ပင်လယ်ထွက်ခွင့် ပိတ်ပင်ခံရသဖြင့် မာန်အောင်ရေလုပ်သားများ အခက်တွေ့

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းမှာ စစ်အာဏာရှင်တပ်ရဲ့ ပင်လယ်ထွက်ခွင့် ပိတ်ပင်တားဆီးမှုတွေနဲ့ ပေါ်တာဆွဲ စစ်သားစုဆောင်းမှုတွေကြောင့် ရေလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တော့ဘဲ ဒေသခံ ရေလုပ်သားတွေ စားဝတ်နေရေး အကျပ်အတည်း ကြုံနေရသလို သိန်းရာချီ ရင်းနှီးထားတဲ့ ငါးဖမ်းစက်လှေတွေလည်း ကမ်းပေါ်မှာ ဆွေးမြည့်ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မာန်အောင်ကျွန်း အတိုင်းအတာအနေနဲ့ ကမ်းနားကျေးရွာတွေဟာ ငါးဖမ်းလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် အားထားလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
၂၀၂၂-၂၀၂၃ ခုနှစ်လောက်က အရွယ်အစားနဲ့ အမျိုးအစားပေါ် မူတည်ပြီး ကျပ်သိန်း ၈၀ ကနေ သိန်း ၁၀၀ ဝန်းကျင်အထိ ပေးဝယ်ရင်းနှီးထားရတဲ့ ငါးဖမ်းစက်လှေတွေဟာ အခုအခါ ပင်လယ်ထွက်ခွင့် မရတဲ့အတွက် ကမ်းပေါ်မှာပဲ သောင်တင်နေရတာပါ။
မာန်အောင်ဒေသခံ ရေလုပ်ငန်းရှင်တယောက်က “အခုလောလောဆယ်မှာတော့ အမြတ်ငွေကို ထားလို့ အရင်းတောင် မရနိုင်သေးပါဘူး။ ပင်လယ်ထွက်မှ အလုပ်သမားတွေကိုလည်း ပိုက်ဆံပေးနိုင်တာပါ။ အခုလို ရပ်ထားလိုက်ရတဲ့အတွက် လုပ်ငန်းရှင်တွေမှာ အခက်အခဲက အများကြီးပါ။ စက်လှေတခုတည်း မဟုတ်ဘဲ အဲဒီစက်လှေမှာ သုံးတဲ့ ငါးဖမ်းပစ္စည်းတွေ၊ ပိုက်တွေက မသုံးတာကြာတဲ့အခါ ဆွေးမြည့်တတ်တော့ ဆုံးရှုံးမှုက အများကြီးပါ” လို့ ပြောပါတယ်။
သာမန်ပြည်သူတွေကို ပင်လယ်ပြင် ငါးဖမ်းခွင့် ပိတ်ပင်ထားပေမဲ့ စစ်အာဏာရှင်နဲ့ အဆက်အသွယ်ရှိပြီး ရေတပ်သင်္ဘောက လူတွေနဲ့ ရင်းနှီးအပေးအယူ လုပ်ထားသူတွေကတော့ ငါးဖမ်းထွက်ခွင့် ရနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလူတွေဟာ ရေတပ်သင်္ဘောတွေကို စားနပ်ရိက္ခာ ပြန်လည်ထောက်ပို့ပေးရသလို တခါတရံ ရေတပ်ဘက်က အတင်းအကျပ် ခိုင်းစေလို့ မဖြစ်မနေ သွားပို့ရတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် မာန်အောင်ကျွန်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ ရံဖန်ရံခါ စစ်တပ်ထဲက လူတွေဟာ ကမ်းခြေတွေမှာ အရက်သေစာ သောက်စားပြီး ငါးဖမ်းအလုပ်လုပ်နေတဲ့ ပြည်သူတွေကို သေနတ်အားကိုးနဲ့ ခြိမ်းခြောက်စစ်ဆေးတာ၊ ရမ်းကားတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ ပင်လယ်ပြင် မထွက်ရတာကြောင့် ဒေသခံတချို့ဟာ ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ ဒေသအခေါ် ‘ကမ်းနားပိုက်’ လို့ခေါ်တဲ့ ပိုက်တွေနဲ့ ငါးဖမ်းပြီး ဝမ်းရေးဖြေရှင်းနေကြရပါတယ်။
အဲဒီကနေ ဖမ်းမိတဲ့ ငါး၊ ပုစွန်တွေကို တချို့က လိုက်ဝယ်ပြီး ရေခဲပုံးတွေနဲ့ ထည့်ကာ တလ တကြိမ်၊ ၂ ကြိမ် ထွက်တဲ့ ကုန်သင်္ဘောလမ်းကြောင်းတွေကနေ ရန်ကုန်ဘက်ကို တင်ပို့ရောင်းချကြပေမဲ့ အရင်ကလောက် ဈေးကောင်းမရကြဘူးလို့ ဆိုပါတယ်။
မာန်အောင်ဒေသထွက် ရေထွက်ကုန်တွေနဲ့ ပတ်သက်ပြီး ဒေသခံရေလုပ်သားတယောက်က “ပုစွန်ဆိုရင် ကုလားစွန် (ပုစွန်ကျား/ရေငန်ပုစွန်ကြီး) တို့၊ ကျောစိမ်းလို့ခေါ်တဲ့ အချောပုစွန်(ပုစွန်ဖြူ) တို့ ထွက်သလို ကျောက်ပုစွန်လည်း ရပါတယ်။ ငါးကတော့ ကျောက်ငါးကစလို့ ငါးမန်းအထိ အစုံပါပဲ။ ဒါပေမဲ့ ငါးမန်းကိုတော့ မဖမ်းရဘူးလို့ ရေလုပ်ငန်းဦးစီးဌာနက ပိတ်ပင်ထားတာ ၁၀ နှစ်ကျော်ခဲ့ပါပြီ။ ငါးအကြီးစားတွေထဲမှာဆိုရင် ငတောက်တူ၊ ငဂုန်း (ငါးကွမ်းရှပ်)၊ ငခင်းပါး (ငါးသလောက်)၊ ငဆတ်ဖာ၊ သင်းပေါင်းထိုး (ငါးမုတ်မျိုးနွယ်)၊ ငနီမ စသဖြင့် အစုံထွက်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ မာန်အောင်ကျွန်းကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး သာမန်လက်လုပ်လက်စား ဒေသခံတွေအတွက်တော့ စိန်ခေါ်မှုတွေ ဘက်ပေါင်းစုံက ရှိနေပေမဲ့ စစ်အာဏာရှင်တပ်နဲ့ ဆက်စပ်တဲ့သူတွေနဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေကတော့ အခွင့်အရေး ပိုရနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။











