Home
ဆောင်းပါး
ရေကျောက်နဲ့ မျောက်ကျောက် မတူပါဘူး
DVB
·
June 8, 2022
Health article
Health-article03
Health-article02

အခုတလော ကမ္ဘာ့နိုင်ငံ တော်တောများများမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ ရှိနေပါတယ်။ ဒီမျောက်ကျောက်ရောဂါဆိုတာက ရေကျောက်လိုပဲ အရေပြားမှာ အဖုအပိမ့်လေးတွေထွက်တာ ဖြစ်တာကြောင့် မျောက်ကျောက်ကို ရေကျောက်နဲ့ အတူတူပဲလို့ ထင်နေတာမျိုးတွေ ရှိနေနိုင်ပါတယ်။ တကယ်ကတော့ ရေကျောက်နဲ့ မျောက်ကျောက် မတူပါဘူး။ ဘယ်လိုမတူတာလဲ၊ သူတို့ ၂ ခုကြားက ကွာခြားချက်တွေက ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။

ရေကျောက်နဲ့ မျောက်ကျောက် မတူပါဘူး။

ကျောက်ပါတာခြင်း၊ အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ၊ အနာစက်လေးတွေ ဖြစ်တာခြင်း တူပေမဲဲ့ ရေကျောက်နဲ့ မျောက်ကျောက် မတူပါဘူး။ ဘာတွေများ ကွာခြားလဲဆိုတော့…

ရေကျောက်ဆိုတာ

ရေကျောက်ဆိုတာက ကလေးတွေမှာ တော်တော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတရပ်ပါ။ ရေကျောက်က ရေယုန်ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ အသက် ၁၂ နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ရေကျောက် လက္ခဏာတွေ

လက္ခဏာတွေအနေနဲ့ကတော့ ရေကျောက်ဖြစ်တဲ့အခါ

စဖြစ်ကာစမှာ

အဖျားရှိမယ်
ခေါင်းကိုက်မယ်
လည်ချောင်းနာမယ်
ဗိုက်အောင့်မယ် စတဲ့လက္ခဏာတွေက ရက်အနည်းငယ်ကြာဖြစ်ပါလိမ့်မယ်။

ဒီလိုကနေ တဖြည်းဖြည်း ကိုယ်အပူချိန်က ၁၀၁ ဒီဂရီဖာရင်ဟိုက်ကနေ ၁၀၂ ဒီဂရီဖာရင်ဟိုက် ရှိလာပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ ဗိုက်၊ ရင်ဘတ်နဲ့ မျက်နှာတို့မှာ ယားယံတဲ့ အနီရောင် အဖုအပိမ့်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေ ခန္ဓာကိုယ် နေရာအနှံ့ကို ပြန့်သွားပါလိမ့်မယ်။ ဦးရေပြား၊ ပါးစပ်အတွင်းပိုင်း၊ လက်မောင်း၊ ခြေထောက်တွေနဲ့ ခန္ဓာကိုယ်အနှံ့ကိုပေါ့။

အဖုအပိမ့်တွေဟာ စဖြစ်ကာစမှာ အနီရောင်အဖုသေးသေးလေးတွေဖြစ်ပြီး ဝက်ခြံ ဒါမှမဟုတ် အင်းဆက်ကိုက်ခံရတဲ့ အရာလေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီလိုအခြေအနေနဲ့ ၂ ရက်ကနေ ၄ ရက်လောက်အထိ ကြာနိုင်ပါတယ်။ ဒီလိုကနေမှ အရည်ကြည်ဖုလေး စဖြစ်လာပါလိမ့်မယ်။

ဒီအရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါမှာ အနာလေးတွေလို စဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေ အနာတွေဖြစ်လာပြီး ခြောက်သွားတဲ့အခါ အညိုရောင် အနာဖေးတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ ရေကျောက်က ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရပါတယ်။

