
ရခိုင်ပြည်နယ် အဥ္ဇနပူရ(မင်းပြား)ခရိုင်မှာ ခိုးခံခဲ့ရတဲ့ စက်လှေတွေကို ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပိုင်ရှင်တွေရဲ့လက်ကို အခုရက်ပိုင်းအတွင်းမှာ အပ်နှံခဲ့တယ်လို့ ဒီလပ်နဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။
အဥ္ဇနပူရ(မင်းပြား)ခရိုင်မှာ သူခိုးတွေဆီက ဖမ်းဆီးရထားတဲ့ စက်လှေ ၄၁ စီးကို ဇွန်လ နောက်ဆုံး အပတ်ကတည်းက ပိုင်ရှင်မှန်တွေဆီ အပ်နှံပေးနေတာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်ကလည်း စက်လှေ ၉ စီးကို စက်လှေပိုင်ရှင်တွေဆီ ပြန်လည်အပ်နှံလိုက်တယ်လို့ ဒီလပ်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“အဥ္ဇနပူရခရိုင်ထဲ ခိုးရာပါ စက်လှေ ၄၀ ကျော်ကို ဖမ်းဆီးရမိထားတာ ရှိတယ်။ အဲဒီစက်လှေတွေကို မူလပိုင်ရှင်တွေက အချက်အလက် မှန်မှန်ကန်ကန်နဲ့ တင်ပြနိုင်ရင် သေချာစစ်ဆေးပြီးတော့ ပြန်လည် လွှဲပြောင်းပေးနေပါတယ်။ ကျန်နေသေးတဲ့ စက်လှေတွေကိုလည်း အချက်အလက် အပြည့်အစုံနဲ့ မူလပိုင်ရှင်တွေက တင်ပြနိုင်ရင် ပြန်လည် လွှဲပြောင်းပေးသွားမှာပါ။”
အဥ္ဇနပူရ(မင်းပြား) ခရိုင်မှာ အဥ္ဇနပူရမြို့နဲ့ မြေပုံမြို့နယ်တို့ ပါဝင်ပြီး ရေလုပ်ငန်းနဲ့ ရေလမ်းခရီးကို အဓိက အသုံးပြုကြရတဲ့ မြို့နယ်တွေလည်း ဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ရေလမ်းခရီးနဲ့ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ဒေသဖြစ်လို့ စက်လှေတွေ၊ မော်တော်ဘုတ်တွေကို အဓိက အသုံးများကြတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ သူခိုးတွေဆီက ဖမ်းဆီးရမိထားတဲ့ ဆိုင်ကယ်တွေ၊ စက်လှေတွေကို ဒီလပ်တပ်ဖွဲ့ က ဖမ်းဆီးပြီး မူလပိုင်ရှင်တွေဆီကို အထောက်အထား သေချာစိစစ်ပြီး ပြန်လည်အပ်နှံမှုတွေ ဆက်တိုက်ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။
ပျောက်ဆုံးသွားတဲ့ စက်လှေတွေကို ဒီလပ်ဘက်က ဖမ်းဆီးပြီး ပြန်လည်အပ်နှံတာဟာ တံငါလုပ်ငန်း လုပ်နေကြတဲ့သူတွေအတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ အဥ္ဇနပူရမြို့နယ် ဒေသခံ တယောက်က ပြောပါတယ်။
“စက်လှေဆိုတာ ကျနော်တို့ဘက်မှာက လူတန်းစား အားလုံးအတွက် မရှိမဖြစ်အရာ ဖြစ်တယ်။ ငွေကြေးတတ်နိုင်သူတွေမှာလည်း သွားလာကြဖို့ လိုအပ်သလို မရှိဆင်းရဲသားတွေမှာလည်း လုပ်ကိုင်ရှာဖွေစားသောက်ဖို့ ထမင်းအိုးပဲ။ ခိုးခံရတဲ့အထဲ တံငါအလုပ်လုပ်နေကြတဲ့ သူတွေမှာလည်း စက်လှေတွေ ပျောက်ကြတာရှိတယ်။ အခု ဒီလပ်ဘက်က မူလပိုင်ရှင်တွေဆီကို ပြန်လည်ပေးအပ်တော့ တံငါလုပ်ငန်း လုပ်ကိုင်ကြသူတွေအတွက် လုပ်ကိုင်စားသောက်ဖို့ အများကြီး အထောက်အကူ ဖြစ်သွားတာပေါ့။ ဒီကာလမှာ စက်လှေတစင်း အသစ်ဝယ်ကြဖို့ ဆိုတာကလည်း မရှိဆင်းရဲကြတဲ့ သူတွေအတွက်ဆို မလွယ်ဘူး။”
ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ခိုးမှုတွေနဲ့ ဒုစရိုက်မှုတွေ မြင့်တက်လာနေတာကြောင့် တချို့မြို့နယ်တွေမှာ ညမထွက်ရအမိန့်ထုတ်ပြီး သူခိုးတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေကြရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း အဥ္ဇနပူရခရိုင်၊ တောင်ကုတ်ခရိုင်နဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ ခိုးရာပါ ပစ္စည်းတွေကို ဖမ်းဆီးပြီး အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (ဒီလပ်) ရဲတပ်ဖွဲ့က မူလပိုင်ရှင်တွေဆီကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။











