
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကောင်းမှုစဉ်ကျေးရွာ အနီးမှာ အမျိုးသမီးငယ် ၂ ယောက် အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်လို့ PNO/PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့ အနေနဲ့ တာဝန်ယူ တာဝန်ခံကာ အမှုမှန် ဖော်ထုတ်ပေးဖို့ ပအိုဝ်းအဖွဲ့အစည်း ၃ ဖွဲ့က ပူးတွဲ ထုတ်ပြန် တောင်းဆိုပါတယ်။
အောက်တိုဘာ ၂၆ ရက်က နန်းဟောင်းကျေးရွာအုပ်စု၊ ကောင်းမှုစဉ်ကျေးရွာ မြောက်ဘက် လယ်ကွင်းအနီးမှာ အသက် ၁၉ နှစ်အရွယ် နန်းအေးပေါနဲ့ အသက် ၁၅ နှစ်အရွယ် နန်းဟွမ်နွိုး တို့ရဲ့ ရုပ်အလောင်းတွေကို သေနတ်ဒဏ်ရာတွေနဲ့အတူ တွေ့ရှိခဲ့ရတာပါ။
သေဆုံးသူ နန်းအေးပေါမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတဲ့ အခြေအနေ တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ ဖြစ်စဉ်ကို ကျူးလွန်သူမှာ PNA ပြည်သူ့စစ် တပ်ဖွဲ့ဝင် ခွန်ကျော်သူရမင်း ဖြစ်ကြောင်း PNO ဘက်က ထုတ်ပြန်ထားပြီး၊ PNO ဗျူဟာ (၆) မှ လိုက်လံ ရှာဖွေကာ အောက်တိုဘာလ ၂၆ ရက် ညပိုင်းမှာပဲ အဆိုပါ ပြစ်မှုကျူးလွန်သူကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပစ်သတ်ခံရသူဟာ တကယ် ပြစ်မှုကျူးလွန်သူ ဟုတ်၊ မဟုတ်နဲ့ အဆိုပါ ဖြစ်စဉ်မှာ တခြား ပါဝင်ပတ်သက်သူတွေ ရှိ၊ မရှိကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို၊ သတင်းအချက်အလက်တွေ မီဒီယာသို့ ဖြေကြားခြင်းမပြုဖို့ ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ပအိုဝ်းအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
ပအိုဝ်းအမျိုးသမီး သမဂ္ဂ (Pa-O Women’s Union)၊ ပအိုဝ်းလူငယ် အစည်းအရုံး (Pa-O Youth Organization) နဲ့တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ (DEMO) တို့က ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ကြေညာချက်မှာတော့ အမှုမှန် ပေါ်ပေါက်ရေး၊ ကျန်ရစ်သူ မိသားစုရဲ့ လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ရေး၊ ပြစ်မှု ကျူးလွန်သူတွေအပြင် ကွပ်ကဲသူတွေကိုပါ ထိရောက်စွာ အရေးယူရေးနဲ့ PNO/PNA ခေါင်းဆောင်တွေအနေနဲ့ အလားတူ ထပ်မဖြစ်စေဖို့ တာဝန်ယူ တာဝန်ခံရေးတို့ကို အဓိက တောင်းဆိုထားကြပါတယ်။











