
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်ဖြူနဲ့ အဉ္စနပူရ(မင်းပြား)မြို့နယ်တို့ကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပြီး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အမ်းမြို့နယ်၊ ဒါးလက်ချောင်းကို စက်တင်ဘာ ၂၇ ရက် ဒီမနက် ၇ နာရီကျော်မှာ ဂျက်ဖိုက်တာ ၂ စင်း၊ Y12 တစင်းတို့နဲ့ ဗုံးကြဲသွားပါတယ်။
ဒေသခံတယောက်က “ဒါးလက်ချောင်း ဒီကနေ့မနက် ၇ နာရီကျော်မှာ ဗုံးကြဲသွားတာ ကနဦး သိရတာက ထိခိုက်မှု သေဆုံးမှု ရှိနိုင်တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။
အခုလိုလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို သက်ဆိုင်ရာဆီကို မေးမြန်းနေဆဲဖြစ်ပါတယ်။
အလားတူ အဉ္စနပူရ(မင်းပြား)မြို့ကို ဒီနေ့ မနက်အစောပိုင်း ၁၂ နာရီကျော်အချိန်တွင် Y12 လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် စျေးဟောင်းပိုင်းကို ကျရောက်ပေါက်ကွဲပြီး ပြည်သူတယောက်ထိခိုက်၊ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “တယောက်တော့ ထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေလည်းပျက်စီးသွားတယ်။ ဒီလောက်လူအိပ်ချိန်မှာ ဗုံးလာကြဲတာ၊ တကယ့်လူယုတ်မာလုပ်ရပ်ပါ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်၊ ညနေ ၄ နာရီလောက်ကလည်း ကျောက်ဖြူမြို့နယ်၊ မင်းကြောင်းတံတားကို အသေခံ ဒရုန်း ၃ စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တံတားပြိုပျက်သွားတာရှိတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောဆိုပါတယ်။
“ဒရုန်းတစင်းက တံတားပေါင်နားကိုကျတယ်။ ထိခိုက်ပျက်စီးသွားတာရှိတယ်။ နောက်ပြီး ကျန်တစင်းက တံတားအောက်ကျသွားတယ်။ အောက်မှာပေါက်ကွဲတယ်။ နောက်တစင်းက တံတားရင်းကို ကျတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ၄၉၂၆ စစ်ဆင်ရေးဆိုပြီး AA ထိန်းချုပ်နေရာတွေကို ဒီလအတွင်း ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။










