
မြန်မာနယ်စပ်အခြေစိုက် ကူကီးလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မဏိပူရဒေသခံ အမျိုးသမီးတယောက်ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တဲ့အကြောင်း The Hindu သတင်းတပုဒ်မှာ မေ ၉ ရက်က ဖော်ပြပါတယ်။
မေ ၇ ရက် မနက်အစောပိုင်းက အိန္ဒိယ-မြန်မာနယ်စပ် ကမ်ဂျောင်ဒေသတွင်းက တန်ခူးလ်နာဂကျေးရွာတွေကို ကူကီးလက်နက်ကိုင်တပ်ဖွဲ့ KNA-B နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာဖြစ်ပြီး ၂ ရက်အကြာမှာ ပြန်လည်လွတ်မြောက်လာတာလို့ ဆိုပါတယ်။
အသက် ၄၅ နှစ်အရွယ် အိုလီနာ နင်းရှန်ကို ဇီးချိုရိုရွာတောင်ဘက်တနေရာမှာ အာသံထောက်လှမ်းရေးနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့တာလို့ လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဆိုပါအမျိုးသမီး ပြန်လည်လွတ်မြောက်လာချိန်မှာ သူ့ရဲ့ခင်ပွန်း၊ ကျေးရွာလူကြီးနဲ့ အရပ်ဘက်အဖွဲ့အစည်း အဖွဲ့ဝင်တွေလည်း ရှိနေခဲ့တယ်လို့ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ပြန်လွတ်လာပြီးနောက်မှာ မိသားစုဝင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို တရားဝင် လွှဲပြောင်းပေးအပ်ပွဲနဲ့ မှတ်တမ်းတင်ဖို့အတွက် နယ်စပ်အနီးက ချာဆတ် တပ်ရင်းဌာနချုပ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။”
အာသံရိုင်ဖယ်တပ်ဟာ အဆိုပါဒေသတွင်း ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုတွေကို ခက်ခဲတဲ့ အခြေအနေတွေကြားကနေ ထိန်းချုပ်နိုင်ခဲ့သလို ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ တခြားသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက “ဖြစ်စဉ်အတွင်းမှာ အာသံရိုင်ဖယ်တပ်အနေနဲ့ ကြိုတင်ပြင်ဆင်မှုရှိရှိ ကယ်ဆယ်ရေးအဖွဲ့ အများအပြား စေလွှတ်ခဲ့ပါတယ်။ အကြမ်းဖက်မှုကြောင့် ထိခိုက်ခဲ့တဲ့ အိမ်ခြေ ၁၀ လုံးကို ကာကွယ်ပေးနိုင်ခဲ့သလို အရပ်သားတွေကိုလည်း အနီးဆုံး ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဒုက္ခရောက်နေတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရွာသား ၁၅ ယောက်ကို ကယ်တင်ခဲ့ပြီး နယ်စပ်အနီးစခန်းတခုမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့သလို ချူရာချန်းပူရ်ခရိုင်အတွင်း ရှာဖွေမှုတွေ လုပ်ဆောင်ချိန် အသက် ၃၈ နှစ်အရွယ် လက်နက်ကိုင်ဆောင်ထားတဲ့ ကူကီးတပ်ဖွဲ့ဝင် တယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကိုတော့ လက်နက်၊ ကျည်အိမ်၊ ကျည်ဆန်တွေနဲ့အတူ ဒေသခံရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Source: The Hindu










