မန္တလေးတွင်ကျင်းပမည့် အာဆီယံယဉ်ကျေးမှု အစည်းအဝေးကို အရပ်ဖက်အဖွဲ့များ ကန့်ကွက်

လာမဲ့ ဒီဇင်ဘာလထဲ မန္တလေးမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေး (AMCA)နဲ့ အဆင့်မြင့်အရာရှိများအစည်းအဝေး (SOMCA) တို့မှာ မြန်မာစစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်နဲ့ ဥက္ကဋ္ဌတာဝန် မပေးဖို့ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၁၂၁ ဖွဲ့က နိုဝင်ဘာ ၂၇ ရက်မှာ အာဆီယံထံ အိတ်ဖွင့် ပေးစာ ပေးပို့ တောင်းဆိုလိုက်ပါတယ်။
အစည်းအဝေးတွေကို မန္တလေးမှာ မလုပ်ဘဲ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကို ပြောင်းရွှေ့ ကျင်းပဖို့ ဒါမှမဟုတ် အွန်လိုင်းကနေပဲ ကျင်းပဖို့နဲ့ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် AMCA ဥက္ကဋ္ဌ တာဝန် ကို မလေးရှားနိုင်ငံကနေ စစ်အုပ်စုဆီ လွှဲပြောင်းမပေးဖို့ အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။
စစ်အုပ်စုက မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို ဖျက်ဆီးနေပြီး အာဆီယံဒေသတွင်း အနုပညာနဲ့ ယဉ်ကျေးမှု မြှင့်တင်ထိန်းသိမ်း စောင့်ရှောက်ရေးတွေကို အမှန်တကယ် ဦးဆောင်ပါဝင်နေကြတဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေ၊ ဓာတ်ပုံဆရာတွေ၊ ဂီတပညာရှင်တွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေကိုလည်း အကြမ်းဖက်ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ ကျူးလွန်နေတာပါလို့ Defend Myanmar Democracy (DMD) အဖွဲ့ရဲ့ ဒါရိုက်တာ ကိုမိုက်(ခ်) က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
“လွန်ခဲ့တဲ့ တပတ်ကပဲ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ဂျီနိုဆိုက် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲပြီးကတည်းက တရားဝင်မှုရဖို့ အသည်းအသန် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အာဆီယံအနေနဲ့ စစ်အုပ်စုကို AMCA အစည်းအဝေးရဲ့ ဥက္ကဋ္ဌနေရာပေးပြီး အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပခွင့် ပေးလိုက်မယ်ဆိုရင် ဂျီနိုဆိုက်ကျူးလွန်ထားတဲ့ တရားခံတွေတွေကို သူတို့ကျူးလွန်ထားတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဖုံးကွယ်ပြီး ပုံရိပ်ကောင်းဖော်ဆောင်နိုင်ဖို့ လမ်းဖောက်ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။”
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှ ကိုနန်းလင်းကလည်း “နိုင်ငံတကာရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝမရှိဘဲ ဆက်လက်ကျူးလွန်နေတဲ့ စစ်အုပ်စုက အာဆီယံရဲ့ အနုပညာနဲ့ယဉ်ကျေးမှု လုပ်ငန်းတွေကို ဦးဆောင်ဖို့ မဆိုထားနဲ့ ယုံကြည်လက်ခံဖွယ်ရာ အိမ်ရှင်အဖြစ်တောင် ကျင်းပနိုင်စွမ်း မရှိပါဘူး။ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ပံ့ပိုးပေးသင့်ပြီး မန္တလေးပြည်သူတွေရဲ့အသံကို နားထောင်သင့် ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့အပါအဝင် အာဆီယံ ဆွေးနွေးဖက် မိတ်ဖက်နိုင်ငံတွေအနေနဲ့ လည်း မန္တလေး အစည်းအဝေးဆီ ကိုယ်စားလှယ်တွေ မစေလွှတ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။











