
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို သက်သေပြမယ့် "Testimonies From Beyond" လို့ အမည်ပေးထားတဲ့ ပြပွဲနဲ့ ဆွေးနွေးပွဲကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့က Nynorskens Hus (နီးနော်စကန်ဟုစ်) မှာ မတ် ၂၆ ရက်နေ့ကနေ ၃၀ ရက်အထိ ကျင်းပနေပါတယ်။
အခုပွဲကို Myanmar (CRPH) Support Group - Norway ကနေ ဦးစီးကျင်းပတာဖြစ်ပြီး ဒီပြပွဲမှာ အဓိကအားဖြင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာနဲ့ ဒီပဲယင်း အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုက သက်သေခံပစ္စည်းတွေကို ပြသထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရသူတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ပစ်သတ်ခံရသူတွေရဲ့ နောက်ဆုံးအသုံးအဆောင် ပစ္စည်းတွေကိုပါ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေနဲ့အတူ ပြသထားပါတယ်။
ဒီလိုပြသရတာဟာ ထိတ်လန့်စရာတွေ ပြဖို့ထက် လူသားတွေရဲ့ ဂုဏ်သိက္ခာကို အမှတ်ရစေဖို့ ဖြစ်သလို၊ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို နိုင်ငံတကာက ပိုသိလာစေဖို့နဲ့ စစ်ကောင်စီရဲ့ အတုအယောင် အစိုးရပုံရိပ်ကို ကမ္ဘာက ရှင်းရှင်းလင်းလင်း သိမြင်စေဖို့ ရည်ရွယ်တာလို့ ပွဲစီစဉ်သူဖြစ်တဲ့ Myanmar (CRPH) Support Group - Norway က အထွေထွေအတွင်းရေးမှူး မဝတ်မှုံဝင်းက ပြောပါတယ်။။
ဒါ့အပြင် ၅ နှစ်တာကာလအတွင်း ပင်ပန်းနွမ်းနယ်နေတဲ့ ပြည်သူတွေကို ခွန်အားပြန်ဖြည့်ပေးဖို့ကိုလည်း ရည်ရွယ်ထားတာလို့ ဆိုပါတယ်။
အထူးအစီအစဉ်အနေနဲ့ မတ် ၂၈ ရက်နေ့မှာ သီးသန့်ဆွေးနွေးပွဲ (Seminar) တခု ပြုလုပ်ခဲ့ပြီး အဲဒီမှာ “ယနေ့မြန်မာပြည်” မှတ်တမ်းရုပ်ရှင် ပြသခဲ့ပါတယ်။
ဒါ့အပြင် Myanmar (CRPH) Support Group - Norway နဲ့ နော်ဝေနိုင်ငံက အဖွဲ့အစည်းတွေပါဝင်တဲ့ စကားဝိုင်း ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။










