
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲတော်အတွင်း လူအုပ်တွေ ကြိတ်ကြိတ်တိုးနေတာကြောင့် ကလေးငယ်တွေ အပါအဝင် ပွဲလာသူတချို့ မူးလဲတာတွေ ရှိနေသလို ဈေးသည်တွေနဲ့ ပွဲလာသူတွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ပွဲတော်အတွင်း လာရောက်ကြည့်ရှုသူတွေ များပြားနေပေမဲ့ ပွဲကြည့်ဖို့ နေရာ အလုံအလောက် မရှိတာကြောင့် ညနေပိုင်းမှာ လူအုပ်ပိုပြီး ကျပ်တည်းလာတယ်လို့ ပွဲလာသူတွေက ပြောပါတယ်။
အထူးသဖြင့် ညနေ ၆ နာရီကနေ ၇ နာရီအတွင်း ပွဲလာသူတွေ တပြိုင်နက်တည်း များပြားလာတာကြောင့် လူအချင်းချင်း တွန်းတိုက်မိတာတွေရှိပြီး ကလေးငယ်တွေ အပါအဝင် တချို့သူတွေ မူးလဲတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူသွားလူလာများတဲ့အချိန်မှာ ဈေးဆိုင်လှည်းတွေကို မတော်တဆ ထိမိတာကနေ ဈေးသည်တွေနဲ့ ပွဲလာသူတွေကြား စကားများရန်ဖြစ်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ တချို့ဖြစ်စဉ်တွေမှာတော့ ဟင်းရည်ပူနဲ့ ပက်တာ၊ ဓားကြီးတွေနဲ့ ရိုက်နှက်တာတွေအထိ ရှိခဲ့တယ်လို့ ပွဲလာသူတယောက်က ပြောပါတယ်။
“ပွဲလာတဲ့သူတွေက အရမ်းများတော့ တယောက်နဲ့တယောက် ဖြတ်သန်းသွားလာဖို့တောင် ခက်ခဲနေတယ်။ လူတွေ ဒီလောက်များလာမယ်ဆိုတာ ကြိုသိနိုင်တဲ့အတွက် ပွဲကြည့်ဖို့နေရာနဲ့ လူသွားလမ်းတွေကို ကြိုတင်စီစဉ်ထားသင့်တယ်။”
တန်ဆောင်တိုင်ပွဲတော်ဟာ နှစ်စဉ် လူစည်ကားတဲ့ပွဲတော်တခုဖြစ်ပြီး အရင်နှစ်တွေကလည်း လူအုပ်ကျပ်တည်းမှုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။
ဒီနှစ်မှာလည်း အလားတူဖြစ်စဉ်တွေ ထပ်မံဖြစ်ပွားနေတာကြောင့် ပွဲတော်စီစဉ်သူတွေရဲ့ လူအုပ်ထိန်းချုပ်ရေးနဲ့ လုံခြုံရေးစီမံခန့်ခွဲမှုအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
ပွဲလာသူတယောက်က “နှစ်တိုင်း လူစည်ကားတဲ့ပွဲဆိုတာ သိထားကြပေမဲ့ လူတွေ ပွဲကြည့်ဖို့နဲ့ သွားလာဖို့ နေရာတွေကို သေချာစီစဉ်ထားတာမျိုး မတွေ့ရဘူး။ လူအုပ်ထဲမှာ တခုခုဖြစ်လာရင် အရေးပေါ်ကူညီဖို့တောင် ခက်ခဲနိုင်တယ်။ ကျနော်တို့က ပွဲလာပြီး ပျော်ပျော်ပါးပါး ကြည့်ချင်ကြတာပါ။ ဒါပေမဲ့ လူအုပ်ကျပ်တာတွေနဲ့ ရန်ဖြစ်တာတွေကြောင့် ပွဲလာရတာတောင် စိတ်မချရဘူး။ လုံခြုံရေးနဲ့ လူအုပ်ထိန်းသိမ်းရေးကို ပိုပြီးဂရုစိုက်ပေးစေချင်တယ်” လို့ပြောပါတယ်။
ပွဲလာသူတွေကတော့ လူအုပ်ကျပ်တည်းမှုကြောင့် မူးလဲတာနဲ့ ခိုက်ရန်ဖြစ်ပွားတာတွေ ထပ်မဖြစ်စေဖို့ ပွဲကြည့်ရှုနိုင်တဲ့နေရာတွေ တိုးချဲ့ပေးဖို့၊ လူသွားလမ်းတွေပေါ်မှာ အတားအဆီး ဖြစ်စေတဲ့ ဆိုင်ခန်းတွေကို စနစ်တကျ နေရာချထားပေးဖို့နဲ့ လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားပေးဖို့ တောင်းဆိုနေကြပါတယ်။











