အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လုံးဝလက်မခံဟု IEC ထုတ်ပြန်

စစ်ပွဲရဲ့ လက်နက်တခုအဖြစ် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ စတင်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှု အဖွင့်နေ့ သတင်းစကားမှာ ခူးပလူးရယ်က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ကရင်နီပြည် အပါအဝင် ပဋိပက္ခဒဏ်ခံနေရတဲ့ စစ်မက်ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသူ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ စစ်ဘေးစစ်ဒဏ်ရဲ့ ဆိုးကျိုးတွေကို ရှေ့တန်းကနေ ပြင်းပြင်းထန်ထန် ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။
နေရာစွန့်ခွာ တိမ်းရှောင်ရတာ၊ မလုံခြုံတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆင်းရဲဒုက္ခများစွာနဲ့ ရှင်သန်ရတာ၊ မိသားစု စားဝတ်နေရေးကို ဦးဆောင်ထမ်းပိုးနေရတာတွေအပြင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ပိုပြီး ပြင်းပြင်းထန်ထန် ရင်ဆိုင်နေကြရတယ်လို့ ခူးပလူးရယ်က ထောက်ပြပါတယ်။
ခူးပလူးရယ်က “စစ်မက်ကြားက အမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံရေး၊ အကာအကွယ်ရရှိရေးနဲ့ တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရေးဟာ မနက်ဖြန်မှ လုပ်ရမဲ့ကိစ္စ မဟုတ်ဘဲ ဒီကနေ့ ချက်ချင်းဆောင်ရွက်ရမဲ့ သမိုင်းပေးတာဝန် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ တိတ်ဆိတ်မနေဘဲ အကူအညီတောင်းခံနိုင်ဖို့၊ ကူညီစောင့်ရှောက်ရေး လမ်းကြောင်းတွေ ထိရောက်မြန်ဆန်လာစေဖို့နဲ့ ကျူးလွန်သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရစေဘဲ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်ဖို့ ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။
ဒီနှစ် ၁၆ ရက်တာ လှုပ်ရှားမှုကို “စစ်မက်ကြားက အမျိုးသမီးများ လုံခြုံမှုနဲ့ ကာကွယ်ပေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပြီး မြေပြင်လှုပ်ရှားမှုတွေ၊ အွန်လိုင်းကတဆင့် နေ့စဉ် အသိပညာပေးတာတွေ၊ ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေရဲ့ သတင်းစကား မျှဝေတာတွေအပြင် လူငယ်တွေ ပါဝင်ဖန်တီးတဲ့ အွန်လိုင်း ရုပ်သံတို ပြိုင်ပွဲတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ်က ဒိုမီနီကန်သမ္မတနိုင်ငံမှာ အာဏာရှင်စနစ်ကို တွန်းလှန်ရင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ မီရာဘယ် ညီအစ်မ ၃ ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ လှုပ်ရှားမှုကို ကမ္ဘာတဝန်းမှာ နှစ်စဉ် ကျင်းပနေတာဖြစ်ပြီး အမျိုးသမီးတွေ ဘေးကင်းလုံခြုံရေးနဲ့ တရားမျှတမှုအတွက် ၃၆၅ ရက်လုံး ဆက်လက် လက်တွဲ ချီတက်သွားကြဖို့ IEC က တိုက်တွန်းထားပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းစာရင်းတွေအရ ကရင်နီပြည်နယ်မှာ စစ်ရှောင်ဦးရေ ၂၇၀,၀၀၀ လောက်ရှိနေပြီး အဲဒီထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မောရစ်











