DVB Logo
Home
မြန်မာသတင်း
မဏိပူရ်အမျိုးသမီး ၁ ဦးကို တရားဝင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ဟု ကူကီးလက်နက်ကိုင်အဖွဲ့ပြော 
DVB
·
May 14, 2026
Photo : KNA-B
Photo : KNA-B
Donate to DVB

ကူကီးလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ မဏိပူရ်အမျိုးသမီးကို အာသံရိုင်ဖယ်တပ်ဖွဲ့ ကယ်တင်ဆိုတဲ့ သတင်းဟာ မဟုတ်ဘဲ ခဏစောင့်ရှောက်ထားသူတွေကို တရားဝင် လွှဲပြောင်းပေးခဲ့တာလို့ ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော် (KNO/KNA-B) တာဝန်ရှိသူက ပြောပါတယ်။

မေ ၇ ရက်က အိန္ဒိယနယ်စပ် တန်ခူးလ်နာဂရွာတွေမှာဖြစ်တဲ့ တိုက်ခိုက်မှုတွေအတွင်း အဖမ်းခံ လိုက်ရတဲ့ မဏိပူရ်အမျိုးသမီးတယောက်ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယသတင်းစာတစောင်ဖြစ်တဲ့ The Hindu သတင်းစာက မေ ၉ ရက်မှာ ဖော်ပြခဲ့တာပါ။

အဲဒီ စစ်ရေးပဋိပက္ခဟာ Village Volunteer Eastern Zone (VVEZ) အဖွဲ့ရဲ့ စစ်ရေး လှုပ်ရှားမှုဖြစ်ပြီး သူတို့နဲ့ မဆိုင်ဘူးလို့ ကူကီးအမျိုးသားတပ်မတော် (KNA-B) က မေ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးတော့ မဏိပူရပြည်နယ် ကမ်ဂျုန်းနဲ့ အူခရူးလ်ခရိုင်ဒေသတွင်း လှုပ်ရှားတဲ့ NSCN (IM) တန်ခူးလ်နာဂလက်နက်ကိုင်အဖွဲ့ရဲ့ လူမျိုးရေးအသွင်သဏ္ဌာန်ဆောင်တဲ့ လှုပ်ရှားမှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ထွက်ပြေးတိမ်းရှောင်ရာမှာ ပါဝင်လာတဲ့ အရပ်သား မဏိပူရ်ဒေသခံ တန်ခူးလ်လူမျိုး အမျိုးသမီးတယောက် အပါအဝင် တမူးခရိုင်ဒေသခံ လူကြီး ၁၈ ယောက်နဲ့ ကလေး ၃ ယောက်ကို KNO/KNA-B က တာဝန်ယူ ပြုစုစောင့်ရှောက်ထားပြီး မေ ၉ ရက်မှာ သက်ဆိုင်ရာ အသီးသီးဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ချူရာချန်းပူရ်ခရိုင်မှာ အသက် ၃၈ နှစ်အရွယ် ကူကီးတပ်ဖွဲ့ဝင်တယောက်ကို လက်နက်၊ ကျည်အိမ်၊ ကျည်ဆန်တွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့လည်း အဲဒီသတင်းစာမှာ ဖော်ပြထားပြီး ဖမ်းခံရသူဟာ KNA-B ရဲ့ တပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ ဆိုပါတယ်။

KNO/KNA-B ရဲ့ အထွေထွေအတွင်းရေးမှူးက “အထူးသဖြင့် မြန်မာဘက်က ကျနော်တို့ ကူကီးတပ်ကိစ္စဆိုရင် အမြဲတမ်း ပုံရိပ်ဖျက်ချင်နေတဲ့အဖွဲ့ ရှိတယ်။ အဲဒီ သတင်းရင်းမြစ်ကနေ တက်လာတဲ့ ကျနော်တို့သတင်းတွေက ဖွတာ၊ လုပ်ကြံဖန်တီးသတင်းတွေက များတယ်။ အမှားလည်း များတယ်ဗျ။ ဒါကို အမြဲတမ်း ဖြေရှင်းနေရတယ်။ သူတို့က သတင်းကို လိုသလို ဖန်တီးပြီး ပုံရိပ်ကျအောင်လုပ်တာ အစဉ်အလာလိုတောင် ဖြစ်နေပြီ” လို့ DVB ကို ပြောပါတယ်။

VVEZ ဟာ မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ မေ ၃ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ကူကီး-ကသည်း လူမျိုးစုအချင်းချင်းကြား ပဋိပက္ခကြောင့် ပေါ်ပေါက်လာတဲ့ အဖွဲ့တခု ဖြစ်တယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။

KNO/KNA-B ရဲ့ အထွေထွေအတွင်းရေးမှူးက “ကျနော်တို့ရဲ့ပစ်မှတ်က အိန္ဒိယဘက်ခြမ်းက အဖွဲ့တွေ မဟုတ်ဘူးလေ။ သူတို့က လူမျိုးရေးပဋိပက္ခ ဖြစ်စေချင်တဲ့သဘောလို့ ဆိုရမယ်ဗျ။ ကျနော်တို့တော့ ခုချိန်ထိက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း နေပါတယ်။ ခုချိန်ထိ အတူယှဉ်တွဲနေထိုင်ရေးနဲ့ လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းလိုတဲ့ဆန္ဒက အမြဲတမ်းရှိ ပါတယ်။ ပြီးတော့ ကျနော်တို့က တောင်တန်းဒေသ အတူနေ တိုင်းရင်းသားတွေ ဖြစ်တယ်။ ပြီးရင် ခရစ်ယာန်အချင်းချင်းလည်း ဖြစ်သေးတယ်။ ဒါကြောင့် ကျနော်တို့က အပြုသဘောဆောင်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသားအချင်းချင်းကြား အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ကို လိုလားတာပါ။ မေ ၁၂ ရက်နေ့က မိုလ်းနွေးရွာ မီးရှို့ခံရသလိုမျိုး အရပ်သားပြည်သူတွေအပေါ် စာနာမှုကင်းမဲ့တဲ့ လုပ်ရပ်မျိုးကတော့ လုံးဝကို မဖြစ်သင့်တဲ့အရာပါ” လို့ ပြောပါတယ်။

KNA-B အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ပြီး ၂၀၂၁ ခုနှစ်ကတည်းက အမှတ် ၁ စစ်ဒေသ ဦးဆောင်မှုနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013