
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှာ ၂၀၂၅ ခုနှစ် မေလအတွင်းက ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်းသူ တရားခံကို မင်းပြားခရိုင်တရားရုံးက အောက်တိုဘာ ၉ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်တယ်လို့ ဖားပြိုကျေးရွာသားတယောက်က ပြောပါတယ်။
၂၀၂၅ ခု မေ ၆ ရက်က မင်းပြား-မြေပုံ လမ်းပိုင်းရှိ ဖားပြိုကျေးရွာမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တယောက်ကို ကျေးရွာသား အမျိုးသားတယောက်က လူသတ်၊ မုဒိမ်းမှု ကျူးလွန်ခဲ့တာ ဖြစ်ပြီး၊ ပြစ်မှုထင်ရှားတာကြောင့် ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်တာလို့ ကျေးရွာသား အမျိုးသားတယောက်က ပြောပါတယ်။
“တရားခံကို ပြစ်မှုမြောက်တာကြောင့် သေဒဏ်ချမှတ်လိုက်တယ်။ နစ်နာသူ မိသားစုဝင်တွေကတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံရတာကြောင့် ကျေနပ်မှုရှိကြတယ်။ ဒီလို လူမဆန်တဲ့ ပြစ်မှုအတွက် သေဒဏ်က ညီမျှတယ်။ နောက်ထပ် ရခိုင်ပြည်အတွင်းက မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေနဲ့ လူသတ်မှုတွေကို သက်ညှာမှုမရှိဘဲ တရားအတိုင်း ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်။”
လူသတ်၊ သက်ငယ်မုဒိမ်းမှုကြောင့် သေဒဏ်ကျခံရသူဟာ ဖားပြိုကျေးရွာက အသက် ၃၈ နှစ်အရွယ် ကိုမောင်လှသန်း ဖြစ်ပြီး အခင်းဖြစ်တဲ့နေ့မှာပဲ ကလေးငယ်ရဲ့ ရုပ်လောင်းကို သစ်ပင်ပေါ်မှာ ကြိုးတွဲပြီး ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ လူသတ်၊ သက်ငယ်မုဒိမ်းမှုမှာ သံသယတရားခံအဖြစ် လူ ၈ ယောက်ကို စစ်ဆေးခဲ့တာဖြစ်ပြီး ကျူးလွန်းသူ တရားခံ အပြစ်ရှိ ထင်ရှားကြောင့် တွေ့ရှိပြီးနောက် ကျန် ၇ ယောက်ကို ဒီလပ်တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာက အမျိုးသမီးငယ် လူသတ်၊ မုဒိမ်းကျင့်ခံရပြီးနောက် အဓိက တရားခံကိုလည်း စစ်တွေခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ပြီးနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) လက်ထက်မှာ ဒုတိယမြောက် သေဒဏ်ပေးခံရတဲ့ မုဒိမ်းမှု တရားခံလည်းဖြစ်လာပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခပြည်သူ တော်လှန်ရေးအစိုးရက ဩဂုတ်လကစတင်ပြီး သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုနဲ့ လူသတ်မှုတို့လို ရာဇဝတ်မှုတွေအတွက် အချိန်ကြန့်ကြာမှု မရှိစေဖို့အတွက် အထူးတရားရုံးဖွဲ့စည်းပြီး စစ်ဆေးနေတာတွေရှိတယ်လို့ ULA က အသိပေးထားပါတယ်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်းပြီး၊ လူသတ်တဲ့ ရာဇဝတ်တရားခံတယောက်ကို သေဒဏ်ပေးတာက မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး လူအဖွဲ့အစည်းအတွက် အန္တရာယ်များတဲ့ လူတယောက် လျော့ကျသွားတာလို့ မင်းပြားမြို့ခံ အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“ကလေးငယ်တဦးကို ရက်စက်စွာ အဓမ္မပြုကျင့်ပြီး၊ လူသတ်မှု ကျူးလွန်တဲ့ တရားခံတဦးအတွက် ပြစ်ဒဏ်က မျှတတယ်လို့ မြင်တယ်။ လူအဖွဲ့အစည်းအတွက် အန္တရာယ်များတဲ့ လူတွေကို ထမင်းကျွေးထားတာထက် သူနဲ့ ထိုက်တဲ့ ပြစ်ဒဏ်ကို သူခံရတာဖြစ်တယ်။ ဒီလို ရာဇဝတ်တရားခံတွေကို ဥပဒေအရ ပြင်းထန်တဲ့ အပြစ်တွေပေးပြီး နောက်ထပ် ရာဇဝတ်မှုတွေကို ပပျောက်စေချင်တာ။ ဒီလိုမှ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ လုံခြုံမှုက ပိုရှိလာမှာ။”
ဖားပြိုကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုမှာ ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်လျှော့ လွတ်ငြိမ်းခွင့်မပေးဘဲ ဥပဒေအောက်မှာ အကြီးမားဆုံးသော ပြစ်ဒဏ်ကို ချမှတ်ပေးဖို့ ရခိုင်ပြည်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၂ ခုက ၂၀၂၅ ခုနှစ် မေ ၁၁ ရက်မှာ ပူးတွဲထုတ်ပြန် တောင်းဆိုခဲ့မှုတွေလည်း ရှိခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် မြို့တွေကို စတင်ထိန်းချုပ်တဲ့ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုနဲ့ မုဒိမ်းကျင့် လူသတ်မှုတွေဟာ အနည်းဆုံး ၁၇ ကြိမ်ထက်မနည်းရှိပြီး အချို့အမှုတွေက တရားခံတွေဟာ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော် တော်လှန်ရေးအစိုးရက မုဒိမ်းမှု၊ ရာဇဝတ်မှု တရားခံတွေအနေနဲ့ ဘယ်သူမှ လွတ်မြောက်မှု မရှိစေရအောင် ဆောင်ရွက်နေတယ်လို့ စက်တင်ဘာလအတွင်းက ပြောထားပါတယ်။











