန်ပေါ့၊ အဲဒီ အခွန်ကိစ္စ ကြောင့်လည်း တရားမဝင်တဲ့ အလုပ်သမား အခြေအနေတွေ ဖြစ်အောင် တွန်းပို့စေတဲ့ အကြောင်းအရာတွေက တခုဖြစ်နိုင်တယ်။ ဒါပေမဲ့ သေချာတာကတော့ ဒီပွဲစားတွေရဲ့ ဒီ အမြတ်ကြီးစားယူမှု၊ ဥပမာ အစိုးရ သတ်မှတ်ထားတဲ့ ၂,၀၀၀ ဆိုရင်တော့ ၂,၅၀၀၊ ၃,၀၀၀ ဆို တော်လောက်ပြီပေါ့။ အခုက ၈,၀၀၀ ကနေ ၁၀,၀၀၀၊ ၂၀,၀၀၀ အထိ တောင်းတာ။ ပွဲစားတွေကလည်း မြန်မာတွေပဲ။ အချင်းချင်းတွေ အဲလောက်ထိ မလုပ်ကြပါနဲ့လို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်အထိ မဲဆောက်၊ ချင်းမိုင်နဲ့ ဘန်ကောက်မြို့ရဲ့ တချို့နေရာတွေမှာ မြန်မာအလုပ်သမားတွေ ဖမ်းဆီး အရေးယူခံနေရဆဲပါ။

ဒါကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား အများစုကတော့ ထိုင်းအစိုးရနဲ့ ကြုံနေရတဲ့ အခက်အခဲတွေ၊ ပွဲစားလိမ်တဲ့ ပြဿနာတွေအပြင် ထိုင်းကနေ မြန်မာစစ်တပ်လက်ထဲ ပြန်ပို့ခံရတာတွေကို NUG အစိုးရအနေနဲ့ ဝင်ရောက်အဖြေရှာဖို့ လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013