ရေကျောက်ကူးစက်မှု

ရေကျောက်က ကူးစက်တတ်ပါတယ်။ ကူးစက်ခံရပြီးတဲ့နောက် ၂ ပတ်လောက်ကြာမှ ရောဂါလက္ခဏာ စပြလေ့ရှိတာပါ။

ရောဂါပိုးကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးတာကနေတဆင့် လေထဲမှာပါလာတဲ့ droplets တွေကနေတဆင့် ကူးစက်တတ်ပါတယ်။
ချွဲတွေ၊ သွားရည်နဲ့ အရည်ကြည်ဖုလေးတွေကနေ ထွက်လာတဲ့ အရည်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။
ရေကျောက်ကူးစက်နိုင်ခြေ အများဆုံး အခြေအနေက အနီရောင် အဖုအပိမ့်လေးတွေကနေ အရည်ကြည်ဖုလေးတွေ ဖြစ်မလာခင် ၂ ရက်လောက် အလိုမှာပါ။ ကာကွယ်ဆေး မထိုးထားသူတွေဆီကိုသာ ကူးစက်တာဖြစ်ပြီး ကာကွယ်ဆေးထိုးထားသူတွေကိုတော့ မကူးစက်နိုင်ပါဘူး။

ရေကျောက်က ကူးစက်လွယ်တာကြောင့် ရေကျောက်ဖြစ်နေချိန်မှာ သီးခြားနေတာက အကောင်းဆုံး ကာကွယ်နည်းပါ။ အရည်ကြည်ဖုတွေ အားလုံးခြောက်သွားပြီး တပတ်လောက်ကြာမှ အခြားသူတွေနဲ့ ထိတွေ့မှု လုပ်သင့်ပါတယ်။

မျောက်ကျောက်ဆိုတာ

မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတမျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတမျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင်ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ်မျိုးစု ဖြစ်ပါတယ်။ Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက်ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။

မျောက်ကျောက်ရောဂါကို 1958 ခုနှစ်က သုတေသနလုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။

မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ [Democratic Republic of the Congo (DRC) ] မှာ လူတွေမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။

မျောက်ကျောက် လက္ခဏာတွေ

လူသားတွေမှာ ခံစားရတဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေက ကျောက်ကြီးရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ကျောက်ကြီးရောဂါလောက်တော့ မပြင်းထန်ပါဘူး။ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ရောဂါကူးစက်ခံရပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်သလို ရောဂါကူးစက်ခံရပြီး ၅ ရက်ကနေ ၂၁ ရက်အတွင်းမှာ လက္ခဏာပြတာမျိုးလည်း ရှိပါတယ်။

မျောက်ကျောက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အစောပိုင်း ကာလမှာ

ဖျားတာ
ခေါင်းကိုက်တာ
နောက်ကျောတွေ ခါးတွေ နာတာ
ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ
ချမ်းတုန်တာ
ခြေကုန်လက်ပမ်းကျတာ၊ မောပန်းလွယ်တာတွေ ခံစားရနိုင်ပါတယ်။

အဖျားဝင်ပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ

အဖျားဆက်ရှိနေတာနဲ့အတူ အဖုအပိမ့်တွေ ထွက်လာမှာပါ။ မျက်နှာမှာ စထွက်တတ်ပြီး ဒီကနေမှ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေဆီ ပြန့်သွားပါတယ်။

ဒီလို အဖုအပိမ့်တွေ ထွက်လာပြီးတဲ့ နောက်မှာတော့ နောက်ထပ်အဆင့်တွေအနေနဲ့

အသားအရေ အရောင်ပြောင်းတာ
အနာစက်တွေ ထွက်လာတာ
အရည်ကြည်ဖုတွေ ထွက်လာတာ
ပြည်တည်နာလို ပြည်ဖုလေးတွေ ဖြစ်လာတာ
အနာတွေ ဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီ မျောက်ကျောက်ရောဂါကို သီတင်းပတ် ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ခံစားရနိုင်ပါတယ်။ ၄ ပတ်လောက်အကြာမှာ ပြန်သက်သာသွားတာမျိုး ရှိပါတယ်။ အာဖရိကမှာတော့ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးလောက် သေဆုံးတာမျိုး ရှိပါတယ်။

