
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ ဇူလိုင် ၁၉ ရက်က အမျိုးသမီးတယောက် ၃ ထပ်တိုက်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့မနက် ၉ နာရီ မိနစ် ၂၀ လောက်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် ၆၄၊ ရွှေလရောင်ဝင်းအတွင်းရှိ RC သုံးထပ်တိုက်အပေါ် ထပ် တိုက်ပေါ်ကနေ အသက် ၅၀ အရွယ် အမျိုးသမီးဟာ ရုတ်တရက် ပြုတ်ကျသေဆုံးခဲ့တာလို့ ဆိုပါတယ်။
မြို့ခံတယောက်က “ပြုတ်ကျပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာအလောင်းကောက်တော့မှ သိရတာ။ အမျိုးသမီး ပြုတ်ကျတဲ့ ၃ ထပ်တိုက်ပေါ်က နေရာမှာ Basin (လက်ဆေးကန်) ရှိတယ်။ Basin အနားကနေ ပြုတ်ကျတာ” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အသက် ၅၂ နှစ်အရွယ် ဒေါ်နန်းခမ်းသူ ဖြစ်ပြီး ဦးခေါင်းကွဲကြေဒဏ်ရာ၊ လက်နဲ့ ခြေထောက် ညိုမည်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို မန္တလေးအခြေပြု ပုပ္ပကာရီ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။











