DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တပ်ကြောင့် ရခိုင်ရေလုပ်ငန်း ရပ်တည်ရန် ခက်ခဲလာ
DVB
·
October 24, 2026
Photo : AA
Photo : AA
Donate to DVB

ရခိုင်ပြည်နယ်မှာ ရေလုပ်ငန်းလုပ်ကိုင်သူတွေဟာ ငါးပုစွန်ရောင်းချမဲ့နေရာ မရှိတာနဲ့ စစ်အာဏာရှင် ရေတပ်ရဲ့ အဟန့်အတားတွေကြောင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်နိုင်ဖို့ရာ ပိုခက်ခဲလာတယ်လို့ ပေါက်တောမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်သူတယောက်က ပြောပါတယ်။

“အလုပ်ကတော့ အဆင်မပြေတာများတယ်။ Navy တမျိုး ကြောက်ရတယ်။ အရင်လို ငါးရောင်းမဲ့ နေရာတွေလည်း မရှိဘူး။ မြောက်ပိုင်းက မြို့နယ် တခု နှစ်ခုလောက်ကိုပဲ အကုန်စုပြုံ‌ ရောင်းနေ ကြရတယ်။ အရင်ကဆို စစ်တွေတို့ ရန်ကုန်ကနေတဆင့် တရုတ်ဘက်တို့ကို တင်ပို့နိုင်တော့ ရရင် ရသလောက် ရောင်းထွက်တယ်။ ဈေးလည်းရတယ်။ ခုက‌ ဒေသခံတွေသက်သက်နဲ့ ရောင်းမကုန် သလို ဈေးလည်းမရဘူး။”

လက်ရှိမှာ ရေလုပ်ငန်းလုပ်ကိုင်သူတယောက်ဟာ ငါးဖမ်းထွက်ရင် တပတ်ကို ကျပ် သိန်း ၅၀ ကနေ ၇၀ ကြား ကုန်ကျစရိတ်ရှိပြီး ငါးရောင်းချရနှုန်းဟာ အဲဒီကုန်ကျစရိတ်ကို ကာမိတာ နည်းလာပြီး အရှုံးပေါ်တာတွေ များလာတယ်လို့ ရေလုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ရခိုင်မှာ ကဏန်း၊ ပုစွန် မွေးမြူရေး လုပ်ငန်းတွေဟာလည်း ဒီနှစ်ပိုင်းတွေအတွင်း လုပ်ငန်း ပုံမှန် လည်ပတ်နိုင်ဖို့ ပိုခက်ခဲလာတယ်လို့ မြေပုံမြို့နယ်မှ ဂဏန်း-ပုစွန် ရောင်းဝယ်ရေး လုပ်ကိုင်ခဲ့သူ တယောက်က ပြောပါတယ်။

“ဈေးကွက်ကတော့ လမ်းတွေ ပိတ်ခံရကတည်းက မရှိတာပါပဲ။ ဒါပေမဲ့ ၂၀၂၃-၂၄ လောက်မှာ ဘင်္ဂလားဘက်ကို တင်ပို့လို့ ရခဲ့‌သေးတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့လေ။ ဒီလိုရတော့ နည်းနည်းအဆင်‌ပြေခဲ့တယ်။ ဒီနှစ်ပိုင်းထဲတွေကျတော့ ဘယ်ကိုမှမရ‌တော့ ကျနော်လည်း အလုပ်နား ထားတယ်။ မွေးမြူရေးလုပ်သူတွေကတော့ ဒေသထဲမှာပဲ ရောင်းကြရတယ်။ ဈေးကတော့ မရဘူး။ အဆင်မပြေလို့ လုပ်ငန်းရပ်ကြတဲ့သူတွေတောင် ရှိလာတယ်။”

ရခိုင်ပြည်နယ်မှာ ရေလုပ်ငန်းကို ပေါက်တော၊ မြေပုံ၊ စစ်တွေ၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေမှာ အဓိကလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

လက်ရှိ‌ ဒေသတွင်း ပဋိပက္ခတွေကြားမှာတော့ ကုန်စည်‌လမ်း‌ကြောင်းတွေ ပိတ်ဆို့ခံထားရတာ ကြောင့် ငါးပုစွန်ဈေးကွက်မရှိ ဖြစ်နေသလို အဆိုပါမြို့နယ်တွေဘက်မှာ စစ်အာဏာရှင်တပ်‌ ရေယာဉ်ကနေ ငါးဖမ်းလှေတွေကို ပစ်ခတ်တာ၊ ငါးဖမ်းသမားတွေကို ဖမ်းဆီးတာနဲ့ ထောင်ချတာ တွေ လုပ်နေတာကြောင့် ရေလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့အတွက် လုံခြုံရေး စိန်ခေါ်ချက်တွေ ကိုလည်း ရေလုပ်သားတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013