ကျောက်ကြီးကာကွယ်ဆေးက ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။

မျောက်ကျောက် ကူးစက်မှု

မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတမျိုးပါ။ လူအချင်းချင်း ကူးစက်နိုင်သလို တိရစ္ဆာန်ဆီကနေလည်း လူဆီကို ကူးစက်နိုင်ပါတယ်။

ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်၊ လူတွေနဲ့ ထိတွေ့တာ
ရောဂါပိုး ပေကျံနေတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ကိုင်တွယ်ထိတွေ့မိတာ
အရေပြား ပေါက်ပြဲတဲ့နေရာတွေကနေတဆင့် သွေး၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ ဝင်ရောက်ပြီး ကူးစက်တာ
ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်တွေ အသက်ရှူလမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကနေ ဝင်ရောက်တာကြောင့် ကူးစက်တာ
ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ကိုက်ခံရတာ
အနာထဲကို ရောဂါပိုးရှိတဲ့ သွေး၊ ခန္ဓာကိုယ်က အရည်တမျိုးမျိုး ဝင်ရောက်တာ
ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ကုတ်ခံရတာ
ရောဂါပိုးရှိတဲ့ တိရစ္ဆာန်အသားကို စားမိတာ
ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကို နမ်းရှုပ်တာ
အရည်ကြည်ဖုက အရည်တွေ ပြည်တွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့မိတာ
ရောဂါပိုးရှိသူနဲ့ အချိန်အတော်ကြာ နီးနီးကပ်ကပ် ထိတွေ့မိတာ
ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်၊ အိပ်ရာခင်း စတာတွေကို အသုံးပြုမိတာ
ရောဂါပိုး ကူးစက်ခံထားရသူနဲ့ အတူနေမိတာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။

ရေကျောက်နဲ့ မျောက်ကျောက် မတူကွဲပြားချက်များ

ရေကျောက်

ကာကွယ်ဆေးရှိတယ်။
ရေယုန်ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာဖြစ်တယ်။
ရေကျောက်ကာကွယ်ဆေး ထိုးထားသူတွေမှာ မဖြစ်ဘူး။
အဖုအပိမ့်တွေက ရင်ဘတ်၊ ကျော စတာတွေမှာ စပေါက်တယ်။
အနီရောင် အဖုအပိမ့်လေးတွေကနေ အရည်ကြည်ဖုလေးတွေ ဖြစ်မလာခင် ၂ ရက်လောက်အလိုမှာ အကူးအများဆုံးဖြစ်တယ်။
ချွဲတွေ၊ သွားရည်နဲ့ အရည်ကြည်ဖုလေးတွေကနေ ထွက်လာတဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်တယ်။
ကလေး၊ လူကြီးမရွေး ဖြစ်နိုင်ပေမယ့် ၁၂ နှစ်အောက် ကလေးတွေမှာ အဖြစ်များတယ်။

မျောက်ကျောက်

ကာကွယ်ဆေး မရှိသေးပါဘူး။ ကျောက်ကြီးကာကွယ်ဆေးက ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။
ဖြစ်ခဲတဲ့ ရောဂါတမျိုးပါ။
မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ်မျိုးရင်းဝင်ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ်မျိုးစု ဖြစ်ပါတယ်။
မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးလောက် သေဆုံးတာမျိုး ရှိပါတယ်။
လူအချင်းချင်း ကူးစက်နိုင်သလို တိရစ္ဆာန်ဆီကနေလည်း လူဆီကို ကူးစက်နိုင်ပါတယ်။
မျက်နှာမှာ စထွက်တတ်ပြီး ဒီကနေမှ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေဆီ ပြန့်သွားပါတယ်။
ရောဂါပိုး ပေကျံနေတဲ့အရာတွေ၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ နှချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်တွေကနေတဆင့် ကူးစက်ပါတယ်။

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ပြန်လည်ဖော်ပြပါသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024