
ရှမ်းပြည်နယ်၊ တောင်ကြီးနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့တို့မှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့ စံချိန်တင်မိုးရွာခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကစံချိန်ကို ချိုးလိုက်တာလို့ မိုးလေဝသဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
နိုဝင်ဘာလအတွက် မိုးရေချိန်စံချိန်သစ်တွေဖြစ်ပြီး မာန်အောင်မြို့မှာ ဒီနေ့ မိုးရေချိန် ၆ ဒသမ ၃၄ လက်မ ရွာသွန်းတာကြောင့် ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်ကစံချိန်ဖြစ်တဲ့ ၅ ဒသမ ၅၁ လက်မကို ကျော်လွန်ခဲ့ပါတယ်။
တောင်ကြီးမြို့မှာတော့ ၄ ဒသမ ၀၅ လက်မရွာသွန်းခဲ့ပြီး ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်ကစံချိန်ဖြစ်တဲ့ ၃ ဒသမ ၁၅ လက်မကိုချိုးလိုက်တာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ ကရင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန် တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ပြီးတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒေသအလိုက်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးခဲ့တယ်လို့ ဆိုပါတယ်။
မှတ်သားဖွယ်ရာ မိုးရေချိန်တွေကတော့ မာန်အောင်မြို့မှာ ၆ ဒသမ ၃၄ လက်မ၊ ညောင်ရွှေမြို့မှာ ၄ ဒသမ ၂၁ လက်မ၊ တောင်ကြီးမြို့မှာ ၄ ဒသမ ၀၆ လက်မ၊ ပင်လုံမြို့မှာ ၄ လက်မ၊ ကျောက်ဖြူမြို့မှာ ၃ ဒသမ ၈၄ လက်မ၊ နမ့်စန်မြို့မှာ ၃ ဒသမ ၇၀ လက်မ၊ လွိုင်ကော်မြို့မှာ ၃ ဒသမ ၄၅ လက်မ၊ လင်းခေးမြို့မှာ ၃ ဒသမ ၄၀ လက်မ၊ လွိုင်လင်မြို့မှာ ၃ ဒသမ ၃၁ လက်မနဲ့ ပင်လောင်း မြို့မှာ ၃ ဒသမ ၂၃ လက်မတို့ ဖြစ်ကြပါတယ်။
မနက်ဖြန်မနက်အထိကတော့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကျန် တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာဖို့ရာနှုန်းပြည့် ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။











